ကျန်းမာရေးနှင့်ပတ်သက်၍ ဆရာဝန်များ လမ်းညွှန်အကြံပေးရာတွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ ပိုမို စားသုံးကြပါဟူ၍ ပြောလေ့ရှိကြသည်။ အသီးများစားသုံးခြင်းဖြင့် ရောဂါဝေဒနာများကင်းစင်ပြီး သက်ရှည် ကျန်းမာနိုင်ကြောင်း အများစားသုံးသော အသီးများအကြောင်း ဗဟုသုတဖြစ်ဖွယ် ဖော်ပြရေးသားလိုက်ရပါ သည်။

ပန်းသီး (Apples)

ပန်းသီးနှင့်ပတ်သက်၍ ကျန်းမာရေးအတွက်ကောင်းမွန်ကြောင်း ရှေးယခင်ကပင် An apple a day, Keep the doctor away ဟူသော စကားရှိခဲ့သည်။ ပန်းသီးတစ်လုံး နေ့စဉ်စားသုံးသင့်ကြောင်း ဖော်ညွှန်းထားခြင်းဖြစ် သည်။ ပန်းသီးတွင် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများဖြစ်သည့် ဖလေဗိုးနွိုက် Flavonoids များပါသဖြင့် နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေသည်။

သကြားဓာတ်များသောအစာများအစား ပန်းသီးကိုစားပေးမည်ဆိုပါက သုံးလအတွင်း ကိုယ်အလေးချိန် ရှစ်ကီလိုဂရမ် (၁၇ ပေါင်) ခန့်ကျစေနိုင်သည်ဟု ဆိုပါသည်။

လိမ္မော်သီး (Oranges)

လိမ္မော်သီးမှာလည်း ကျန်းမာရေးအတွက် အထူးကောင်းမွန်သော အသီးတစ်မျိုးဖြစ်သည်။ လိမ္မော်သီးတွင် ဖလေဗိုးနွိုက်များ Flavonoids နှင့် ဗီတာမင်စီတို့ အများအပြားပါဝင်သည်ကို တွေ့ရပေသည်။ သွေးကြောနံရံ များ၌ရှိသော ကလာပ်စည်းများကို ကျန်းမာစေပြီး နှလုံးသွေးကြောရောဂါမှ ကာကွယ်နိုင်ပေမည်။ အရေပြား ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေပြီး အရေပြားစိုပြည်ဝင်းပစေနိုင်သည်။

လိမ္မော်သီးတွင် အမျှင်ဓာတ်ပါဝင်ခြင်းကြောင့် သွေး၌ ကိုလက်စထရောပမာဏကို လျော့နည်းစေကာ သွေးကြောများအတွင်း အဆီခဲပိတ်ဆို့မှုနှင့် သွေးကြောကျဉ်းခြင်းတို့မှ ကာကွယ်နိုင်မည်။

စတော်ဘယ်ရီသီး (Strawberries)

စတော်ဘယ်ရီသီးတွင် ဗီတာမင်စီ၊ အေ၊ ကေ၊ ဘီတာကာရိုတင်း Betacarotene နှင့် ဖောလစ်အက်ဆစ်တို့ ကြွယ်ဝစွာပါဝင်နေသဖြင့် ကင်ဆာရောဂါဖြစ်ပွားမှုအန္တရာယ်ကို လျော့နည်းစေပါသည်။ စတော်ဘယ်ရီသီးတွင် ပါသော အီလာဂျစ်အက်ဆစ် Allagic Acid မှာ ဆေးလိပ်ကြောင့် ကင်ဆာဖြစ်စေမှုကို ကာကွယ်ပေးသည်။

ငှက်ပျောသီး (Bananas)

ငှက်ပျောသီးတွင် ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင်ဘီ၆ တို့ပါဝင်သဖြင့် အာရုံကြော လုပ်ငန်းများကို ကောင်းမွန်မှန်ကန်စေသည်။ စိတ်တည်ငြိမ်မှုနှင့် ဆက်နွယ်ပတ်သက်သော ဆီရိုတိုနင် Serotonin နှင့် နော်အက်ပီနက်ဖရင် Norepinephrine တို့ မျှတစေသဖြင့် စိတ်တည်ငြိမ်မှုရစေကာ အာရုံကြောကျန်းမာရေး အတွက် စားသုံးသင့်ပေသည်။

ဖရဲသီး (Water Melon)

ဖရဲသီးမှာ ချိုအေးသောအရသာရှိ၍ ရေငတ်ပြေစေသည်။ ဖရဲသီးတွင် ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်သဖြင့် ခန္ဓာကိုယ်၏ ခုခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါသည်။ ဖရဲသီးကို လတ်လတ်ဆတ်ဆတ်စားသုံး ပါက ပို၍ကောင်းမွန်သည်ဟုဆိုပါသည်။ ဖရဲသီးစားသုံးခြင်းဖြင့် ခုခံအားစနစ်ကောင်းမွန်လာမှုကြောင့် ရောဂါ ပိုးမွှားများ အလွယ်တကူမဝင်ရောက်နိုင်ပေ။

ဒူးရင်းသီး (Durian)

ဒူးရင်းသီးတွင် ပရိုတင်းဓာတ်များပါဝင်သည်။ အဆီနှင့်အချိုဓာတ်များလည်း ပါဝင်သည်။ ဒူးရင်းသီးကို နှစ်သက် သူတို့က အသီးများ၏ဘုရင်ဟုပင် တင်စားခေါ်ကြသည်။ အာဟာရဖြစ်စေသော အသီးတစ်မျိုးဖြစ်၍ အသင့်အတင့် စားသုံးသင့်သော အစားအစာတစ်မျိုးလည်း ဖြစ်ပေသည်။

သင်္ဘောသီး (Papaya)

သင်္ဘောသီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကာရိုတင်းနွိုက်များ Carotenoids ပါဝင်သည်။ ခန္ဓာကိုယ် ကလာပ် စည်းများ၊ တစ်သျှူးများနှင့် အင်္ဂါအစိတ်အပိုင်းများအား ဓာတ်တိုးပစ္စည်းများ၏ ဖျက်ဆီးမှုမှ ကာကွယ်ပေးသဖြင့် ရောဂါကင်းဝေးကာ အရွယ်တင်နုပျိုစေပါသည်။

စပျစ်သီး (Grapes)

စပျစ်သီးတွင် ဗီတာမင်များပါဝင်သည့်အပြင် သကြားဓာတ်ကြွယ်ဝသဖြင့် စွမ်းအင်ဖြစ်စေသည်။ စပျစ်သီးကို စားသုံးရာတွင် အခွံပါစားသုံးသင့်သည်ဟု ဆိုပါသည်။ စပျစ်သီးအခွံတွင် အမျှင်ဓာတ်အများအပြား ပါဝင်နေ သဖြင့် နှလုံးသွေးကြောကျန်းမာရေးကို ထောက်ကူပေးကာ အဆီဓာတ်ပါဝင်မှုကိုလည်း မျှတစေပါသည်။

တရုတ်ဆီးသီး (Apricots)

တရုတ်ဆီးသီးကို လတ်လတ်ဆတ်ဆတ်စားသုံးပါက ကျန်းမာရေးအတွက် ကောင်းသည်ဟုဆိုပါသည်။ တရုတ်ဆီးသီးတွင် ဘီတာကာရိုတင်းပါဝင်သဖြင့် မျက်စိတိမ်စွဲခြင်း၊ လေဖြတ်ခြင်း၊ နှလုံးရောဂါနှင့် ကင်ဆာ ရောဂါများကို ကာကွယ်နိုင်သည်။ တရုတ်ဆီးသီးများတွင် သကြားဓာတ်ပိုမိုပါဝင်သဖြင့် နေ့စဉ်လိုအပ်သော စွမ်းအင်ကိုလည်း ရရှိစေနိုင်မည်ဖြစ်သည်။

မြနန်းသစ်

Health Care