ချိစ်ရယ် အသားရယ် ဟင်းသီးဟင်းရွက်အနည်းငယ်ရယ်ကို ဂျုံနဲ့ရောနယ်ထားတဲ့ပီဇာဟာ ကလေးတွေ၊ ဆယ်ကျော်သက်တွေ၊ ကောလိပ်ကျောင်းသားတွေအကြားမှာ ပေါ်ပြူလာဖြစ်ပါတယ်။ ပီဇာစားလိုက်တဲ့အခါမှာ ကိုယ်ခန္ဓာထဲမှာ ဘာတွေဖြစ်နိုင်သလဲဆိုတာ ကြည့်ကြရအောင်…

ပေါင်မုန့်

ပီဇာရဲ့ အောက်ခြေကပေါင်မုန့်ဟာ ဂျုံဖြူနဲ့ ပြုလုပ်ထားတာပါ။ ဂျုံဖြူဟာ ချေဖျက်လိုက်ရင် သကြားဓာတ်ဖြစ်လာပြီး ဝမ်းဗိုက်အဆီထဲမှာ စုဆောင်းထားလိုက်မှာပါ။ ပေါင်မုန့်ဖုတ်တဲ့အခါမှာသုံးတဲ့ အဆီကတော့ နှလုံးအတွက်မကောင်းဘဲ အဝလွန်မှုကို ဖြစ်စေနိုင်ပါတယ်။ အပေါ်က ဆမ်းထားတဲ့သံလွင်ဆီ ကတော့ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဘာမှမထည့်ရသေးတဲ့ ပေါင်မုန့်ကို ဂျုံဖြူမဟုတ်တဲ့ ဂျုံနဲ့ပြုလုပ်ထားရင်တော့ အမျှင်ဓာတ်ကိုရရှိနိုင်မှာဖြစ်ပြီး လူတွေအတွက် အစာချေအား ကောင်းစေမှာပါ။

ခရမ်းချဉ်သီးဆော့စ်

ခရမ်းချဉ်သီးဆော့စ်ဟာ ပုံမှန်အားဖြင့် ကျန်းမာရေးအတွက် ကောင်းပါတယ်။ လိုင်ကိုပင်းဟာ ခရမ်းချဉ်သီးရဲ့ အရောင်ကိုဖြစ်စေသလို ကင်ဆာဖြစ်ပွားမှုကို တားဆီးလျှော့ချပေးနိုင်တယ်လို့ ယူဆကြပါတယ်။ ဘရိုကိုလီနဲ့ တွဲစားမယ်ဆိုရင် လိုင်ကိုပင်းကို ကိုယ်ခန္ဓာက ပိုပြီး အလွယ်တကူ စုပ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ခရမ်းသီးဆော့စ်ထဲ သကြားခပ်များများပါဝင်နေရင်တော့ ကျန်းမာရေးအတွက် မကောင်းတော့ပါဘူး။ သကြားဓာတ်ဟာ အဝလွန်စေတာ၊ ဗိုက်ရွှဲစေတာတွေကို ဖြစ်စေနိုင်သလို သွေးချိုဆီးချိုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သကြားသိပ်မပါတဲ့ ခရမ်းချဉ်သီးဆော့စ်ကိုစားသုံးမှ ကျန်းမာရေးအတွက် ကောင်းမှာဖြစ်ပါတယ်။

အသား

တာရှည်ခံအောင်ပြုလုပ်ထားတဲ့အသားတွေဟာ ကျန်းမာရေးအတွက်မကောင်းပါဘူး။ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ ဝက်ဆားနယ်ခြောက်တွေအားလုံးဟာ ဆားပါဝင်မှု၊ ပြည့်ဝဆီပါဝင်မှုနဲ့ နိုက်ထရိတ် ပါဝင်မှုများပါတယ်။ ကင်ဆာ၊ အဝလွန်မှုနဲ့ နှလုံးသွေးကြောရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ အသားတွေဟာ ကြိုတင်စီမံပြီးမှ ပီဇာဆိုင်တွေဆီ ရောက်လာတာများသလို သူတို့ကို ကျန်းမာရေးနဲ့ ကိုက်ညီအောင် ပြုပြင် ချက်ပြုတ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ပီဇာတွေထဲမှာ အသားများများ ထည့်မသုံးသင့်ပါဘူး။

ဟင်းသီးဟင်းရွက်တွေ

ဟင်းသီးဟင်းရွက်တွေဟာ ကိုယ်ခန္ဓာကျန်းမာရေးအတွက် ပီဇာတစ်ခုရဲ့ အကောင်းဆုံးအစိတ်အပိုင်း ဖြစ်ပါတယ်။ အမျှင်ဓာတ်တွေ၊ ဗီတာမင်တွေ၊ ဓာတ်တိုးမှုကို တားဆီးပေးနိုင်တဲ့ပစ္စည်းတွေစတဲ့ ကျန်းမာရေး အတွက် ကောင်းတဲ့အရာတွေ အများကြီးပါဝင်ပါတယ်။ ဒါကြောင့် ပီဇာထဲမှာ ဟင်းသီးဟင်းရွက်များများ ထည့်ခိုင်းခြင်းဟာ ပီဇာကို ကျန်းမာရေးနဲ့ပိုပြီးညီညွတ်အောင် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။

ချိစ်

ချိစ်ဟာ ပီဇာအတွက် မပါမဖြစ်အရာပါ။ ဒါပေမယ့် ကျန်းမာရေးအတွက် မကောင်းပါဘူး။ ချိစ်ထဲမှာ ပရိုတိန်းခေါ် အသားဓာတ်အများကြီး ပါဝင်နေသလို ပြည့်ဝအဆီတွေလည်း ပါဝင်နေတာပါ။ ပြည့်ဝအဆီဟာ အဝလွန်တာ၊ နှလုံးပြဿနာတွေနဲ့ တခြားသော ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ချိစ်လျှော့ထည့်ဖို့ ပြောသင့်ပါတယ်။ စစချင်း အဲဒီလိုချိစ်လျှော့ထည့်ဖို့ဟာ ကျင့်ယူရမှာဖြစ်ပေမယ့် ကျန်းမာရေးအတွက်တော့ ကောင်းစေမှာဖြစ်ပါတယ်။

ပီဇာတစ်ချပ်လုံး

တစ်ချပ်လုံးခြုံကြည့်ရင် ပီဇာဟာ ကယ်လိုရီအများကြီးပါဝင်နေတာ ဖြစ်ပါတယ်။ ချိစ်ပီဇာတစ်မြောင်းဟာ ၂၁၃ ကယ်လိုရီလောက်ပါဝင်ပါတယ်။ တစ်နေ့တာအတွင်း စားသုံးသင့်တဲ့ ပြည့်ဝဆီရဲ့ ၁၈ ရာခိုင်နှုန်း၊ ဆားရဲ့ ၂ဝ ရာခိုင်နှုန်းနဲ့ ကစီဓာတ်၊ သကြားဓာတ်နဲ့ ကိုလက်စထရောတွေ ပါဝင်နေပါတယ်။ ပက်ပရိုနီပီဇာဆိုရင် တစ်မြောင်းကို ၃၁၃ ကယ်လိုရီ၊ ပြည့်ဝဆီ ၂၉ ရာခိုင်နှုန်းနဲ့ ဆား ၃၂ ရာခိုင်နှုန်း ဖြစ်သွားမှာပါ။ ကျန်းမာရေးအတွက်ကောင်းမွန်တာတွေကတော့ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ သံဓာတ်နဲ့ ဗီတာမင်အေနဲ့စီ တို့ဖြစ်ပါတယ်။

ပီဇာစားပြီးတဲ့အခါ

ပီဇာစားပြီးတဲ့အခါ ကိုယ်ခန္ဓာမှာ ဘာတွေဖြစ်သလဲလို့ စဉ်းစားကြည့်ပါ။ ပြည့်ပြည့်အင့်အင့်ကြီး ဖြစ်နေတတ်ပါတယ်။ ဆားများတဲ့အတွက်ဖြစ်ပါတယ်။ နှလုံးဟာ သွေးလှည့်ပတ်မှုအတွက် ပိုပြီးအလုပ်လုပ် ပေးရသလို ကျောက်ကပ်တွေဟာလည်း ပိုလျှံနေတဲ့ရေတွေကို ဖယ်ထုတ်ဖို့ အလုပ်လုပ်နေရပါတယ်။ သွေးကြောမျှင်တွေ၊ ဦးနှောက်၊ နှလုံးနဲ့ ကျောက်ကပ်တွေဟာ ဒဏ်ခံနေရပါပြီ။ နောက်တစ်ခုကတော့ ဝမ်းချုပ်  နိုင်တာပါ။ ပုံမှန်ပီဇာတစ်ချပ်ထဲမှာ အမျှင်ဓာတ်ပါဝင်မှုဟာ အတော်နည်းပါတယ်။ အများကြီးပါဝင်တဲ့ ချိစ်တွေဟာ ဝမ်းချုပ်စေနိုင်ပါတယ်။ နောက်ထပ်ကတော့ ခေါင်းကိုက်နိုင်တာ၊ ဝက်ခြံထွက်တာ၊ လိပ်ခေါင်းဖြစ်တာ၊ အသက်ရှူရင် အနံ့ထွက်တာတွေ ဖြစ်ပါတယ်။

အချုပ်ဆိုရသော်

ပီဇာဟာ စားကောင်းပေမယ့် ကိုယ်ခန္ဓာအတွက်တော့ မကောင်းလှပါဘူး။ ဝမ်းချုပ်နိုင်တာကစလို့ နှလုံးရောဂါအထိ ဖြစ်စေနိုင်တာကိုကြည့်ရင် ပီဇာကို လျှော့ပြီးစားသုံးသင့်ကြတာပါ။ ဂျုံဖြူမဟုတ်တဲ့ ဂျုံနဲ့လုပ် ထားတဲ့ ပေါင်မုန့်ပါတဲ့၊ ချိစ်သိပ်မပါတဲ့၊ ဟင်းသီးဟင်းရွက်များများပါတဲ့၊ အသားသိပ်မပါ၊ ဆီသိပ်မပါတဲ့ပီဇာကို စားသုံးဖို့ ကြိုးစားရမှာပါ။ အဲဒီလိုပြင်ဆင်ထားတဲ့ ပီဇာဟာ ကျန်းမာရေးအတွက် သိပ်မဆိုးတော့ပေမယ့် နည်းနည်းနဲ့ တစ်ခါတရံမှာသာစားသင့်တဲ့ အစားအစာဖြစ်နေတုန်းပဲ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ပီဇာနဲ့တွဲပြီးသောက်တတ်ကြတဲ့ ဘီယာလျှော့သောက်ဖို့ဖြစ်ပါတယ်။

ကိုအောင်(ဆေး – ၁)

Health Care