ပွေးရောဂါသည် လူခန္ဓာကိုယ် အရေပြားတွင်ဖြစ်ပေါ်သော မှိုတက်သည့်ရောဂါပင်ဖြစ်ပါသည်။ စိုထိုင်းသည့် ရာသီတွင် လူတို့၏ အသုံးအဆောင်များနှင့် အစားအစာများတွင် တွေ့ရတတ်သော မှိုတက်ခြင်းမျိုးကဲ့သို့ပင် လူ၏ အရေပြားတွင် မှိုစွဲသည့်ရောဂါပင်ဖြစ်ပါသည်။ ပွေးရောဂါသည် ခန္ဓာကိုယ်အနှံ့အပြားတွင် ဖြစ်ပေါ်တတ်ပြီး ကျန်းမာရေးကို များစွာ ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် ပွေးရောဂါမဖြစ်စေရန် ကြိုတင်ကာကွယ်ရေးများကို ဆောင်ရွက်ရပါမည်။

(၁) ရောဂါကူးစက်ပုံ

ပွေးရောဂါသည် လူတို့မွေးမြူသည့် တိရစာ္ဆန်များမှတဆင့် အတူနေထိုင်လုပ်ကိုင်သည့် လူသားများထံသို့ ကူးစက်တတ်ပါ သည်။ အထူးသဖြင့် လယ်ယာလုပ်ကိုင် စားသောက်သူ တောင်သူဦးကြီးများကို ကူးစက်နိုင်ပါသည်။ ထွန်ယက်လုပ်ကိုင်ရာ မှ ခြေ၊ လက် စသည်တို့တွင် ထိခိုက်ပွန်းရှသောအနာမှ ပိုးဝင်ရောက်လာခြင်းဖြစ်ပါသည်။ ပိုးဝင်ပြီး အချိန်ကြာလာသည်နှင့် အမျှ ၄င်းနေရာများတွင် ကြွက်နို့နှင့်အသားမာကဲ့သို့ အဖုထ၍ တဖြည်းဖြည်း အကွတ်အတက်များကြီးထွားလာကာ တိုက်ရိုက်ပျံ့ပွားတတ်ပါသည်။

အရေပြားမှတစ်ဆင့် ကိုယ်ခန္ဓာအတွင်း သွေး၊ အကြော၊ အသား၊ ရိုးတွင်းခြင်ဆီအထိ ပျံ့နှံ့တတ်သဖြင့် လတ်တလော အန္တရာယ်မရှိသော်လည်း ခြေလက်အင်္ဂါ ပုံပျက်၊ ပန်းပျက် ချို့ယွင်းသည်အထိ အခြေအနေဆိုးရွားလာနိုင်ပြီး ကာယ လုပ်အားကို ထိခိုက်သည်အထိ လူမှုဒုက္ခရောက်တတ်ပါသည်။

(၂) ရောဂါအမျိုးအစားများ

ပွေးရောဂါသည် လူ၏ ခန္ဓာကိုယ်အရေပြားနှင့်တကွ ၄င်းနှင့် ဆက်စပ်လျက်ရှိသော ဆံပင်၊ လက်သည်း၊ ခြေသည်း နှင့် အမြှေးပါး စသော ကိုယ်အင်္ဂါအစိတ်အပိုင်း အနှံ့အပြားတွင် စွဲကပ်တတ်ပါသည်။ စွဲကပ်သည့် ကိုယ်အင်္ဂါ အစိတ်အပိုင်း၏ ထူးခြားသောဖွဲ့စည်းမှုကိုမှီ၍ ရောဂါအမည်နှင့် အခေါ်အဝေါ် ခြားနားမှုများရှိပါသည်။

(၃) ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများကို ဦးခေါင်းပိုင်း၊ ကိုယ်ပိုင်း၊ လက်၊ ခြေပိုင်းနှင့် အမြှေးပါးတွင် စွဲကပ်မှုအပေါ်မူတည်၍ ခွဲခြားထားပါ သည်။

(က) ဦးခေါင်းပိုင်းတွင်ဖြစ်တတ်သော ပွေးရောဂါ

ဦးခေါင်းပိုင်းတွင် ဒက်ရောဂါ ဖြစ်တတ်ပါသည်။ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးနှင့် ပါးသိုင်းမွေးများပေါက်သော အရေပြားတွင် လည်း ဒက်ရောဂါစွဲကပ်တတ်ပါသည်။

ဒက်ရောဂါသည် ဦးခေါင်းအရေပြားနှင့် ဆံပင်တို့တွင် စွဲကပ်သည့် ပွေးရောဂါဖြစ်ပါသည်။ ဒက်ရောဂါမှာ လူအများ စုဝေး နေထိုင်ခြင်း၊ ဆံပင်ရိတ်ညှပ်ခြင်းတို့မှ ကူးစက်ပြန့်ပွားတတ်ပါသည်။ အဆောင်နေ ကျောင်းသားလူငယ်များနှင့် ဘုန်းကြီး ကျောင်းသားများ၊ ကိုရင်များတွင် အများဆုံးတွေ့ရှိရပါသည်။

ဒက်ရောဂါလက္ခဏာများမှာ ဆံရင်းနှင့် ဦးရေပြားတွင် အဖြူဖတ်ကလေးများဖြင့်ကပ်နေ၍ ဆံပင်များကွက်ပြီး ကျွတ်နေ တတ်ပါသည်။ ယားယံ၍ ကုတ်ဖဲ့ခြင်းနှင့် တွေ့ရာဆေးမြီးတိုများ လိမ်းထည့်ခြင်းတို့ကြောင့် အရေပြားပွန်းပဲ့သဖြင့် ဘက်တီးရီးယားပိုးများဝင်ရောက်ပါက အရေပြားရောင်ပြီး ပြည်ဝတ်များ တည်လာတတ်ပါသည်။

(ခ) ကိုယ်ပိုင်းတွင် စွဲကပ်သော ပွေးရောဂါ

ကိုယ်ပိုင်းတွင်စွဲကပ်သော ရောဂါ (၃)မျိုးရှိပါသည်။ ညှင်း၊ သမရိုးကျပွေးနှင့် ခရုပတ်ပွေးတို့ ဖြစ်ပါသည်။

လူအများသိကြသည့် ညှင်းရောဂါမှာ ပွေးရောဂါတစ်မျိုးဖြစ်ပါသည်။ ညှင်းကို မျက်နှာ၊ ရင်ဘတ်နှင့် ကျောကုန်းတို့တွင် အများဆုံးတွေ့ရတတ်ပါသည်။ လက္ခဏာမှာ အသားဖြူသူတို့တွင် မီးခိုးရောင် (သို့မဟုတ်) အညိုရောင်အကွက်များ၊ အသားမဲနက် ညိုမှောင်သူများတွင် အဖြူကွက်များအဖြစ်ပေါ်ပေါက်၍ ပူအိုက်ချွေးထွက်သည့်အခါများ၌မူ ယားယံတတ်ပါ သည်။

သမရိုးကျပွေးမှာ အများဆုံးတွေ့ရတတ်သည့် ပွေးကွက်များပင်ဖြစ်ပါသည်။ ၄င်းပွေးကွက်များသည် ဝန်းဝိုင်း၍ အနား အနည်းငယ်ထူလျက် အနီဖုကလေးများ စီတန်းပေါ်ပေါက်နေသောကြောင့် လက်စွပ်ပုံသဏ္ဍာန်နှင့် ဆင်တူသဖြင့် ရင်းဝမ်းဟု ခေါ်ပါသည်။

ခရုပတ်ပွေးသည် လယ်ယာ လုပ်ကိုင်စားသောက်သောသူများနှင့် ဂုံနီအိတ်များ သယ်ပိုးထမ်းရွက်သူများတွင် တွေ့ရှိရပါ သည်။ ရောဂါလက္ခဏာများမှာ အရေပြားတွင် အကြေးခွံများ ခရုပတ်ပုံသဏ္ဍာန်ဖြင့် အရစ်လိုက် ပေါ်လွင်စွာ ဖြစ်ပေါ်တတ် သည်ကိုအစွဲပြု၍ ခရုပတ်ပွေးဟုခေါ်ဆိုခြင်းဖြစ်ပါသည်။ အလွန်ယားယံပြီး ပြင်းထန်သော ပွေးမျိုးဖြစ်ပါသည်။

(ဂ) လက်ခြေပိုင်းတွင်ဖြစ်တတ်သော ပွေးရောဂါ

လက်ချောင်း၊ ခြေချောင်းကလေးများမှတစ်ဆင့်သော်လည်းကောင်း အများအားဖြင့် အခြားကိုယ်ရေပြားရှိ ပွေးကွက်များကို ကုတ်ဖဲ့ရာမှသော်လည်းကောင်း လက်သည်း၊ ခြေသည်းများသို့ ပွေးရောဂါ ကူးစက်ပြန့်ပွားတတ်ပါသည်။ ရောဂါလက္ခဏာ များမှာ လက်သည်းခွံများ ကြွပ်ဆတ်ကြေမွပျက်စီးလွယ်သဖြင့် လက်သည်းနှင့် ခြေသည်းခွံများ ကြွတက်တွန့်လိမ် ကြေပြတ်နေတတ်ပါသည်။ ခြေချောင်း၊ လက်ချောင်းများတွင် အနည်းငယ်စဖြစ်ရာမှ ဂရုတစိုက် မကုသဘဲထားသော ကြောင့် ကျန်ခြေသည်း၊ လက်သည်းများကိုပါ ကူးစက်ပြန့်ပွားတတ်ပါသည်။

လက်ချောင်းကြား၊ ခြေချောင်းကြားတွင်လည်း ပွေးစွဲတတ်ပါသည်။ ရေစိုစွတ်သည့်အခါမှာ သာလွန်၍ ထင်ရှားသဖြင့် ရေဝဲစားသည်၊ သဲဝဲစားသည်ဟု ခေါ်စမှတ်ပြုကြပါသည်။ လက်ကြား၊ ခြေကြားမှ လက်ဖဝါး၊ ခြေဖဝါးထိ ကူးစက်ပျံ့နှံ့ တတ်ပါသည်။

ဂျိုင်းနှင့်ပေါင်ခြံတို့တွင်လည်း အများအားဖြင့် ပွေးစွဲတတ်ပါသည်။ ဂျိုင်းနှင့်ပေါင်ခြံတို့တွင် အတွင်းသားများဖြစ်ပြီး အပူငွေ့ များခြင်း၊ ချွေးဖြင့် အမြဲစိုစွတ်နေခြင်းနှင့် သွားလာလှုပ်ရှားသည့်အခါ၌ ပွတ်တိုက်ဒဏ် အများဆုံးခံရသောကြောင့် ညိုမဲထူပိန်း၍နေတတ်ပါသည်။ ၄င်းကို ဂျွတ်ပေါက်သည်ဟု ခေါ်ဆိုပြီး ပေါင်ခြံ၊ တင်ကြားမှစ၍ ကျား၊ မ လိင်အင်္ဂါဇာတ်များ သို့ တိုက်ရိုက်ပြန့်ပွားစွဲကပ်တတ်ပါသည်။

(ဃ) အမြှေးပါးပွေးရောဂါ

ကိုယ်ရေပြားနှင့်ဆက်စပ်လျက်ရှိသော ပါးစပ်၊ အာခေါင်၊ ကျား-မ လိင်အင်္ဂါစသော အမှေးပါးတွင် ပွေးရောဂါ စွဲကပ်တတ် ပါသည်။ ပါးစပ်၊ အာခေါင်အမြှေးပါးတွင်ပေါက်ပါက မက်ခရုဟူ၍ခေါ်ပါသည်။ ပါးစောင်နှင့်အာခံတွင်းတို့တွင် အဖြူဖတ်များ ကပ်၍ နီရဲနေတတ်ပါသည်။ သွားရည်တမြားမြားဖြင့် အစားအသောက်ပျက်သည်အထိ ခံစားရတတ်ပါသည်။ လိင်အင်္ဂါ ဇာတ်များတွင်ဖြစ်ပါက ဆီးပူညောင်းကျဖြစ်ခြင်း၊ လိင်အင်္ဂါဇာတ်ယားယံခြင်း၊ မွေးလမ်းကြောင်း သားအိမ်ဝ စသည်တို့ ရောင်ယမ်းခြင်းများဖြစ်တတ်ပါသည်။

(၄) ပွေးရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ

ပွေးများသည် ကိုယ်အင်္ဂါစိတ်အပိုင်းတစ်နေရာမှ တစ်ကိုယ်လုံးသို့ တဖြည်းဖြည်းသော်လည်းကောင်း၊ ချက်ချင်းသော် လည်းကောင်း ပြန့်ပွားတတ်ပါသည်။ ယားယံပြီး ကုတ်ဖဲ့သဖြင့် ဘက်တီးရီးယားပိုးများဝင်ပြီး အနာများဖြစ်တတ်ပါသည်။ မအပ်စပ်သည့် ဆေးမြီးတိုများလိမ်းကျံရာမှ အရေပြားလောင်ကျွမ်းပြီး ဖူးရောင်တတ်ပါသည်။ ပွေးနှင်းခူ၊ ပွေးစို ဖြစ်တတ်ပါ သည်။ ဆံပင်ကျွတ်တတ်ပါသည်။ ခြေသည်း၊ လက်သည်းများ ကြေမွပျက်စီးတတ်ပါသည်။ ခြေလက်နှင့် ကိုယ်အင်္ဂါ ပုံပန်း ပျက်ပြီး လုပ်အားချို့တဲ့တတ်ပါသည်။ အအိပ်အစားပျက်၍ စိတ်သောက ဖိစီးမှုများ ကြုံတွေ့ခံစားရနိုင်ပါသည်။

(၅) ကုသခြင်း

ရောဂါအမျိုးအစားအလိုက် ရောဂါ၏ အနုအရင့်အခြေအနေပေါ်တွင်မူတည်၍ ကုသရပါမည်။ အရေပြားတီဘီရောဂါ၊ အနာကြီးရောဂါနှင့် ဆစ်ဖလစ်ရောဂါများ၏ လက္ခဏာများမှာ ပွေးကွက်များ ပေါ်တတ်သည်ကို သတိထားရပါမည်။ အရေပြားတွင် အဖုအပိန့်၊ အကွက်၊ အနာအဆာများ ပေါ်ပေါက်ပါက ဆေးမြီးတိုများ၊ တိုင်းရင်းဆေးများကို မိမိသဘောဖြင့် မသုံးသင့်ဘဲ နီးစပ်ရာကျန်းမာရေးဌာနတွင်သာ ပြသရပါမည်။

(၆) ကာကွယ်ခြင်း

ပွေးရောဂါဘေးမှ ကင်းဝေးစေရန် ရေကို မှန်မှန်ချိုးရပါမည်။ ရေချိုးသည့်အခါတွင် ဆပ်ပြာဖြင့် စိတ်ရှည်လက်ရှည် ပွတ်တိုက်၍ ချိုးရပါမည်။ ချောင်း၊ မြောင်း၊ ရေကန်၊ ရေအိုင်တို့တွင် ရေချိုးမိပါက ရေသန့်ဖြင့် ဆပ်ပြာသေချာစွာတိုက်၍ ပြန်ချိုးရပါမည်။ အဝတ်အထည်၊ အိပ်ရာ စသည်များကို ဆပ်ပြာဖြင့် မကြာခဏ ပြုတ်လျှော်၍ နေပူလှန်းရပါမည်။ ဘီး၊ ခေါင်းအုံး စသည့်အသုံးအဆောင်များကို သီးသန့်ထားရှိ၍အသုံးပြုရပါမည်။ ဆံပင်ရိတ်၊ ညှပ်ရာတွင်အသုံးပြုသည့် သင်တုန်းဓား၊ စက်ကပ်ကြေး စသည်တို့သည် တစ်ခါသုံးပစ္စည်း ဖြစ်ရပါမည်။ ခြေသည်း၊ လက်သည်းများကို မှန်မှန် လှီးဖြတ်ရပါမည်။ အရေပြားယားနာများကို ကိုင်တွယ်ကုတ်ဖဲ့မိပြီးပါက လက်ကို ဆပ်ပြာနှင့် သေချာ ပြန်ဆေးရပါမည်။ ဆေးလိမ်းပါက ဂွမ်းစဖြင့် သုတ်လိမ်းသင့်ပြီး လက်ဖြင့်လိမ်းပါက ဆပ်ပြာနှင့် လက်ပြန်ဆေးရန် လိုအပ်ပါသည်။ လယ်ယာ၊ ဥယျာဉ်၊ ခြံ၊ မြေ လုပ်ကိုင်သူများအနေဖြင့် လုပ်ငန်းပြီးစီးလျှင်ပြီးစီးချင်း ကိုယ်လက်ဆေးကြောသုတ်သင်ရပါမည်။ အစာစားပြီးတိုင်း အာလုပ်ကျင်းရပါမည်။ အိပ်ရာဝင်၊ အိပ်ရာထ အပေါ့၊ အလေးစွန့်ပြီးတိုင်း ကိုယ်အင်္ဂါကို ဆေးကြော သုတ်သင်ရပါမည်။ အရေပြားတွင် ပွန်းပဲ့ထိခိုက်ဒဏ်ရာရပါက သန့်ရှင်းစင်ကြယ်သော ဂွမ်း၊ ပတ်တီး၊ အဝတ် စသည်တို့ကို အသုံးပြုပြီး စနစ်တကျ ဆေးထည့်ရပါမည်။

(၇) အကြံပြုချက်

ပွေးရောဂါသည် လူသားတို့၏ အသက်အန္တရာယ်ကို ထိခိုက်စေလောက်အောင် မပြင်းထန်သော်လည်း ရောဂါစွဲကပ်မိပါက လျင်မြန်စွာ သက်သာပျောက်ကင်းရန် မလွယ်ကူပါ။ အအိပ်၊ အစား၊ အလုပ်အကိုင်ပျက်၍ ကိုယ်စိတ်နှစ်ဖြာ မချမ်းမသာ ဖြစ်တတ်ပါသည်။ ကာယအား၊ ညာဏအား ဆုတ်ယုတ်ပြီး ကိုယ်လက်အင်္ဂါ ကြီးငယ်များ ချို့တဲ့ပျက်စီးတတ်ပါသည်။ ထို့ကြောင့် လူမှုဒုက္ခအဝဝပေးတတ်သော ပွေးရောဂါကို မပေါ့ဆသင့်ကြောင်း အကြံပြုအပ်ပါသည်။

ဒေါက်တာမြင့်သန်းထွန်း

Health Care