သွားအခြေလေးတွေကို သတိထားကြည့်မိရင် ခပ်ဝါဝါဂျိုးလေးတွေ ကပ်နေတတ်ကြတယ်။ လူတချို့တွေက “သွားဂျိုး”လို့ခေါ်ပြီး တချို့ကတော့ “သွားကျောက်”လို့ သုံးနှုန်းကြပါတယ်။ သွားဂျိုးလေးတွေက ဘာနဲ့တူသလဲဆိုတော့ ရေနွေးကရားအိုးအခြေမှာကပ်နေတဲ့ ရေဂျိုးတွေနဲ့ တူပါတယ်။ တခါတလေများ သွားဂျိုးတွေ သူ့အလိုလိုကွာသွားရင် ပါးစပ်ထဲမှာ သွားတွေပဲ့သွားပြီလို့ အထင်မှားတတ်ကြပါတယ်။ ပဲ့သွားတဲ့နေရာကို လျှာနဲ့စမ်းကြည့်ရင်လည်း ကြမ်းရှရှနဲ့ဖြစ်နေတတ်တာကိုး။

သွားဂျိုးတွေအများကြီး ပါးစပ်ထဲရှိနေရင် အဲ့ဒီလူရဲ့ ခံတွင်းသန့်ရှင်းရေးဟာ ညံ့ပါတယ်လို့ ပြောနေသလိုပါပဲ။ တချို့လူတွေကျလည်း ခံတွင်းသန့်ရှင်းရေး သေသေချာချာလုပ်ပေမယ့် စနစ်မကျတာကြောင့် ဒီသွားဂျိုးတွေဟာ ပါးစပ်ထဲမှာ ရှိနေပြန်ရောဗျ။ ခံတွင်းသန့်ရှင်းရေး ကောင်းလွန်းပါတယ်ဆိုတဲ့ လူတွေမှာတောင် သွားတစ်ချောင်းစ၊ နှစ်ချောင်းစမှာ သွားဂျိုးတွေကို တွေ့ရတတ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲ သွားဂျိုးတွေဟာ ပါးစပ်ထဲရှိနေသည်ဖြစ်စေ ဒီအချက်ဟာ ခံတွင်းကျန်းမာရေး အတွက်သာမက ခန္ဓာကိုယ်တစ်ခုလုံးအတွက် မကောင်းတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။

ကျွန်တော်ကတော့ ဒီလို သွားဂျိုးတွေအများကြီး ရှိနေတဲ့ လူနာတွေကို စနောက်လေ့ရှိတယ် “ပါးစပ်ထဲ ကျောက်အောင်နေတာပဲ ကျောက်စိမ်းဖြစ်ရင်ကောင်းမယ်”ဆိုပြီးတော့လေ။

ဒါဆိုရင် သွားဂျိုးတွေက ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို ဘယ်လိုတွေ အနှောက်အယှက်ပေးမလဲဆိုတာ ဆက်ပြောပြပါမယ်။

(၁) ခံတွင်းနံ့နှင့်အလှအပထိခိုက်စေခြင်း။

သွားတွေမှာ သွားဂျိုးတွေကပ်နေတာက ကျွန်တော်တို့ရဲ့အလှအပကိုလည်း များစွာ ထိခိုက်စေပါတယ်။ သွားဂျိုးတွေဟာ ကျွန်တော်တို့ရဲ့ သွားဖုံးတွေကိုလည်း ရောင်ယမ်းစေနိုင်ပြီး သွားဖုံးကနေ သွေးထွက်စေပါတယ်။ သွားဖုံးတွေ ရောင်နေတာကြောင့် ခံတွင်းနံ့ကိုလည်း ဆိုးရွားစေပါတယ်။

သွားဂျိုးတွေကြောင့် မလှတာအပြင် ခံတွင်းနံ့လည်း ဆိုးရွားတာကြောင့် ကျွန်တော်တို့ရဲ့ Personality  (ကိုယ်ရည်ကိုယ်သွေး) ကိုလည်း များစွာထိခိုက်နိုင်ပါတယ်။

ဥပမာ – ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေမှာ အလုပ်လျှောက်မယ်ဆိုရင်လည်း သွားဂျိုးတွေနဲ့လည်းဖြစ်သေး ခံတွင်းနံ့ ကလည်းဆိုးသေးဆိုရင်တော့ အလုပ်မရဖို့များပါတယ်။ ခုခေတ်လူငယ်တွေ တော်တော်များများကို  “ဘယ်လိုလူတွေကို ချစ်သူအဖြစ် ရွေးချင်သလဲ”လို့ မေးခွန်းမေးကြည့်တဲ့အခါ “သွားသန့်သန့်ရှင်းရှင်းလေးတွေရှိတဲ့သူ” ဆိုတဲ့ အဖြေတွေ အများဆုံး ဖြေကြပါတယ်။

(၂) သွားနှင့်ခံတွင်း ရောဂါများ ဖြစ်နိုင်ခြေများခြင်း။

ကျွန်တော်က ထပ်ဆောင်းပြီး ပြောပြချင်တာက သွားဂျိုးတွေရှိနေရင် ကျွန်တော်တို့ရဲ့ အစားအကြွင်း အကျန်တွေဖြစ်တဲ့ သွားချေးတွေဟာလည်း သွားတွေမှာ ပိုကပ်နေကြတယ်။ သွားချေးတွေမှာ ဘက်တီးရီးယားတွေ များစွာပေါက်ဖွားပါဝင်နေတာကြောင့် သွားချေးတွေဟာ ခံတွင်းထဲမှာ အချိန်အတိုင်းအတာ တစ်ခုကြာတဲ့အခါ သွားဖုံးရောဂါနဲ့ သွားပိုးစားတာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။

သွားဂျိုးတွေနဲ့ သွားချေးလွှာတွေဟာ သွားဖုံးတွေကိုလည်း အောက်ကို နိမ့်ကျစေနိုင်ပြီး ရေစီးကမ်းပြိုရောဂါ ဖြစ်ပွားနှုန်းကိုလည်း မြင့်တက်လာစေမှာပါ။

ရေစီးကမ်းပြိုရောဂါဖြစ်ရင် အားလုံးသိကြတဲ့အတိုင်း သွားတွေ အချောင်းလိုက် ကျွတ်ထွက်ကုန်မှာ အသေအချာပဲဗျ။

ဒါဟာ သွားဂျိုးတွေရှိနေရင် သွားခိုင်တယ်လို့ ထင်နေတဲ့သူများ သတိပြုရမယ့် အချက်တစ်ခုဖြစ်ပါတယ်။

(၃) တခြားသော ရောဂါတွေလည်းဖြစ်ဖို့ အခွင့်အလမ်း များလာပါတယ်။

သွားဂျိုးတွေ ပါးစပ်ထဲမှာရှိပြီး သွားချေးတွေကလည်း အမြဲတမ်း ကပ်နေမယ်ဆိုရင်တော့ သွားဖုံးရောင်တာကို ဆိုးဆိုးရွားရွားဖြစ်လာ စေတတ်ပါတယ်။ သွားဖုံးရောင်တာဟာ ကျွန်တော်တို့ရဲ့သွေးကြောမှတဆင့် ပျံ့နှံ့ယိုစိမ့်နိုင်ပြီး တခြားသော ခန္ဓာအစိတ်အပိုင်းတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် နှလုံးရဲ့ အဓိကသွေးကြောများကိုပါ ရောင်ယမ်းစေနိုင်ပြီး နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

အရိုးအဆစ်အမြစ်များ ရောင်ခြင်းနှင့် ဆီးချိုရောဂါ ဖြစ်နိုင်ခြေတွေလည်း ပိုများလာစေပါတယ်။

ကိုယ်ဝန်ဆောင် မိခင်တွေမှာဆိုရင် လမစေ့ပဲ ကလေးမွေးနိုင်ခြေ မြင့်တက်စေပါတယ်။ သွားဂျိုးတွေ သွားကျောက်တွေဟာ သွားတွေနဲ့ သွားဖုံးကြားတွေမှာ မြဲမြံကျပ်နေတာမို့ ဘယ်လိုသွားတိုက်ဆေးနဲ့တိုက်တိုက် မပြောင်တော့ပါဘူး။ မိမိရဲ့ပါးစပ်ထဲမှာ သွားဂျိုးတွေ ရှိနေတာကို သတိထားမိတဲ့အခါ သွားဘက်ဆိုင်ရာ ဆရာဝန်ကတွေပဲ ဖယ်ရှားရှင်းလင်း နိုင်တာကြောင့် မိမိပြနေကျ သွားဘက်ဆိုင်ရာ ဆရာဝန် (သို့မဟုတ်) နီးစပ်ရာ သွားနှင့်ခံတွင်း ဆေးခန်းတိုင်းမှာ သွားဂျိုးသွားကျောက်တွေကို သန့်ရှင်းလို့ရပါတယ်လို့ အကြံပြုလိုက်ပါတယ်။

သတိပြုရမယ့် နောက်ထပ်အချက်တစ်ခုက သွားဂျိုး သွားကျောက်တွေကို အိမ်မှာ ချွန်ထက်တဲ့ သံချွန်များ၊ ကျောက်လှည့်များ၊ သွားကြားထိုးတံများဖြင့် ထိုးဆွ မဖယ်ကြဖို့လည်း မှာချင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သွားဂျိုးတွေ မစင်တာအပြင် သွားဖုံးနဲ့ သွားတွေကိုလည်း များစွာ ထိခိုက်ပျက်စီးစေမှာ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့ ပါးစပ်ထဲမှာ ဒီလိုသွားဂျိုးတွေကို ဘယ်လိုအကြောင်းမျိုးနဲ့မှ အချိန်ကြာကြာ မထားသင့်ဘူးဆိုတာ ဗဟုသုတရမယ်လို့ ထင်ပါတယ်။ ချစ်ခြင်းဖြင့်သာ မျှဝေပါသည်။

ဒေါက်တာ မျိုးမြင့်အောင် (သွားနှင့်ခံတွင်းဆရာဝန်)