၁။ ရေယုန်

နှုတ်ခမ်းနဲ့ပါးစပ်တစ်ဝိုက်ဖြစ်တတ်တဲ့ ရေယုန်ဟာ ရေယုန်ဗိုင်းရပ်စ်အမျိုးအစား (၁) ကြောင့် ဖြစ်ပွားပါတယ်။ ကျွမ်းကျင်သူတွေရဲ့အဆိုအရ ဒီရေယုန်မျိုးဟာ နှုတ်ခမ်းခြင်းနမ်းခြင်းမှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေထဲမှာ အဖြစ်အများဆုံးလို့ဆိုပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဒီဗိုင်းရပ်စ်ကူးစက်မှု ပိုပြီးခံရတယ်လို့ ဆိုပါတယ်။ နှုတ်ခမ်းနဲ့ပါးစပ်တစ်ဝိုက်အရေပြားမှာ အနာဖြစ်နေ ဒါမှမဟုတ် ကွဲအက်နေရင် ကူးစက်နိုင်ခြေပိုများ ပါတယ်။ မိမိနမ်းမယ့်သူမှာ ရေယုန်ရှိနေမနေကြည့်ပြီးမှ နမ်းခြင်းအားဖြင့် ဒီဗိုင်းရပ်စ် ကူးစက်မှုကနေရှောင်ရှား နိုင်မှာဖြစ်ပါတယ်။

၂။ သွားဖုံးရောင်ခြင်း

သွားဖုံးရောင်ယမ်းတာဟာ သွားဖုံးရောဂါတွေထဲကတစ်မျိုးဖြစ်ပါတယ်။ ဒီသွားဖုံးရောင်တာဟာ ဘက်တီးရီးယား တစ်မျိုးကြောင့်ဖြစ်နိုင်ပြီး ဒီဘက်တီးရီးယားဟာ နှုတ်ခမ်းခြင်းနမ်းတဲ့အချိန်မှာ တစ်ဦးကနေတစ်ဦး တံတွေးက နေတစ်ဆင့် ရောက်ရှိကူးစက်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ သွားဖုံးရောဂါ ဒါမှမဟုတ် သွားပိုးပေါက်ရှိနေသူ တစ်ဦးဦးနဲ့ နှုတ်ခမ်းချင်းနမ်းမိတဲ့အခါ သွားဖုံးရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ရောက်ရှိလာနိုင်ပြီး သွားဖုံးပြဿနာ ဖြစ်လာနိုင်ပါတယ်။ ခံတွင်းသန့်ရှင်းမှုကောင်းခြင်း (တနေ့ သွား ၂ ကြိမ်တိုက်ခြင်း၊ သွားကြား မညပ်အောင် ထိန်းသိမ်းခြင်း)တွေက သွားဖုံးရောဂါဖြစ်ခြင်းကနေ သက်သာစေနိုင်ပါတယ်။

၃။ Mononucleosis

ဒီရောဂါကို နှုတ်ခမ်းခြင်း နမ်းရှုံ့ခြင်းရောဂါလို့လဲ ခေါ်ကြပါတယ်။ Epstein-Barr ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွား တာဖြစ်ပါတယ်။ နှုတ်ခမ်းခြင်း နမ်းရှုံ့ခြင်းအပြင် ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ သွားတိုက်တံတွေ ပူးတွဲအသုံးပြု ခြင်း စတာတွေကနေလဲ ကူးစက်နိုင်ပါတယ်။ ကူးစက်ခံရသူဟာ တအားနုံးတာ၊ လည်ချောင်းနာတာ၊ ဖျားတာ၊ အစားအသောက်ပျက်တာ၊ ပြန်ရည်ကြိတ်ရောင်တာ စတဲ့လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ ပုံမှန်ဖျားနာတာ လောက်တော့ ကူးစက်မလွယ်ဘူးလို့ ယူဆကြပါတယ်။ အသက်ငယ်ရွယ်တဲ့သူတွေမှာဖြစ်တတ်ပြီး ၁၅ နှစ်နဲ့ ၃ဝ ကြားမှာ အဖြစ်များတယ်လို့ဆိုပါတယ်။ ကူးစက်မှုခံရပြီးရင် ဒီဗိုင်းရပ်စ်ဟာ အဲဒီသူရဲ့တံတွေးထဲမှာ လပေါင်းများ စွာ ရှိနေနိုင်ပါတယ်။ ဒီရောဂါကြောင့် ဖျားနေတဲ့သူတွေနဲ့ နှုတ်ခမ်းနမ်းမှု၊ အစားအသောက် တစ်ပန်းကန်ထဲ အတူစားမှုတွေကို အဖျားပျောက်ပြီး ရက်အတော်ကြာ ရှောင်သင့်ပါတယ်။

၄။ ဆစ်ဖလစ်

ဒီကာလသားရောဂါတစ်မျိုးဖြစ်တဲ့ ဆစ်ဖလစ်က နှုတ်ခမ်းနမ်းမှုကနေ ကူးစက်မှုဖြစ်နိုင်ပေမယ့် အဓိကအားဖြင့် တော့ လိင်ဆက်ဆံမှုကနေ ကူးစက်တာဖြစ်ပါတယ်။ ဆစ်ဖလစ်က ကူးစက်လွယ်တဲ့အတွက် နှုတ်ခမ်းနမ်းရာ ကနေကူးစက်ရင်တော့ ပါးစပ်တွင်းမှာ အနာတွေ့ရမှာဖြစ်ပါတယ်။ အနာတွေဟာ များသောအားဖြင့် အဝိုင်းပုံ ဖြစ်ပြီး ပွင့်နေတဲ့အနာမျိုးအဖြစ် တွေ့ရပါတယ်။ ဒါမှ ဘက်တီးရီးယားဟာ ကူးစက်လွယ်မှာဖြစ်ပါတယ်။ အနာ ပွင့်နေပြီး သွေးထွက်နေတယ်ဆိုရင် ရောဂါပိုးကူးစက်နိုင်ပြီဖြစ်ပါတယ်။ ကူးစက်ရောဂါ  ထိန်းသိမ်းကာကွယ်ရေး ဌာနရဲ့ အဆိုအရ အမေရိကန်မှာ ဆစ်ဖလစ်ရောဂါဖြစ်ပွားမှုဟာ မြင့်တက်လာနေပြီး ၂ဝ၁၄ ခုနှစ်ကနေ ၂ဝ၁၅ အတွင်းမှာ ဖြစ်ပွားမှုနှုန်းဟာ ၁၈ ရာခိုင်နှုန်းတိုးလာတယ်လို့ ဆိုပါတယ်။

ကိုအောင် (ဆေး – ၁)

Health Care