ဆူးပန်းပင်သည် Compositae မျိုးရင်း (နေကြာမျိုးရင်း)တွင် ပါဝင်ပြီး ရုက္ခဗေဒအမည်အားဖြင့် Carthamus tinctrius linn ဟု ခေါ်သည်။ အပင်မှာ ပင်ပျော့မျိုး ဖြစ်ပြီး ၃ ပေခန့်အထိမြင့်သည်။ ပင်စည်မှာ ထောင်မတ်၍ ပြောင်ချောသော်လည်း ဆူးများရှိသည်။ အရွက်မှာ လှံသွားပုံရှိပြီး ရှည်လျားသည်။ ရွက်ထိပ်ချွန်ပြီး ရွက်ရင်း သွယ်သည်။ ရွက်နားများတွင် သေးငယ်သောဆူးများပါသည်။ ခွေးသွားစိပ်များရှိသည်။ ပန်းပွင့်များ စုံ ပြုံ၍ပွင့်သည်။ အပွင့်သေးငယ်ပြီး လိမ္မော်ရောင်သန်းသော အနီရောင် ရှိသည်။ တချို့မှာ အဝါရောင်သမ်းသည်။ အရွက်နှင့်တူသည့် ပွင့်ခံရွက်များဝန်းရံထားသည်။ ဆူးရှိ၊ ဆူးမဲ့ဟူ၍ နှစ်မျိုးရှိသည်။ အသီးမှာ လေးမြှောင့်ပုံရှိပြီး သေးငယ်သည်။ ဘေးမြစ်များ သေးငယ်ပြီး ရေသောက်မြစ်မှာ တုတ်ခိုင်သည်။ မြန်မာနိုင်ငံတွင် ဟင်းလျာအတွက် စိုက်ပျိုးကြသည်။

ဆေးဖက်ဝင်သော အစိတ်အပိုင်းများမှာ အရွက်၊ အပွင့်၊ အမြစ်၊ အစေ့တို့ဖြစ်သည်။ မြန်မာဆေး ကျမ်းများအလိုအရ အစေ့သည် ချိုအေး၏။ လေသလိပ်ကို ကင်းဝေးစေသည်။ ကာမကို အားပေး ၏။ ခွန်အားကို ဖြစ်စေသည်။ အရွက်သည် ပူ၏။ ခါး၏။ ဝမ်းကို သက်စေ၏။ ဝမ်းမီးကိုတောက်စေ၏။ သည်းခြေကို ဖြစ်စေ၏။ မျက်စိကို အကျိုးပြု၏။ သလိပ်ကိုပယ်၏။

အရွက်ကို ချဉ်ရည်ဟင်းချက်စားခြင်းဖြင့် ဆီးကိုရွှင်စေပြီး ခွန်အားကို တိုးပွားစေ၏။ အပွင့်ကို ကြိတ်၍ရသော သတ္တုရည်ကိုသောက်ပါက မြွေဆိပ်၊ ကင်းဆိပ်ကိုပြယ်စေ၏။ အပွင့်ကို အခြောက်လှန်းပြီး အမှုန့်ပြုကာ စားသုံးပါက အသားဝါရောဂါကို ပျောက်စေ၏။

အပွင့်ကိုကြိတ်၍ သကြားနှင့် သင့်ရုံရောသောက်ပါက လိပ်ခေါင်းနှင့်ကျောက်တည်ရောဂါကို ပျောက်စေ၏။ အပွင့်ပြုတ်ရည်ကို နှာရောင်၊ ကြွက်သားရောင်ခြင်း၊ အဆစ်နာခြင်းတို့အတွက် သုံးနိုင်သည်။ အပွင့်ကို ဒန်းကြီးရွက်နှင့် ရောကြိတ်ပြီး ခြေ၊ လက်ဖဝါးတို့၌ လိမ်းပေးလျှင် ကျောက်ရောဂါ ပျောက်၏။

ဆူးပန်းစေ့နှင့် ဆူးဖြူခေါက်တို့ကို အညီအမျှစီယူ၍ မီးရှို့ပြာချ ပြီးနောက် ယင်းပြာကို စံပယ်ဆီနှင့်ရော၍ ဆံပင်၌လိမ်းပေးလျှင် ဆံပင်များ နူးညံ့ပျော့ပြောင်း၍ ဆံပင် အလွန်ကောင်းလာသည်ကို တွေ့ရသည်။ အစေ့ကို အမှုန့်ပြုလုပ်၍ နွားနို့နှင့် ရောစပ်သောက်ပါက အရူးရောဂါ၊ လေဖောက်ပြန်သောရောဂါနှင့် ယားနာများကို ပျောက်ကင်းစေသည်။

သမားတော်ကြီး ဒေါက်တာသက်ဆွေ (ရှေ့ဆောင်တင်ဆွေ)

Health Care