ကျွန်တော်တို့နိုင်ငံခေတ်မမီ သေးချိန် ဆိုရှယ်လစ်ခေတ်က ချည်ထည်အဝတ်အစားတွေ ဝတ်ရ တယ်။ သီးနှံတွေကလည်း သဘာဝ အတိုင်း သေးသေးလေးတွေ။ အဲဒီ တုန်းကနိုင်ငံခြားကလူတွေက နိုင် လွန်အသားနဲ့ အဝတ်အစားတွေ ဝတ်၊ သီးနှံတွေကလဲ ဖွံဖွံ့ထွားထွားတွေ စားသုံးတာကိုကြည့်ပြီး အားကျခဲ့ကြရတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ မြန်မာပြည်ကို လာလည်တဲ့နိုင်ငံခြားသားတွေက မြန်မာတွေ ချည်ထည်စစ်စစ်ဝတ် စားတာကို ပြန်ပြီး အားကျနေကြပြန်ရော။

သူတို့ဆီမှာ ချည်က အရမ်းရှားပြီး ဈေးကြီးလို့ နိုင်လွန်သား နဲ့ရောပြီးယက်တဲ့ အထည်တွေဝတ်ရတာတဲ့။ ဒါပေမယ့် ကျွန်တော်တို့ ကိုရွှေမြန်မာတွေကလဲ သူတို့လိုနိုင် လွန်သားလေးတွေကို အားကျခဲ့တာပဲ။ ကိုယ့်ဆီကထွက်တဲ့ ချင်းတောင်ပန်းသီးဆိုသေးတယ်။ သူတို့ဆီက ပန်းသီးကြီးတွေက ကြီးတယ်ဆိုပြီးလဲ အားကျခဲ့တာပဲ။ ယုတ်စွအဆုံး မြန်မာသံပရာသီးက သေးသေးလေး၊ ယိုးဒယား သံပရာသီးက အကြီးကြီးဆိုပြီး သဘောကျခဲ့တာပဲ။

တကယ်တော့  အဲ့လိုကြီးထွားအောင် မျိုးရိုးဗီဇပြုပြင်ပြောင်းလဲမှုတွေလုပ်၊ ပိုးသတ်ဆေးတွေသုံး၊ ဓာတ်မြေသြဇာတွေကျွေးပြီး လုပ်ထားကြတာလေ။ အခု မြန်မာနိုင်ငံမှာလည်း ဓာတ်မြေသြဇာတွေ ပိုး သတ်ဆေးတွေလိုက်သုံးပြီး သူတို့ဆီကလို အသီးကြီးကြီး ပိုးထိုး လောက်ကိုက်ကင်းတာတွေ ဖန်တီးနေနိုင်ပါပြီ။ ဒါပေမယ့် သူတို့ဆီကလို ပိုးသတ်ဆေးဥပဒေတွေကိုရော သေသေချာချာ လိုက်နာကြပါရဲ့လား။

သီးနှံတစ်ခုကို ပိုးသတ်ဆေးသော်လည်းကောင်း ဓာတ်မြေသြဇာ သော်လည်းကောင်း ကျွေးပြီးရင် အနည်းဆုံး နှစ်ပတ်နေမှ ဈေးကွက်ထဲပို့ရမှာတွေကိုရော တိတိကျကျ လိုက်နာကြပါရဲ့လား။ ဈေးကွက်ကိုရော ဝင်ရောက်စစ်ဆေးမှုတွေ ရှိပါရဲ့လား။ ဒီလိုတွေမရှိတော့ ကျွန်တော်တို့ဟာ နိစ္စဒူဝဓါတုပစ္စည်းမကင်းတဲ့ အစားအသောက်တွေ ကို စားသုံးနေရသူတွေ ဖြစ်နေပါတယ်။ မိမိရဲ့ခန္ဓာကိုယ်ထဲကို မိမိ မသိဘဲ အစားအသောက်ကတစ် ဆင့် ဓါတုပစ္စည်းတွေ ဝင်ရောက်တာ ခံနေရပါတယ်။

အဲလိုပါပဲ။ ပိုးသတ်ဆေးတွေ၊ ဓါတ်မြေသြဇာတွေ ရောင်းချနေသူတွေဟာ မိသားစုလိုက်ချီပြီး ဒီဓါ တုပစ္စည်းတွေရဲ့နောက်ဆက်တွဲ ဆိုးကျိုးကို ခံစားနေရပါတယ်။ နယ်မြို့တွေမှာ လူကအပေါ်ထပ်မှာနေ၊ အောက်ထပ်မှာ ဒီပိုးသတ်ဆေးတွေ၊ ဓါတ်မြေသြဇာတွေသိုလှောင်ရင်း ဒီအနံ့တွေ ရှူရှိုက်မိရာက ကင်ဆာရောဂါဖြစ်ပြီး ဆုံးပါးသူတွေ များလာပါပြီ။ ကားနဲ့နယ်ဘက်ကို ခရီးသွားရင် ချောင်းဦးတို့ မုံရွာ ဘက်တို့မှာ မြို့ထဲ ကားဖြတ်မောင်းတာနဲ့ စိမ်းရွှေရွှေပိုးသတ်ဆေးနံ့တွေ ဓာတ်မြေသြဇာနံ့တွေဟာ ကားပေါ်က ခဏဖြတ်သွားတဲ့သူတောင် ခေါင်းမူးစေပါတယ်။ နေ့ စဉ် ရှူနေရတဲ့သူတွေအတွက်တော့ တွေးသာကြည့်ကြပါတော့။ နှစ်ပေါင်းများစွာရှူရှိုက်ရသူတွေဟာ နောက်ဆုံးတော့ ကင်ဆာရောဂါ အမျိုးမျိုး၊ အထူးသဖြင့် သွေးကင်ဆာလိုရောဂါတွေနဲ့ ဆုံးပါးကုန်ကြ တော့တာပါပဲ။

သီးနှံစိုက်ခင်းမှာသုံးတဲ့ ပိုးသတ်ဆေးတင်မကပါဘူး။ အိမ်မှာ ပိုးမွှားသေအောင် ပြေးအောင်သုံး တဲ့ ပိုးသတ်ဆေးတွေမှာလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ခွင့် ပြုထားတဲ့ ပမာဏထက် အများကြီး သုံးထားတဲ့ဆေးတွေကို အိမ်နီးချင်းတရုတ်နိုင်ငံက တင်သွင်းသုံးစွဲရင်း အသက်ဆုံးပါးရတာတွေရှိ သလို ပြည်တွင်းထုတ်ခြင်ဆေးတစ်မျိုးဆိုရင် ထိုင်းနိုင်ငံကစစ်ဆေးပြီးပါဝင်တဲ့ ဓါတုပစ္စည်းတွေဟာ အန္တရာယ်ကင်းရှင်းရေးအဆင့်ထက် အများကြီးကျော်နေလို့ဆိုပြီး ရောင်းချခွင့်ပိတ်ပင်လိုက်တဲ့အထိ တောင် ဖြစ်ပါတယ်။

နောက်တစ်ခုက ကိုယ့်ဆီက မထုတ်ဘဲ ပြည်ပကနေသွင်းတဲ့ မုန့်ပဲ သရေစာတွေမှာလည်း အရသာ ကောင်းအောင်၊ အရောင်လှအောင် ဓါတုပစ္စည်းတွေအများကြီးသုံးပြီး ထုတ်လုပ်တင်သွင်းတာကို ကျွန် တော်တို့ကလေးတွေ စားနေကြရတယ်။ ကျွန်တော်တို့ငယ်ငယ်က ဘိန်းမုန့်၊ ထန်းလျက်ချောင်း၊ အကြော်စုံသာ ကျောင်းဈေးမှာရောင်းကြပေမယ့် အခုခေတ် ကျောင်းဈေး မှာ အကင်တွေ၊ ရယ်ဒီမိတ်အစား အသောက်တွေ ရောင်းနေကြပါတယ်။ ဒီအစားအသောက်တွေထဲမှာ ပါဝင်တဲ့၊ သုံးစွဲထားတဲ့ ဓာတုပစ္စည်းတွေရဲ့ပမာဏကို ဘယ်သူ မှမသိကြပါဘူး။ ကလေးတွေဟာ ဒီအစားအသောက်တွေကို နေ့စဉ် စားနေကြရပါတယ်။ ဒီတော့ ငယ် ရွယ်စဉ်ဘဝကတည်းက သူတို့ခန္ဓာကိုယ်ထဲကို ဓာတုပစ္စည်းတွေ အတိုင်းအဆမရှိ ဝင်ရောက်တဲ့ဒဏ်ကို ခံစားနေကြရတော့တာပေါ့။

ဒီအစားအသောက်တွေ၊ ပိုး သတ်ဆေးတွေ၊ ဓာတ်မြေသြဇာ တွေမှာပါတဲ့ ဓါတုပစ္စည်းတွေနဲ့ တင်ပြီးပြီလားဆိုတော့ မပြီးသေးပါဘူး။ အလွန်လှချင်တဲ့ ကျွန်တော်တို့ မြန်မာမိန်းကလေးတွေဟာ မာကျူရီ လို့ခေါ်တဲ့ ပြဒါးဓါတ်တွေ အလွန်အကျွံပါဝင်တဲ့ အလှကုန်တွေဒဏ်ကို ခံနေရပါသေးတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ တံငါရွာလေးကထုတ်ပြီး မြန်မာနိုင်ငံမှာ မျိုးဆက်သုံးဆက်လောက်အထိ နှစ်သက်သုံးစွဲနေတဲ့ မျက်နှာချေလိမ်းဆေးဆိုရင် ပြဒါးဓာတ်တွေ အလွန်အကျွံပါဝင်နေသလို သူ့နိုင်ငံကလူတွေက အဲဒီတံဆိပ်ကို သုံးဖို့နေနေသာသာ ကြားတောင်မကြားဖူးကြပါဘူး။

ဒီလိုပဲ Made in Japan ဆိုပြီး တရုတ်နဲ့ ထိုင်းနိုင်ငံကထုတ်တဲ့ အလှကုန်တွေမှာ ပြဒါးတွေ အလွန်အကျွံပါဝင်နေတာတွေ့လို့ အစားအသောက်နဲ့ ဆေးဝါးဦးစီးဌာနက မကြာခဏ စစ်ဆေးပိတ်ပင်နေရပါတယ်။ ပြဒါးရဲ့သဘောက တိုက်စားတတ်လို့ ပြဒါးပါတဲ့မျက်နှာချေ အလှကုန်တွေဟာ လိမ်းလိုက်ရင် အသားအရေကို ဝင်းပလာစေပေမယ့် ရေရှည်မှာတော့ ကင်ဆာရောဂါနဲ့ လမ်းဆုံးသွားတာပါပဲ။ ဒီနေ့ ခေတ်အခါမှာ မြန်မာနိုင်ငံအတွင်း နည်းမျိုးစုံနဲ့ တင်သွင်းရောင်းချ နေတဲ့ အလှကုန်မျက်နှာချေ မိတ်ကပ်တွေမှာ အဲလိုပေါချောင်ကောင်း ထုတ်ပြီး ဈေးသက်သက်သာသာနဲ့ ရောင်းချနေတဲ့ မိတ်ကပ်တွေ အလှကုန်တွေ အများကြီးပါ။ အထူးသဖြင့် ဗဟုသုတမကြွယ်ဝတဲ့ တော သူတောင်သားတွေကို ရောင်းချပြီး စီးပွားဖြစ်နေကြပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးလည်း ကျန်းမာရေး ဌာနများက အသိပညာပေးစေ လိုပါတယ်။

နောက်ဆုံးမတော့ ကျွန်တော် တို့ မြန်မာလူမျိုးတွေဟာ နေထိုင်ရာမှာ၊ စားသောက်ရာမှာ၊ အလှ အပပြင်ဆင်ရာမှာ အန္တရာယ်မကင်းတဲ့ ဓာတုဆေးတွေရဲ့ လက်ချက်မိ နေပြီး မြန်မာလူမျိုးတွေဟာ ဓာတု လူသားတွေဘဝရောက်နေကြပြီ ဆိုတာ သတိပေးလိုက်ချင်ပါရဲ့ ဗျာ။

မာဂျေ

Health Care