ဗီတာမင်ဒီဖြည့်စွက်အားဆေး နေ့စဉ်သောက်ပြီး ခန္ဓာကိုယ်တွင် ဗီတာမင်ဒီပမာဏ ပုံမှန်အောက်မလျော့နည်း အောင်ထားရှိခြင်းက ကင်ဆာရောဂါများ (မုန့်ချိုအိတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီး ကျိတ်ကင်ဆာ) ဖြစ်ပွား နိုင်ခြေကို လျော့ကျစေကြောင်း အမေရိကန်နှင့် စပိန်သုတေသီများ၏ လတ်တလောလေ့လာထားချက်အရ သိရသည်။

ခန္ဓာကိုယ်အတွက် လိုအပ်သောဗီတာမင်ဒီဓာတ်ကို နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ အဓိကရရှိပြီး မျက်မှောက်ခေတ်ကာလတွင် လူနေမှုပုံစံပြောင်းလဲလာမှုများအရ လူအများစုတို့သည် မိမိတို့၏ နေအိမ်တွင်း၊ ရုံးခန်းတွင်း စသည်တို့၌သာ အဓိကအချိန်ဖြုန်းနေရသဖြင့် နေရောင်နှင့်ထိတွေ့မှုနည်းပါးကာ ဗီတာမင်ဒီချို့တဲ့ခြင်းများ ပိုမိုကြုံတွေ့လာရကြောင်း သုတေသီများကဆိုသည်။ ထိုကဲ့သို့ ဗီတာမင်ဒီဓာတ်ချို့တဲ့ သူများသည် သာမန်လူများထက် မုန့်ချိုအိတ်ကင်ဆာဖြစ်ပွားနိုင်ခြေနှစ်ဆပိုများပြီး အူမကြီးနှင့် ဆီးကျိတ် ကင်ဆာတို့ ဖြစ်ပွားရန်လည်း အခွင့်အလမ်း သိသိသာသာပိုများနိုင်ကြောင်း အဆိုပါသုတေသနတွင် ပါဝင်သူ များအား စောင့်ကြည့်လေ့လာထားချက်အရ သိရသည်။

“ဒီသုတေသနအရကမ္ဘာအနှံ့အပြားက ဆရာဝန်တွေ အနေနဲ့ အကျိုးကျေးဇူးများစွာပေးနိုင်ပြီး ဘေးထွက်ဆိုးကျိုးအနည်းငယ်သာရှိတဲ့ ဗီတာမင်ဒီအားဆေးကို သူတို့ရဲ့လူနာတွေ ပုံမှန်သောက်သုံးစေဖို့အတွက် ပိုမိုညွှန်ကြားလာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဦးဆောင်သုတေသီတစ်ဦးဖြစ်သူ Dr. Tarek Haykal က ပြောကြားခဲ့သည်။ သို့ဖြစ်ရာ ဗီတာမင်ဒီချို့တဲ့သူများ အနေဖြင့် အနီရောင်အသားများ၊ အသည်း၊ အဆီများသောငါး၊ ဥအမျိုးမျိုး၊ ပေါင်မုန့်၊ နွားနို့ စသည့်ဗီတာမင်ဒီ ရရှိနိုင်သော အစားအစာများကို စားသုံးပေးရန် လိုအပ်သကဲ့သို့ ဗီတာမင်ဒီဖြည့်စွက်အားဆေးကိုလည်း တစ်နေ့ တစ်လုံး၊ နေ့စဉ်ပုံမှန် သောက်သုံးပေးသင့်ကြောင်း သုတေသီများက အကြံပြုခဲ့သည်။

ထို့ပြင် သက်ကြီးရွယ်အို များ၊ နေရောင်ခြည်နှင့် ထိတွေ့မှုနည်းပါးသူများ၊ အရိုးပျော့ရောဂါ (Rickerts) ဖြစ်ပွားနေသော ကလေးသူငယ် များ၊ အရိုးပါးရောဂါ (Osteoporosis) ဖြစ်ပွားနေသူများသာမက သက်လတ်ပိုင်းအရွယ်များအနေဖြင့်လည်း ကင်ဆာရောဂါများမှ ကာကွယ်ရန် သောက်သုံးနိုင်ကြောင်း အဆိုပါသုတေသနတွင် ရေးသားဖော်ပြထားသည်။

ရဲခိုင်(ဆေး-၂)

Health Care