(ပျိုမေတို့အနေဖြင့် အလှအပများနှင့်ပတ်သက်ပြီး စိတ်ညစ်ရသည့်အထဲမှာ ဖိနပ်ပေါက်လို့ ခြေထောက်များ နာပြီး အမာရွတ်များ ကျန်ခဲ့ခြင်းတို့လည်း ပါဝင်ပါသည်။  ဖိနပ်အသစ်စီးတိုင်း ဖိနပ်ပေါက်သည့် အနာသည် လည်း ပြေးမလွတ်ခြင်းကြောင့် ဖိနပ်လှလှလေး၏နောက်မှာ ပလာစတာနှင့်အနာများ ပါလာစမြဲပင်ဖြစ်သည်။

ထိုသို့ ဆက်တိုက်ဖြစ်နေသည်ဆိုပါက နည်းလမ်းလေးများရှာရန် လိုနေပြီဖြစ်ပါသည်။ ဖိနပ်အသစ်စီးတိုင်း မပေါက်အောင် မည်သို့ကာကွယ်ရမည်နည်း။ ပြီးနောက် ခြေထောက်နာခြင်းများအတွက် သက်သာအောင် လုပ်နည်းလေးများကို မျှဝေပေးပါမည်။

ဖိနပ်မပေါက်အောင်

ဖိနပ်မပေါက်အောင် စီးနိုင်ရန်အတွက် ဖိနပ်ဝယ်သည့်အခါမှာ ကိုယ့်ခြေထောက်နှင့်ကိုက်ညီမည့် ဖိနပ်ကိုသာ ရွေးချယ်ဝယ်ယူပါ။ ဖိနပ်နှင့်ခြေထောက်က ကွက်တိဖြစ်ပြီး အရမ်းကျပ်နေမည်ဆိုပါက ဖိနပ်ပေါက်ခြင်း ဖြစ်နိုင်ပါသည်။ ဖိနပ်သဲကြိုးနေရာက ပေါက်သည်ဆိုလျှင် ပျော့ပြီး ခြေထောက်နှင့် တသားတည်းဖြစ်သည်ကို အတတ်နိုင်ဆုံးရွေးချယ်ပါ။

ဖိနပ်ဝယ်သောအခါ ဒေါက်သေးသေးမျှင်မျှင်လေးများကို အတတ်နိုင်ဆုံးရှောင်ပါ။ မိမိ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖိနပ်ဒေါက်သေးသေးလေးက ထိန်းထားရခြင်းကြောင့် ခြေထောက်နှင့် ခြေချောင်းလေးများက ပိုအားစိုက်ရပြီး ဖိနပ်ပိုပေါက်နိုင်ပါသည်။ ရှူးဖိနပ်လေးများ ဝယ်သောအခါ ရှေ့ထိပ် နှင့်ခြေမ ကွက်တိဖြစ်နေသည်ကို မရွေးသင့်ပါ။ အနောက်ပိတ်ဘက်ကလွတ်နေမည်ဆိုလျှင် မနာအောင် Shoe cap လေးများ သုံးနိုင်သည်ကို မမေ့ပါနဲ့။

ဖိနပ်ပေါက်နာများအတွက် နည်းလမ်းများ

ဖိနပ်ပေါက်ခြင်းကို လက်ခံနိုင်သည်အထိ စီးသည့်အချိန်ကြာလျှင် ပျောက်သွားမည်ဆိုသော်လည်း အမာရွတ်များကျန်ခဲ့ခြင်းကို စိတ်ညစ်ရသည်ဆိုပါက နည်းလမ်းကောင်းလေးများကို လုပ်ဆောင်ကြည့်ရန် တိုက်တွန်းလိုက်ပါသည်။

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်က လွယ်လွယ်ကူကူပြုလုပ်လို့ရသည့် နည်းလမ်းလေးတစ်ခုဖြစ်ပါသည်။ ရှားစောင်းလက်ပပ်သည် ဖိနပ်ပေါက်၍ ဖြစ်ရသော နာကျင်ခြင်းများကို သက်သာစေပြီး အရေပြားများပျက် စီးမှုကို အလျင်အမြန် သက်သာစေပါသည်။ ရှားစောင်းလက်ပပ်ကို ရေစင်အောင်ဆေးကြောပြီး အတွင်းသား ဂျယ်လ်လေးကို ယူလိမ်းလိုက်ပါ။ ထို့နောက် ခြောက်သွားလျှင် ရေနွေးဖြင့်စိမ်လိုက်ပါ။ မကြာခဏ ပြုလုပ်ပေးနိုင် ပြီး (၃) ရက်ကြာလျှင် သက်သာသွားမည် ဖြစ်ပါသည်။

ရေခဲ

ရေခဲသည် ဖိနပ်ပေါက်ခြင်းကြောင့်ဖြစ်သော ရောင်ယမ်းခြင်းများကို လျော့ကျစေပါသည်။ ရေခဲကို အဝတ်စလေးနှင့်ထုပ်ပြီး နာသည့်နေရာမှာ ကပ်ထားပေးပါ။ (၁ဝ)မိနစ်ခန့်ကြာလျှင် အေးလာပြီး နာကျင်ခြင်းများ သက်သာသွားပါလိမ့်မည်။

အုန်းဆီ

အုန်းဆီသည်လည်း ဖိနပ်ပေါက်သောအနာများကို သက်သာစေပြီး အမာရွတ်များ လျော့အောင်လည်း လုပ်နိုင်ပါသည်။ အုန်းဆီက စုတ်ပြဲသွားသည့် အရေပြားကို ပြန်လည်အားဖြည့်ပေးနိုင်ပြီး ပိုးများကိုသေစေကာ အနာကျက်စေသောကြောင့် ဖိနပ်ပေါက်သည့်နေရာမှာ အုန်းဆီလေးကို လိမ်းထားပေးလိုက်ပါ။ အရေပြား ချောမွေ့လာမှာဖြစ်ပြီး အလျင်အမြန်သက်သာ ပျောက်ကင်းစေပါလိမ့်မည်။

Vaseline

Vaseline သည် ဖိနပ်ပေါက်ခြင်းကြောင့် ကျန်ခဲ့သောအမာရွတ်များကို သက်သာစေပါသည်။ ညအိပ်ခါနီးတိုင်း အနာနှင့်အမာရွတ်များကို Vasiline လိမ်းပြီး အိပ်ပေးပါ။

ပျားဖယောင်း

ပျားဖယောင်းသည် အပူနာများကို သက်သာစေသလို ဖိနပ်ပေါက်၍ဖြစ်လာသော အနာများကိုလည်း သက်သာပျောက်ကင်းစေသည်။ အမာရွတ်များကင်းပြီး လှပသော အသားအရေကို ပြန်လည်ရရှိစေသည်။ အလွယ်ကူဆုံး ဆေးနည်းတစ်ခုမှာ ဆရာခိုလိမ်းဆေးဖြစ်ပါသည်။

လူကြီးများပြောလေ့ရှိကြသော ယုံနိုင်ဖွယ်မရှိသော်လည်း အမှန်တကယ် ထိရောက်သည့် နည်းလမ်းများမှာ- ဖိနပ်အသစ်ဝယ်လာလျှင် အရင်ဦးဆုံးသွားဖြင့် ကိုက်ရန်နှင့် ဖိနပ်ပေါက်လာလျှင် မိမိ၏နှပ်ချေးအစိုကို သုတ်လိမ်းပေးရန်တို့ ဖြစ်ပါသည်။ ထိုသို့ပြုလုပ်လျှင် အမှန်ပင် ဖိနပ်မပေါက်သလို ဖိနပ်ပေါက်ထားသော အနာသည်လည်း အမာရွတ်မကျန်ဘဲ ပျောက်ကင်းစေပါသည်။

ပျိုမေတို့၏ ခြေထောက်လှလှလေးဖြစ်ရန်အတွက် ဖိနပ်မပေါက်စေမည့် နည်းလမ်းများအပြင် အနာနှင့် အမာရွတ်များကိုပါ သက်သာစေနိုင်မည့် နည်းလမ်းလေးများကို ဝေမျှပြီးပြီဖြစ်သောကြောင့် လိုက်နာရန် မမေ့ပါနဲ့။

ပန်းအိမ်

Health Care