ပန်းနာရင်ကျပ်ရောဂါဟာ ကလေးဘဝကတည်းက စတင်ဖြစ်ပွားလာတာများတယ်လို့ သိရပါတယ်။ သည်ရောဂါကြောင့် မသေသင့်ဘဲ သေသွားတဲ့လူနာများစွာရှိနေပါတယ်။ ဒါကြောင့် ပန်းနာရင်ကျပ်ရောဂါကို သတိပြုဖို့လိုပါတယ်။

ပန်းနာရင်ကျပ်ရောဂါဆိုတာ

ပန်းနာရင်ကျပ်ရောဂါဆိုသည်မှာ အသက်ရှူလမ်းကြောင်း ရောင်ယမ်းနေခြင်းကြောင့် အဆုတ်မှဝင်လေ၊ ထွက်လေ ကန့်သတ်မှုရှိတဲ့ရောဂါဖြစ်ပါတယ်။ နာတာရှည်ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါကို အရှင်းပျောက် ကင်းစေနိုင်တဲ့ဆေးမရှိပေမယ့် ပုံမှန်အတိုင်း ကျန်းမာတဲ့ဘဝတစ်ခုဖြစ်အောင် ပြုမူနေထိုင်ကုသလို့ရပါတယ်။

ပန်းနာရင်ကျပ်ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းတွေ

ပန်းနာရင်ကျပ်ရောဂါဖြစ်စေတဲ့အကြောင်းအရင်းတွေ များစွာရှိပါတယ်။ ဖုန်မှုန့်၊ တိရစ္ဆာန်အမွေး၊ ပိုးဟပ်၊ ဖုန်မှုန့်စတဲ့ ဓာတ်မတည့်မှုဖြစ်စေတဲ့အရာတွေလည်း ပါပါတယ်။ စီးကရက်အငွေ့၊ လေထုညစ်ညမ်းခြင်း၊ ဓာတုပစ္စည်းတွေ၊ ဖုန်မှုန့်နဲ့ ဖျန်းဆေးတွေ စတဲ့အနေရခက်စေတဲ့အရာတွေဟာလည်း ပန်းနာရင်ကျပ်ရောဂါကိုဖြစ်စေပါတယ်။ အက်စပရင်၊ စတီးရွိုက် မပါတဲ့ အခြားအရောင်ကျဆေးနဲ့ အချို့သော သွေးကျဆေးတွေ ပါဝင်ပါတယ်။ ဆာလ်ဖိုက်တွေပါတဲ့ အစားအသောက်တွေ၊ အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ကူးစက်တဲ့ရောဂါတွေနဲ့ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကြောင့်လဲ ပန်းနာ ရင်ကျပ်ရောဂါဖြစ်စေနိုင်ပါတယ်။

ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်ခြေများစေတဲ့အချက်တွေ

မိသားစုရာဇဝင်ရှိခြင်း၊ ဓာတ်မတည့်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ လေထုညစ်ညမ်းခြင်း၊ အဝလွန်ကဲခြင်း၊ အလုပ်ခွင်မှာ ပန်းနာရင်ကျပ်ရောဂါဖြစ်စေတဲ့အရာတွေနဲ့ထိတွေ့ခြင်း၊ ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတချို့နဲ့ ထိတွေ့မိခြင်းနဲ့ မျိုးရိုး ဗီဇဆိုင်ရာ အကြောင်းအရင်းတွေကြောင့် ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်ခြေ များစေပါတယ်။

ပန်းနာရင်ကျပ်ရောဂါလက္ခဏာတွေက

ချောင်းဆိုးတာရှည်ခြင်း၊ အသက်ရှူသံ တရွှီရွှီမြည်ခြင်း၊ အသက်ရှူမဝခြင်းနဲ့ ရင်ဘတ်အောင့်လာတဲ့အထိ ရင်ကျပ်ခြင်းတွေ ဟာ ပန်းနာရင်ကျပ်ရောဂါလက္ခဏာတွေဖြစ်ပါတယ်။ အဲဒီလက္ခဏာတွေ ကြုံတွေ့ခံစားလာရရင် ဆရာဝန်နဲ့အမြန်ဆုံး ပြသရပါမယ်။

ပန်းနာရင်ကျပ်ရောဂါဟာ ဘယ်သူတွေမှာ အဖြစ်များလဲ

ပန်းနာရင်ကျပ်ရောဂါကို အဓိကအားဖြင့် ကလေးရင်ကျပ်ရောဂါနဲ့ လူကြီးရင်ကျပ်ရောဂါရယ်လို့ (၂)ပိုင်းခွဲထားပါတယ်။ ကလေးရင်ကျပ်ရောဂါကို (Childhood Asthma) လို့ ခေါ်ဆိုပါတယ်။ ရင်ကျပ်ရောဂါတွေဟာ မွေးစကတည်းကစပြီး ဖြစ်လာပါတယ်။ ကုသနည်းကတော့ (၅)နှစ်အောက်ကလေးမှာတစ်မျိုး၊ (၅)နှစ်ကနေ (၁၂) နှစ်မှာတစ်မျိုး၊ (၁၂)နှစ်ကျော် သွားရင်တစ်မျိုးဆိုပြီး အနည်းငယ်ကွဲလွဲမှုရှိပါတယ်။ လူကြီးပန်းနာရင်ကျပ်ရောဂါဆိုတာ လူကြီးဘဝရောက်တဲ့အချိန် (အသက် ၅၀၊ ၆၀ လောက်)ကျမှ ပန်းနာရင်ကျပ်ရောဂါစဖြစ်တာမျိုးကို ခေါ်ပါတယ်။

ပန်းနာရင်ကျပ်ရောဂါကို ဘယ်လိုကုသလဲ

ပန်းနာရင်ကျပ်ရောဂါကို ကုသပျောက်ကင်းစေတဲ့နည်းလမ်းမရှိသေးပါဘူး။ ဒါပေမယ့် ဆေးသောက်ခြင်း၊ လူ့ဘဝ နေထိုင်မှု ပုံစံ ပြောင်းလဲခြင်းတွေနဲ့ ရောဂါလက္ခဏာတွေကို လျော့နည်းသွားအောင် ပြုပြင်ကုသနိုင်ပါတယ်။ နေ့စဉ်အသုံးများတဲ့ ဆေးဝါးတချို့နဲ့ အမြန်သက်သာစေတဲ့ဆေးတွေကို ဆရာဝန်တွေက ညွှန်ကြားပါလိမ့်မယ်။ ရှူဆေးတွေကိုလည်း အသုံးပြု နိုင်ပါတယ်။

ပန်းနာရင်ကျပ်လူနာတိုင်း လိုက်နာရမယ့်အချက်တွေ

ပန်းနာရင်ကျပ်လူနာတိုင်း ခြင်ဆေးနဲ့အမွှေးတိုင်လို စူးရှတဲ့အနံ့တွေကို ရှောင်ရပါမယ်။ ဖုန်နဲ့အမှုန်အမွှားတွေကို ရှောင်ရပါ မယ်။ မိမိအတွက် ရင်ကျပ်စေတဲ့ အစားအသောက်တွေကို ရှောင်ရပါမယ်။ အပူအအေးမျှတအောင် နေထိုင်ရပါမယ်။ ဖျားနာ ကင်းအောင်နေပေးရပါမယ်။ တုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်ထိုးနှံရပါမယ်။ မိခင်လောင်းတွေ ကိုယ်ဝန်မဆောင်မီ ကတည်းက ရင်ကျပ်ရောဂါကို သေချာစွာကုသထားရပါမယ်။ ကိုယ်ဝန်ဆောင်စဉ်နဲ့ မွေးဖွားပြီးချိန်မှာလည်း ရင်ကျပ်ရောဂါ ကို သေချာစွာ ဆက်လက်ကုသရပါမယ်။

အိမ်မွေးတိရစ္ဆာန်တွေက ပန်းနာရင်ကျပ်ရောဂါကို ဘယ်လိုဆိုးဝါးစေသလဲ

အိမ်မွေးတိရစ္ဆာန်တွေရဲ့ အမွေးအမျှင်နဲ့ အနံ့အသက်တွေက ရောဂါအပေါ် သက်ရောက်နိုင်ပါတယ်။ တချို့ဆိုရင် ကြောင်တွေကို အိပ်ရာထဲ ထည့်သိပ်တတ်ကြပါတယ်။ ခွေးတွေနဲ့ရောပြီး ကြမ်းပြင်တစ်ခုတည်းမှာနေထိုင်တဲ့သူတွေလည်း ရှိပါတယ်။ ဒီအလေ့အထတွေက သာမန်လူတွေမှာမသိသာပေမယ့် ပန်းနာရင်ကျပ်ရှိနေတဲ့သူတွေမှာ ရောဂါပိုမိုဆိုးရွားစေ နိုင်ပါတယ်။ ဒါကြောင့် အိမ်မွေးတိရစ္ဆာန်တွေမထားရှိရင် ပိုသင့်တော်ပါတယ်။

ဆေးလိပ်သောက်ခြင်းကလည်း ပန်းနာရင်ကျပ်ကို ပိုဆိုးစေနိုင်သလား

လေပြွန်ထဲကို ဆေးလိပ်ငွေ့ရောက်သွားရင် လေပြွန်ရောင်တာ၊ လေပြွန်ထဲမှာရှိတဲ့ ဆဲလ်လေးတွေ ထိခိုက်တာတွေ ဖြစ်စေ ပါတယ်။ အချွဲတွေကိုလည်းပိုများစေတာကြောင့် ရင်ကျပ်ရောဂါ ပိုပြီးဆိုးရွားနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်ရင် ပန်းနာရင်ကျပ်ဆေးတွေရဲ့အာနိသင်ကိုလဲ လျော့နည်းစေပါတယ်။

ပန်းနာရင်ကျပ်ရောဂါနဲ့ပတ်သက်ပြီး အကြံပြုချက်…

ပန်းနာရင်ကျပ်ရောဂါဟာ တစ်သက်လုံးမပျောက်တဲ့ရောဂါဆိုတာမှန်ပေမယ့် ဝဋ်နာ၊ ကံနာရောဂါတော့ မဟုတ်ပါဘူး။ နောက်ပြီး ရောဂါရှိသူနဲ့ထိတွေ့ရုံနဲ့ကူးစက်တတ်တဲ့ရောဂါလဲ မဟုတ်ပါဘူး။ ရောဂါကိုစနစ်တကျကုသမယ်ဆိုရင် လူကောင်းတစ်ဦးလို နေထိုင်နိုင်ပါတယ်။ ဒါကြောင့် ပန်းနာရင်ကျပ်ရောဂါကို ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေနဲ့ပြသပြီး ခေတ်မီကုထုံးများနဲ့ကုသသင့်ကြောင်း အကြံပြုပြောကြားလိုပါတယ်။

ဒေါက်တာမြင့်သန်းထွန်း

Health Care