ဘီလူးနဲ့ခြင်္သေ့ရင်ဆိုင်တွေ့မယ့်ပွဲ

0
458

မင်းမောင်မောင် Vs တိုခဲရှီ

ခိုလခုအန်ခန်းမရဲ့ ရိုးရာလက်ဝှေ့ကြိုးဝိုင်းထဲမှာ ဘီလူးတစ်ကောင်လို့ တင်စားခံနေရတဲ့ တိုခဲရှီကိုရင်ဆိုင်ဖို့ ဒီတစ်ခေါက် ချီတက်သွားမှာက မင်းမောင်မောင်(တောင်ကလေး) ဖြစ်ပါတယ်။ ဖျံသွေး၊ ရန်နိုင်အောင်၊ စောမင်းအောင်၊ ရွှေရာမာဉ်တို့နဲ့ပွဲတွေမှာ အနာခံရင်း မုဆိုးစိုင်သင် ပညာယူခဲ့တဲ့ တိုခဲရှီဟာ အခုအချိန်မှာတော့ ရိုးရာလက်ဝှေ့သမားအလားမြောက်ခဲ့ပြီလို့ ဆိုရမယ်ထင်ပါတယ်။ စောဂေါ်မူတိုကို အလဲထိုး စိုးထက်ဦးကို အစီးသရေဆိုတဲ့အပြင် ပြီးခဲ့တဲ့ Lethwei in Japan 11 မှာ ၀ါရင့်ကြီး ရှမ်းကို(AMT-2) ကိုလည်း အနိုင်ရလိုက်ပြန်ပါတယ်။ ခန္ဓာကိုယ်က အလဲထိုးခက်လောက်အောင် တုတ်ခိုင်သလောက် မာဂုဏ်လည်းမြင့်တဲ့ တိုခဲရှီရဲ့ လှေခွက်ချည်းကျန် အလံမလှဲဘူးဆိုတဲ့ စိတ်ဓာတ်မာကျောမှုကလည်း သြချရလောက်ပါတယ်။

ဘီလူးတစ်ကောင်ရဲ့လက်ထဲက တင်းပုတ်လို တိုခဲရှီရဲ့ လက်သီးနဲ့ ခြေကန်ချက်တွေက ပြင်းထန်လှပြီး ပြိုင်ဖက်ကို အစိမ်းလိုက်ဝါးစားတော့မလား မှတ်ရအောင် မျက်နှာမူ မျက်နှာမောင်းကလည်း ကောင်းလှတာမို့ သူ့ကို လူ့ဘီလူးကြီးလို့တောင်ခေါ်ဆိုကြပါတယ်။ ယုန်သူငယ်လို အသည်းပါးတဲ့ လက်ဝှေ့သမားဆိုလို့ကတော့ တိုခဲရှီရဲ့ အကြည့်တစ်ချက် လက်သီးတစ်လုံးမျှလောက်နဲ့ ကြောက်ရှုံးဖြစ်သွားနိုင်ပါတယ်။

မင်းမောင်မောင်ကတော့ တိုခဲရှီကိုမှ ရင်ဆိုင်ယှဉ်ပြိုင်ချင်လှချည်ရဲ့လို့ ကြုံးဝါးနေတာ စောမင်းအောင်နဲ့ တိုခဲရှီတို့ ဂျပန်ပွဲပြီးကတည်းကလို့ ဆိုပါတယ်။ လူကောင်နဲ့အရပ်အမောင်းအရ ပထမတန်းကို မှန်းလို့ရနေတဲ့ မင်းမောင်မောင်ဟာ ၀ါနုသေးပေမယ့် ပညာမနုလှတော့ဘူးဆိုတာ တောင်ကလေး ကရင်နှစ်သစ်ကူးပွဲမှာ ရှမ်းကို(AMT-2) ကို အစီးသရေထိုးပြီး သက်သေပြခဲ့ပါတယ်။ ဆယ်တန်းအောင်အပြီးမှာ မိဘတွေရဲ့ ရှေ့ဆက်စေချင်တဲ့ ပညာရေးကိုအဆုံးသတ် ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ ရိုးရာလက်ဝှေ့ကြိုးဝိုင်းထဲကို ကေသရာဇာအသည်းနဲ့ ၀င်ရောက်လာခဲ့တဲ့ မင်းမောင်မောင်ရဲ့အိပ်မက်က ပထမတန်းချန်ပီယံပါ။

ဒါကြောင့်လည်း အိပ်မက်ကို အကောင်အထည်ဖော်ဖို့ခရီးမှာ တံခါးစောင့်ဘီလူးတစ်ကောင်လို့ဆိုရမယ့် တိုခဲရှီနဲ့ရင်ဆိုင်တွေ့ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါလိမ့်မယ်။ ထို့အတူပဲ ဒီပွဲက သူ့အတွက်  ပထမတန်းကို တက်လှမ်းဖို့ ဘယ်လောက်လိုသေးလဲဆိုတာ ဆန်းစစ်မယ့်ပွဲလို့ဆိုရပါမယ်။ တံခါးစောင့်ဘီလူးကို မကျော်ဖြတ်နိုင်ရင် ရိုးရာလက်ဝှေ့ တောသုံးထောင်မှာ ကေသရာဇာဘွဲ့ခံဖို့ ဝေးသွားပါလိမ့်မယ်။  ဒီတော့ မင်းမောင်မောင်ဆိုတဲ့ ခြင်္သေ့ပျိုတစ်ကောင်နဲ့ တိုခဲရှီဆိုတဲ့ ဘီလူးတစ်ကောင်ရင်ဆိုင်မယ့်ပွဲဟာ ရိုးရာလက်ဝှေ့ စာချိုးတစ်ခုဖြစ်တဲ့ ဘီလူးနဲ့ခြင်္သေ့ ရင်ဆိုင်တွေ့တဲ့ပွဲမျိုးမို့ ဘယ်သူဖင်ထိုင်မေ့မလဲဆိုတာ အသည်းယားစရာဖြစ်နေပါတော့တယ်။

ဇင်လင်းထွန်း (ဓနုဖြူ)

Health Care