မျက်နှာအသားအရေကို ပေါင်းတင်ခြင်း၊ ရွှေသွင်းခြင်း၊ ပုလဲသွင်းခြင်း၊ အဆိပ် ထုတ်ခြင်း စသည်တို့အတွက် အလှပြင်ဆိုင်များဆီသို့ မကြာခဏ သွားကြရပါလိမ့်မည်။ မျက်နှာဖုံးကပ်ခွာလေးများ၊ မိတ်ကပ်ဖျက်ဆေး၊ မျက်နှာသစ်၊ scrub၊ တိုနာ၊ emulsion၊ day cream၊ night cream၊ serum၊ nourishing night oil၊ sunscreen၊ အစိုဓာတ်ထိန်းရန် moisturizer စသဖြင့် စုံလင်လှပသော အလှအပထိန်းသိမ်းနည်း လမ်းကောင်းများနှင့် ကျွန်မတို့မိန်းကလေးများသည် အလုပ်ရှုပ်နေကြပင်ဖြစ်သည်။

ဤနေရာတွင် အများစုက မေ့လျော့ထားတတ်ကြသည်မှာ လည်တိုင်ကျော့၏ အလှတရားသာဖြစ်ပါသည်။ မျက်နှာလှနေလျက်နှင့် လည်ပင်းအသားအရေသည် ညိုနေခြင်း၊ ညစ်နေခြင်း၊ အသားအရောင် မညီညာခြင်း၊ အရေးအကြောင်းများရှိခြင်းနှင့် အမာရွတ်များရှိနေလျှင် မလိုက်ဖက်နိုင်ပါ။ ထိုသို့မေ့ထားရင်းနှင့်ပင် မျက်နှာဖြူဝင်းလှပလာလေ ကွာခြားမှုက ပိုမိုကြီးမားလာလေ ဖြစ်နိုင်ပါသည်။

မျက်နှာသန့်စင်သောအခါ၊ ရေချိုးသောအခါ လည်ပင်းကို သေချာသန့်စင်အောင် ဆေးကြောမှု မလုပ်မိခြင်းလည်းများပါသည်။ အချိန်ကြာလာလျှင် ကပ်ကျန်နေသော ချေးညှော်၊ အညစ်အကြေးများ စုပုံလာပြီး လည်ပင်းအသားအရေကို ထိခိုက်စေပါသည်။ ကိုယ်က ရေချိုးဆပ်ပြာနှင့် သေချာသန့်စင်သည်၊ scrub လုပ်ပေးသည်ဆိုလျှင်တောင် အစိုဓာတ်ထိန်းဆေး သုံးပေးရန်နှင့် မျက်နှာနဲ့အတူတူ ဆေးကြောပေးသည့်အပြင် အသားအရေထိန်းသိမ်းသည့် လိမ်းဆေးများလိမ်းရန် မေ့နေနိုင်ပါသည်။

လည်ပင်းကမဖြူသည့်အပြင် အရေးအကြောင်းများဖြစ်နေလျှင် အလှပြင်လည်း မိတ်ကပ်လိုက်ဖြည့်နေရသဖြင့် လည်တိုင်အလှပေါ်လွင်စေမည့် ဂါဝန်လေးများ၊ ပွဲတက်ဝတ်စုံလေးများနှင့် ဆိုလျှင်လည်း အသားအရောင် မညီမှာစိုးရိမ်ရ၊ ဓာတ်ပုံရိုက်လျှင်လည်း သိသာနေမှာ စိုးရိမ်နေရခြင်းတို့ကြောင့် မိမိကိုယ်ကိုယ် ယုံကြည်မှု လျော့ကျစေနိုင်ပါသည်။

အထက်ပါအကြောင်းအရင်းများကြောင့် နာမည်ကြီး အသားအရေထိန်းသိမ်း ရေးပစ္စည်းများ ပြေးဝယ်ရန်မစဉ်းစားခင် အိမ်မှာရှိသော သဘာဝပစ္စည်းများနှင့် ကိုယ် တိုင် skin care လုပ်ရန် နည်းလမ်းလေးများကို ပြောပြပေးလိုပါသည်။ နေလောင်ခြင်းကြောင့် အရောင်မတောက်သည့် လည်တိုင်လေးများကို ကုသရန်နည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ရှားစောင်းလက်ပပ်

  • ရှားစောင်းလက်ပပ် အတွင်းသားအနှစ်ကို ယူပါ။
  • လည်ပင်းမှာ မိနစ်အနည်းငယ်ကြာအောင် ပွတ်လိမ်းပေးပါ။
  • ၁၀ မိနစ်ထားပြီးမှ ရေချိုးလိုက်ပါ။

ပန်းသီးရှာလကာရည်

  • ပန်းသီးရှာလကာရည် (Apple cider vinegar) နှစ်ဇွန်းကို ရေလေးဇွန်းနဲ့ ရောပါ။
  • ဂွမ်းလုံးလေးနှင့် လည်ပင်းမှာ သုတ်လိမ်းပေးပါ။
  • ၁၀ မိနစ်ထားပြီးမှ ရေပြန်ဆေးပါ။

မုန့်ဖုတ်ဆိုဒါ

  • မုန့်ဖုတ်ဆိုဒါ ၂ ဇွန်းကို ရေအနည်းငယ်ထည့်ရောပြီး အနှစ်ဖြစ်ရုံဖျော်ပါ။
  • လည်ပင်းမှာလိမ်းပြီး ခြောက်အောင်ထားပါ။
  • ခြောက်လာလျှင် လက်ကိုရေဆွတ်ပြီး ပွတ်ဖျက်ပါ။

သံလွင်ဆီနဲ့သံပုရာ

  • သံပုရာသီးအရည်နှင့် သံလွင်ဆီကို ဆတူရောပါ။
  • ရလာသည့်အဆီကို အိပ်ရာမဝင်ခင် လည်ပင်းမှာ လိမ်းအိပ်ပါ။
  • မနက်မှ မျက်နှာသစ်ပါ။

အာလူး

  • အာလူးအရွယ်တော်တစ်လုံးကို ခြစ်ပြီး အရည်ညှစ်ပါ။
  • လည်ပင်းမှာလိမ်းပြီး ၁၀ မိနစ်- ၁၅ မိနစ်ခန့်ကြာ ခြောက်အောင်ထားပါ။
  • ကြက်သီးနွေးရေနှင့် ဆေးကြောသန့်စင်ပါ။

အုတ်(Oatmeal)

  • အုတ်(ကွေကာအကြမ်း) စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ကိုအမှုန့်ကြိတ်/ထောင်းပါ။
  • ခရမ်းချဉ်သီးအနှစ်ရည် (အသီးကိုချေထား) ၁ဇွန်းနှင့် Rose water ထည့်ပြီး အနှစ်ဖြစ်အောင် ဖျော်ပါ။
  • လည်ပင်းမှာလိမ်းပြီး မိနစ် ၂၀ ခန့်ထားပါ။
  • လက်ချောင်းကိုရေဆွတ်ပြီး အသာအယာပွတ်ဖျက်ပါ။
  • ရေအေးနဲ့သန့်စင်ပါ။

ဗီတာမင် E

  • ဗီတာမင် E capsule ၃/၄ ခုကိုဖောက်ပြီး လည်ပင်းမှာ မိနစ်အနည်းငယ်ကြာ စိမ့်ဝင်အောင် လိမ်းပေးပါ။
  • ညဘက်မအိပ်ခင် လိမ်းအိပ်ခြင်းက ပိုကောင်းပါသည်။
  • ဥပမာ-NNO (Nourishing Night Oil)ကို ဆိုင်များတွင် တစ်လုံးခြင်းရောဗူး လိုက်ပါ ဝယ်သုံးနိုင်သည်။

ဒိန်ချဉ်

  • ဒိန်ချဉ် ၂ ဇွန်းနှင့် သံပရာရည် ၁ ဇွန်းကိုရောပြီး လည်ပင်းမှာလိမ်းပါ။
  • မိနစ် ၂၀ ကြာအောင်ထားပြီးမှ ရေချိုးလိုက်ပါ။

အထက်ပါနည်းလမ်းများအနက် သံလွင်ဆီနှင့် vitamin E-oil တို့မှလွဲ၍ ကျန် သည့်နည်းများကိုသုံးပြီးတိုင်း moisturizer ပြန်သုံးရန် မမေ့သင့်ပါ။ အလွယ်ကူဆုံး နည်းလမ်းများဖြစ်သောကြောင့် နှစ်သက်ရာနည်းလမ်းကို ရွေးချယ်ပြုလုပ်ပေးနိုင်ပါ သည်။

နောက်ပိုင်းဂရုတစိုက် လိုက်နာရမည့် အချက်များသည် မျက်နှာသစ်သည့်အခါတိုင်း လည်ပင်းကိုလည်း သန့်စင်ပါ။ မျက်နှာအသားအရေကို ခြောက်သွေ့မှုဒဏ်၊ နေလောင်ဒဏ်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုဒဏ်များမှ ကာကွယ်ထိန်းသိမ်းသလိုပင် လည်ပင်းအသားအရေကိုလည်း ဂရုစိုက်ပေးရန်မမေ့ပါနဲ့။ အစိုဓာတ်ထိန်းဆေးနှင့် နေလောင်ကာလိမ်းဆေးတို့ကို အမြဲလိမ်းပေးပါ။

အလှတရားကိုမြတ်နိုးသည့် မယ်မဒီတို့သည်လည်း လည်တိုင်ကျော့ကို မိတ်ကပ်ဖို့ရသောအလုပ်ကို နှုတ်ဆက်နိုင်ကြပါစေ။

မှတ်ချက်။ ။  အရွယ်မတိုင်ခင် မအိုမင်းလိုလျှင် အသက် ၂၀ အရွယ်မှစ၍ သင့်မျက်နှာနှင့်ထပ်တူ သင့်လည်ပင်းကိုလည်း ဂရုစိုက်ပေးပါ။ ထိန်းသိမ်းပေးသင့်ပါသည်။ ထိုသို့ပြုလုပ်ပေးလျှင် အသက် ၄၀ ကျော်လာလျှင်လည်း နုပျိုလှပသော အသားအရေနှင့် မျက်နှာအပြင် လည်တိုင်လှလှလေးကိုပါ ပိုင်ဆိုင်နေပါလိမ့်မည်။

(ပန်းအိမ်)

Health Care