သွေးတိုးရောဂါဝေဒနာရှင်များအနေဖြင့် မနက်ပိုင်းတွင် အားကစားလေ့ကျင့်ခန်းများကို မိနစ်သုံးဆယ်ကြာ ပြုလုပ်ပေးခြင်းက တစ်နေ့တာအတွက် သွေးပေါင်ချိန် ပုံမှန်အနေအထား၌ ရှိနေစေရန် အထောက်အကူပြုကြောင်း သြစတေးလျနိုင်ငံ၊ Perth မြို့ရှိ “Western Australia” ပြည်သူ့သုတေသနတက္ကသိုလ်မှ သုတေသီများ ၏လေ့လာချက်အရ သိရသည်။

သုတေသန၏အဆိုအရ လေ့ကျင့်စက်ပေါ်တွင် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးနင်းခြင်း စသည့်လေ့ကျင့်ခန်း များက နှလုံးကို အားကောင်းစေပြီး သွေးပေါင်ချိန် (အထူးသဖြင့်- အပေါ်သွေး)ကို သိသိသာသာလျှော့ချပေးနိုင်ကြောင်း သိရသည်။

ထိုကဲ့သို့ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် သွေးတိုးရောဂါဝေဒနာရှင်များအတွက် သွေးပေါင်ချိန် ရုတ်တရက်မြင့်တက်ရာမှ လေသင်တုန်းဖြတ်ခြင်း၊ နှလုံးအတိုက်ခိုက်ခံရခြင်းတို့ဖြစ်ပွားမှုမှ ကာကွယ်နိုင်မည်ဖြစ်ပြီး ရောဂါ၏နောက်ဆက်တွဲဆိုးကျိုးများကြောင့် အသက်ဆုံးရှုံးနိုင်ခြေကို လျော့နည်းစေမည်ဖြစ်ကြောင်းလည်း သုတေသီများက ဆိုခဲ့သည်။ “သွေးတိုးရောဂါရှိသူတွေအနေနဲ့ မနက်ပိုင်းမှာ အားကစားလေ့ကျင့်ခန်းတစ်ခုခုကို နာရီဝက်ကြာလောက် ပြုလုပ်ပေးတာက သွေးကျဆေးတွေသောက်သလိုပဲ အကျိုးရှိမယ့်အပြင် စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေဖို့လည်း အထောက်အကူပြုပါတယ်”ဟု ဦးဆောင်သုတေသီ Dr.Michael Wheeler က ပြောကြားခဲ့သည်။

သာမန်လူတစ်ဦးသည် သွေးပေါင်ချိန်(အပေါ်သွေး ၁၄ဝ မီလီမီတာမာကျူရီနှင့်အထက်၊ အောက်သွေး ၉ဝ မီလီမီတာမာကျူရီနှင့် အထက်)ရှိပါက သွေးတိုးရောဂါရှိသည်ဟု သတ်မှတ်နိုင်ပြီး ကမ္ဘာတစ်ဝှမ်းရှိ အသက် ၂၅ နှစ်အထက် လူလတ်ပိုင်းအရွယ်ဆယ်ဦးအနက် လေးဦးမှာ သွေးတိုးရောဂါခံစားနေရကြောင်း စစ်တမ်းများအရ သိရသည်။

ဒေါက်တာရဲခိုင်ဦး

Health Care