ဖေဖော်ဝါရီ (၁၄)ရက်နေ့ကို ဗယ်လင်တိုင်းနေ့ (Valentine Day) (ဝါ) ချစ်သူများနေ့လို့ လူငယ်တွေ သိထားကြတဲ့ အမှတ်မှားတဲ့နေ့ကို မိဘဆရာတွေ တည့်မတ်ပေးစေချင်ပါတယ်။ Valentine Day ရဲ့ သမိုင်းကြောင်း ရှိပါတယ်။ အေဒီ (၂၇ဝ)က ရောမခေတ် ဘုရင်ဆိုးတစ်ပါးဖြစ်တဲ့ “ဒုတိယ ကလောဒီးယပ်စ်”က စစ်သား စုဆောင်းရလွယ်ကူအောင် အမျိုးသားတွေ၊ အမျိုးသားတွေ စစ်မှုထမ်းဆင့်ခေါ်ဖို့ အဆင်ပြေအောင် လက်ထပ်ထိမ်းမြားခြင်းကို ပိတ်ပင်ထားခဲ့ဘူးတယ်။ ခရစ်ယာန် ဘုန်းတော်ကြီး  စိန့်ဗယ်လင်တိုင်း (St. Valentine) က ချစ်သူစုံတွဲတွေကို သနားငဲ့ညှာတဲ့အနေနဲ့ တိတ်တဆိတ်လက်ထပ်ပေးနေခဲ့တယ်။ ဒါကို ဘုရင်ကြီးသိတော့ ဘုရင့်အမိန့် အာခံတယ်ဆိုပြီး သေဒဏ်အမိန့်ချကာ ခေါင်းဖြတ်အသတ်ခံရရှာတယ်။ သူတော်စင် စိန့်ဗယ်လင်တိုင်း (St. Valentine) ကွယ်လွန်တဲ့နေ့ကို ဗယ်လင်တိုင်းနေ့(Valentine Day) သတ်မှတ်ကာ ချစ်သူစုံတွဲတွေက သူတော်စင် စိန့်ဗယ်လင်တိုင်း (St. Valentine )အတွက် သီးသန့်ပြုလုပ်ပေးတဲ့ ဆုတောင်းပွဲနေ့ပဲဖြစ်တယ်။

မြန်မာနိုင်ငံမှာက ဗယ်လင်တိုင်းနေ့(Valentine Day) ဆိုရင် ဟိုတယ်တွေ၊ တည်းခိုခန်းတွေ ပြည့်နေတော့တယ်။ အချို့ ဘွတ်ကင်များလွန်းလို့ “ဟိုတယ်လူပြည့်ပြီ”လို့ တရားဝင်ကြေညာထားရတဲ့အထိ ရှိသမျှ အခန်းငှားစားလို့ အကောင်းဆုံးနေ့ဖြစ်နေတယ်။ သည်လိုပဲ ကာမအားတိုးဆေးတွေ၊ အရေးပေါ်ကိုယ်ဝန်မရအောင် တားမြစ်ဆေး (Easy Two, 72 Hr) ဆေးတွေ ဈေးကွက်မှာ ပြတ်လပ်တဲ့အထိ ရောင်းကောင်းလှပါတယ်။ သည့်အတွက် မြန်မာ့ယဉ်ကျေးမှုအရလည်း မသင့်တော်သလို နိုင်ငံတကာကကြားရင်လည်း အရှက်ရစရာဖြစ်နေပါတယ်။ သမိုင်းအဖတ်မှားတဲ့နေ့ကို အမှန်ပြန်ပြီးတည့်ပေးသင့်တယ်။

ဗယ်လင်တိုင်းနေ့ (Valentine Day) ဖြစ်ပေါ်ရတဲ့ အကြောင်း

ဘရာဇီး စတဲ့နိုင်ငံတွေမှာ အလုပ်အားရက် သတ်မှတ်ပေးထားသလို အင်္ဂလန်နိုင်ငံစတဲ့ ဥရောပမှာ (၅)ရာစုကတည်းက “သူတော်စင် ဗယ်လင်တိုင်း အမှတ်တရ ဆုတောင်းပွဲ”တွေ လုပ်ခဲ့ကြတယ်။ ဗယ်လင်တိုင်းနေ့ရဲ့ အနှစ်သာရက “ပေးဆပ်ခြင်း”ဖြစ်တယ်။ လူငယ်တွေနားလည်အောင်၊ အနှစ်သာရ ကိုပီပြင်အောင် မျှဝေပေးဖို့က မိဘဆရာတွေရဲ့အလုပ်၊ မီဒီယာတွေရဲ့ အလုပ်ပဲဖြစ်တယ်။ အချို့က ပေး ချင်တာ တလွဲပေးနေတယ်။

ဗယ်လင်တိုင်းရဲ့ ရိုက်ခတ်မှုဟာ မူလတန်းအရွယ် သားသမီးဆီ မကောင်းတဲ့အငွေ့အသက် ရိုက်ခတ်ခံရတယ်။ “မင်းတို့အစ်မတွေ၊ အစ်ကိုတွေက ဗယ်လင်တိုင်းနေ့ ချောကလက်တွေ၊ လက်ဆောင် တွေရတယ်။ မင်းတို့ရော ဘယ်ရည်းစားဆီကမှ လက်ဆောင်မရဘူးလား”လို့ နောက်ပြောင်တဲ့အခါ ကလေးတွေ ဇဝေဇဝါဖြစ်သွားတယ်။ အမှားကို အမှန်ထင်သွားတတ်တယ်။ ကိုရီးယားတို့ အနောက်နိုင်ငံတို့ကလည်း မူလတန်း၊ အ လယ်တန်းအရွယ်နဲ့ ကလေးချင်း မရိုးမသားစိတ်ဝင်စားတတ်တာကို ဗီဒီယိုရိုက်ပြတာ၊ ဧည့်ခန်းထဲ အတု ယူစရာ လက်ဆောင်တွေအသင့်ရှိနေတော့ မူလတန်း၊ အလယ်တန်းလောက်ကတည်းက ရည်းစားထား တတ်အောင် ကျင့်ပေးသလိုဖြစ်နေတယ်။ လူအလစ်မှာ ဖက်နမ်းရတာကိုပဲ စိတ်ကူးနဲ့မြူးနေတယ်။ အချို့ မိန်းကလေးကစပြီး ရည်းစားစကား စပြောတတ်နေပြီ။ ကိုယ့်အတန်းထဲက ကောင်လေးချောချောကို အခြားကောင်မလေးဆီပါမသွားခင် မူလတန်းတည်းက ဘွတ်ကင်ချိတ်နေပြီ။ မိန်းကလေးက အရင် စပြောတာဆိုတော့ ကောင်လေးတွေကလည်း ဘယ်တန်ဖိုးအလေး အနက်ထားတော့မလဲ။

“ဗယ်လင်တိုင်း”နေ့ကို ခေတ်စနစ်အရဖြစ်လာတာလို့ အပေါ်ယံ မမြင်ကြဖို့လိုပါတယ်။ အမှတ်မှား တွေပြင်သင့်ပါတယ်။ ငယ်ငယ်ကတည်းက အမှတ်မှားလိုက်တာ ကလေးမိဘတွေဖြစ်လာပြန်တော့လည်း “အမှား”အတိုင်းရှိတယ်။ လူကြီးမိဘတွေရဲ့တာဝန်က “မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းဝတ်ငါးဖြာ” နဲ့ပြည့်စုံဖို့၊ ဗယ်လင်တိုင်းနေ့ထက် ပိုပြီးအရေးပါနေတဲ့ ဖေဖော်ဝါရီရက်များ၊ ပြည်ထောင်စုနေ့ ဖေဖော်ဝါရီ(၁၂)ရက်၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖေဖော်ဝါရီ (၁၃) ရက်နေ့တို့လို နေ့ထူးနေ့မြတ်တွေ ပြောထားသင့်ပါတယ်။

ဗယ်လင်တိုင်းနေ့နဲ့ပတ်သက်ပြီး မျိုးဆက်ပွားကျန်းမာရေး သိထားသင့်ပါတယ်။ အမျိုးသမီးတွေ ရာသီချိန်မှန်ကန်ဖို့လိုပါတယ်။ အချို့ (၂၈)ရက်မှာတစ်ကြိမ်၊ ရာသီပန်းပွင့်တယ်။ အချို့ရက်(၃ဝ-၃၅)မှ (၁)ကြိမ် ရာသီလာတယ်။ ကိုယ်ဝန်ရနိုင်တဲ့ရက်တွေက ပထမဆုံး ရာသီစလာတဲ့ရက်မှ (၁၄)ရက်မြောက်နေ့မှာ ဆက်ဆံမိလို့ဖြစ်တယ်။ ကြား (၂)ရက်ပါယူရမယ်ဆိုရင် ရာသီသွေးစလာပြီး (၁၃- ၁၅)ရက်အတွင်း ရက်ရှောင်ရမယ့် နေ့တွေပဲဖြစ်တယ်။ မရှောင်နိုင်ရင် အကာအကွယ် (Condom) သုံးသင့်တယ်။ ဆက်ဆံမိခဲ့ရင် အရေးပေါ်ကိုယ်ဝန် တားဆေး အီးစီးတူး (Easy Two, 72 Hr) ဆေးဆောင်ကာ သောက်ထားသင့်တယ်။ ဒါမှလည်း မလိုအပ်တဲ့ကိုယ်ဝန်ရခြင်းမှ ကင်းဝေးကာ အိမ်ထောင်စောစောကျခြင်းမှ ကာကွယ်နိုင်မယ်။ လိင်ဆက်ဆံဖော်များရင် ဆက်ဆံတဲ့သူတွေဆီကနေ ရောဂါတွေရရှိနိုင်ပါတယ်။

ဂနို (Gonorrhea) ဆီးပူညောင်းကျရောဂါ

ဂနို (Gonorrhea) ဆီးပူညောင်းကျရောဂါဟာ လိင်ဆက်ဆံခြင်းမှ ကူးစက်တယ်။ အမျိုးသားတွေမှာ ဆီးပူညောင်းကျဆိုတဲ့အတိုင်း ဆီးသွားတိုင်းမခံမရပ် နိုင်ပူစပ်ကာ အရည်တွေကျနေတယ်။ အမျိုးသမီးတွေမှာလဲ အဖြူများဆင်းကာ သွေးအားယုတ်လျော့စေတယ်။ ဂရမ်နဂ္ဂတစ် (Gram Negative) ပိုးဖြစ်လို့ ဂျင်တာမိုင်ဆင် (Gentamycin, Kanamycin) စတဲ့ အမိုင်နိုဂလိုင်ကိုဆိုက် ဆေးထိုးခြင်း၊ စားဆေး တစ်နေ့ (၃) ကြိမ်ပေးခြင်းနည်းနဲ့ (၇)ရက်ဆက် ကုသသင့်တယ်။ ပဋိဇီဝဆေးယဉ် ပါးတဲ့ “ဂနို”ရောဂါပေါ်လာနေတယ်။

ဆစ်ဖလစ်

ဆစ်ဖလစ် (Syphilis) ရောဂါဟာ လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါဖြစ်ကာ မကုဘဲထားရှိရင် ဆစ်ဖလစ်တတိယအဆင့်မှာ နှလုံးရုတ်တရက် အတိုက်ခိုက်ခံရခြင်း၊ ဦးနှောက်ရုတ်တရက် အတိုက်ခိုက် ခံရခြင်းတို့ဖြစ်ကာ ရူးသွပ်သွားနိုင်တယ်။ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်တွေမှာ စစ်ကြောင့် သေ ကြေပျက်စီးရတာများသလို “ဆစ်ဖလစ်”ကြောင့် သေဆုံးရသူ များလှပါတယ်။ “ဒေါက်တာအလက်ဇန္ဒြား ဖလဲမင်း” တွေ့ရှိခဲ့တဲ့ “ပင်နယ်ဆလင် (Penicillin) “ကြောင့် ရောဂါဆိုးတွန်းလှန်နိုင်ခဲ့တယ်။ ယခုအခါ ပဋိဇီဝဆေးယဉ်ပါးတဲ့ ဆစ်ဖလစ်ရောဂါ ပေါ်ပေါက်နေလို့ ရောဂါမကူးစက်နိုင်အောင် အကာအကွယ် (Condom) သုံးရမယ်။

ချန်ကာ

ချန်ကာ (Chancre) ဟာ ဆစ်ဖလစ်ရဲ့ ပထမအဆင့်ဖြစ်ပြီး လိင်တံထိပ်မှာ ကြယ်သီးပေါက်သဏ္ဍာန် ကွင်းကလေး မနာမကျင်ဘဲ ပေါ်လာတတ်တယ်။ ဒုတိယအဆင့်မှာ ခန္ဓာကိုယ်သွေးကြောထဲ ပျံ့နှံ့သွားလို့ အရေပြားကွာကျခြင်း၊ အမာရွတ်ထင်ခြင်းတို့ဖြစ်တတ်ပါတယ်။ ပင်နယ်ဆလင်၊ အမောက်ဆလင်၊ ကပ်ပရိုစပိုရင် (Cephalosporin 500 mg) တစ်နေ့(၂)ကြိမ်၊ တစ်ပတ်ကြာပေးသင့်ပါတယ်။ ကဗျာဆရာ၊ ပန်းချီဆရာကြီး “ဗင်ဂိုး” ဟာ ဆစ်ဖလစ်ကြောင့် ရူးသွပ်သေဆုံးခဲ့ဖူးတယ်။

အေအိုင်ဒီအက်စ် (AIDS) ရောဂါရှိသူနဲ့ လိင်ဆက်ဆံခြင်း၊ ရောဂါရှိသူမိခင်ရဲ့ နို့ကိုတိုက်ကျွေးခြင်း၊ ရောဂါရှိသူနဲ့ ဆေးထိုးအပ်မျှဝေသုံးစွဲခြင်း၊ ရောဂါရှိသူရဲ့သွေးသွင်းမိခြင်း၊ ရောဂါရှိမိခင်မှကလေးကို ကူးစက်ခြင်းတို့ ရှိနိုင်ပါတယ်။ ယခုအခါ အေအာရ်တီ ခုခံအားမြှင့် ဆေးသောက်သုံးခြင်းနည်းနဲ့ အေအိုင်ဒီအက်စ်ရောဂါရှင်များ သက်တမ်းစေ့နေနိုင်ပြီဖြစ်တယ်။

လိင်အင်္ဂါကြွက်နို့က အိပ်ချ်ပီဗွီ (HPV – Human Papillomavirus) ကြောင့် ကူးစက်တယ်။ အမျိုးသမီးတွေမှာ သားအိမ်ခေါင်း ကင်ဆာ (Ca – Cervical ) ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပဲဖြစ်တယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံထားဖို့လိုအပ်ပါတယ်။ လိင်အင်္ဂါကြွက်နို့ကို “လေဆာမီးနဲ့ဖြတ်ခြင်း၊ ဗိုင်းရပ်စ်ဆေးတိုက်ကျွေးခြင်း”တို့နဲ့ ကုသနိုင်ပါတယ်။

အသည်းရောင် ဘီနဲ့စီဟာ လိင်ဆက်ဆံခြင်းမှ ကူးစက်နိုင်တယ်။ အသည်းရောင်ဘီကို ကာ ကွယ်ဆေးထိုးနှံကာကွယ်ရမယ်။ ကလေးဘဝ ကာကွယ်ဆေးထိုးနှံရာမှာ ပင်တာဗဲလိတ် (Pantavalid) ဆေးငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင်နဲ့ အသည်းရောင်ဘီ ကာကွယ်ဆေးတို့ကို ကလေးငယ် အသက် (၂)၊ (၄)နဲ့ (၆)လအရွယ်မှာ ထိုးနှံတယ်။ အသည်းရောင်စီက ကာကွယ်ဆေး မရှိသေးပေမယ့် လုံးဝပျောက်ကင်းအောင် ကုသဆေးပေါ်ပေါက်နေပြီဖြစ်တယ်။

“ဗယ်လင်တိုင်းဒေး”ချစ်သူ များနေ့နဲ့ပတ်သက်ပြီး လူငယ်တွေ သတိပြုသင့်တဲ့ သမိုင်းကြောင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါ၊ မတော်တဆကိုယ်ဝန်ရခြင်းမဖြစ်ရအောင် ဆွေးနွေးခဲ့တာပဲဖြစ်တယ်။ မိဘဆရာတွေက လမ်းမှန်တည့်မတ်ပေးဖို့ လိုအပ်လာပါပြီ။

ဒေါက်တာလွင်သန့်

Health Care