မိဘများအနေဖြင့် မိမိတို့၏ ကလေးငယ်များကို ငယ်ရွယ်စဉ်၌ပင် စမတ်ဖုန်းနှင့် Mobile Tablets များအလွန်အကျွံ အသုံးပြုစေခြင်းကြောင့် ကလေးများတွင် မျက်စိအဝေးမှုန်၊ အဝလွန်နှင့် ကင်ဆာရောဂါများဖြစ်ပွားမှုကို အစပျိုးစေနိုင်ကြောင်း ဗြိတိန်နိုင်ငံရှိ World Cancer Research Fund International အဖွဲ့အစည်းမှ ထုတ်ပြန်ထားချက်အရ သိရသည်။ ၎င်းအဖွဲ့အစည်းမှ ပညာရှင်များသည် ကမ္ဘာတစ်ဝန်းရှိ ကလေးသူငယ်ပေါင်း (၂၀၀,၀၀၀)တွင် သုတေသနအကြိမ် ၈၀ ပြုလုပ်ကာ ရလာဒ်ကို စောင့်ကြည့်လေ့လာခဲ့ကြခြင်းဖြစ်ပြီး စမတ်ဖုန်းနှင့် Tablet မျက်နှာပြင်အကြည့်များခြင်း၊ ဂိမ်းအလွန်အကျွံကစားခြင်း စသည်တို့မှာ ကလေးများ၏ ကျန်းမာရေးကို ဆိုးကျိုးများပေးနိုင်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုကဲ့သို့ ဖုန်းအသုံးများသော ကလေးများတွင် အခြားကလေးများထက် မျက်စိအဝေးမှုန်ရောဂါဖြစ်ပွားနိုင်ခြေ နှစ်ဆပိုများပြီး ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းကြောင့် ငယ်ရွယ်စဉ်၌ပင် အဝလွန်ရောဂါများဖြစ်ပွားနိုင်ကြောင်းလည်း သိရသည်။ “အခုနောက်ပိုင်းမှာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်စိအဝေးမှုန်ရောဂါဖြစ်တဲ့ကလေးတွေ အရင်ကထက် သိသိသာသာပိုများလာတာတွေ့ရတယ်။ ဒါက ယနေ့ခေတ်ကမ္ဘာမှာ ဖုန်းတွေ၊ Mobile Tablets တွေ အသုံးများလာတာရဲ့ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လှုပ်ရှားမှုလဲ နည်းပါးတာကြောင့် ကိုယ်အလေးချိန်တက်ပြီး အဝလွန်ရောဂါတွေ၊ ကင်ဆာရောဂါတွေ ဖြစ်နိုင်တယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေရဲ့ ဖုန်းအသုံးပြုချိန်ကို လျှော့ချပြီး အချိန်အကန့်အသတ်နဲ့သာ သုံးစေဖို့ လမ်းညွှန်ပေးသင့်ပါတယ်။” ဟု အဆိုပါအဖွဲ့အစည်းမှ ကျန်းမာရေးအချက်အလက်ဆိုင်ရာ စီမံခန့်ခွဲရေးမန်နေဂျာဖြစ်သူ Sophia Lowes က သတိပေးပြောကြားခဲ့သည်။ ကလေးသူငယ်အရွယ်များသည် လူကြီးများထက် အဝလွန်ရောဂါဖြစ်ပွားနိုင်ခြေ ငါးဆပိုများပြီး အဝလွန်ခြင်းနှင့်ဆက်စပ်ရောဂါများဖြစ်သော အူမကြီးကင်ဆာ၊ အသည်းကင်ဆာ၊ ရင်သားကင်ဆာ စသည်တို့အသီးသီးဖြစ်ပွားနိုင်ကြောင်း သိရသည်။

ရဲခိုင် (ဆေး)

Health Care