ဘဝမှာ ထိခိုက်ဒဏ်ရာ မဖြစ် ဖူးသောသူများမှာ မရှိသလောက်ကို ရှားပါသည်။ အကြောင်းကြောင်းကြောင့် မတော်တဆ ထိခိုက်ဒဏ်ရာ ဖြစ်သွားသည့်အခါမျိုးမှာ အိမ်တွင် ဆေးမရှိသည့်အချိန်နှင့် ကြုံတွေ့ကောင်း ကြုံတွေ့လာနိုင်ပါသည်။ ထိုသို့ကြုံသည့်အခါ ကိုယ့်အိမ်က မီးဖိုချောင်ပစ္စည်းလေးများနှင့် ကုသလို့ရသော နည်းလမ်းများကိုလည်း သိရှိထားသင့်ပါသည်။ ကိုယ်တိုင်ဒဏ်ရာရသည်ဖြစ်စေ၊ မိသားစု၊ အပေါင်းအသင်းတို့ ဒဏ်ရာရသည်ဖြစ်စေ အောက်ပါနည်း လမ်းလေးများနှင့် ကုသပေးနိုင်ပါသည်။

၁။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ ပါဝင်သည့် Allicin ဓာတ်သည် ဘတ်တီးရီးယားများကို တိုက်ဖျက်ခြင်း၊ မှိုဖြစ်ပွားခြင်းကို တိုက်ဖျက်ပေးခြင်းနှင့် မည်သည့် ဒဏ်ရာအနာတရကိုမဆို ကုသနိုင်သည့် အစွမ်းသတ္တိရှိပါသည်။ ကြက်သွန်ဖြူ ၃ ဥကို ကျိတ် ခြေပြီး ဝိုင်တစ်ခွက်ဖြင့် ရောလိုက်ပါ။ ထို့နောက် ၂နာရီ၊ ၃ နာရီ ခန့်ကြာအောင်ထားပါ။ ပြီးလျှင် အဝတ်သန့်သန့် ဖြင့် အနာပေါ်သို့ သုတ်လိမ်းပေးပါ။ မိနစ် ၂ဝ ခန့် ကြာလျှင် ရေအေးဖြင့် ဆေးကြောပေးပါ။ တစ်နေ့လျှင် ၂ ကြိမ် မှ ၃ ကြိမ်အထိ လိမ်းပေးပါ။

မှတ်ချက် ။     ။ ကြက်သွန်ဖြူက အရေပြားပေါ် ကြာကြာထားလျှင် ထိခိုက်နိုင်သောကြောင့် မိနစ် ၂ဝ ထက်ပို၍မထားရန် လိုအပ်ပါ သည်။

၂။ နနွင်း

နနွင်းမှုန့်သည် ပိုးမွှားများ ကူးစက်ဝင်ရောက်ခြင်းကို တားဆီးပေးပြီး ဘက်တီးရီးယားများကို သေစေနိုင်စွမ်းရှိပါသည်။ နနွင်းမှုန့် လက်ဖက်ရည် ၂ ဇွန်းခန့်ကို နှမ်းကြတ်ဆီ (လျှော်စေ့အဆီ) အနည်းငယ်ရော ပြီး ခပ်ပျစ်ပျစ်လေး ရောမွှေပေးပါ။ ထို့နောက်ဒဏ်ရာပေါ်သို့ သုတ်လိမ်းပေးခြင်းဖြင့် အနာကို ပိုးဝင်ခြင်းမှ ကာကွယ်ပေးပြီး နာကျင်မှုကိုလည်း သက်သာစေပါသည်။

မှတ်ချက် ။   ။ တစ်နေ့လျှင်၂ကြိမ် မှ ၃ကြိမ် အထိ ကုသပေးပါ။ အချို့က နနွင်းမှုန့်သီးသန့် သုံးသလို၊ အချို့က သံလွင်ဆီ၊ ဗီတာမင်အီးအဆီ စသည်တို့နှင့် ရောစပ်သုံးကြပါသည်။

၃။ ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်ကို ဒဏ်ရာအနာတရများ ကုသရာမှာလည်း အသုံးပြုလို့ရပါသေးသည်။ ရှားစောင်းလက်ပပ်ရွက်ကို ခူးပြီး အထဲမှအနှစ်ကိုယူကာ ဒဏ်ရာပေါ်သို့ သုတ်လိမ်းပေးရမှာပါ။ ၂ နာရီ ခန့်ကြာအောင် ထားပြီးလျှင် ရေဆေးပါ။ တစ်နေ့လျှင် ၂ ကြိမ်ခန့် ပြုလုပ်ပေးပါ။

မှတ်ချက် ။   ။ ရှားစောင်း လက်ပပ်နည်းလမ်းကို သေးသော ဒဏ်ရာများအတွက်သာ အသုံးပြုသင့်ပြီး ကြီးမားသည့် ဒဏ်ရာအတွက်သုံးလျှင် ကုသချိန်မှာ ကြာမြင့် နိုင်ပါသည်။

၄။ ဆန်ဆေးရည်

ဆန်ဆေးထားသည့် ဒုတိယ ရေကို ဖန်ပုလင်းတစ်လုံးထဲထည့် အဖုံးပိတ်ပြီး နှစ်ရက်သိပ်ထားပါ။ အဆိုပါရေကို သွေးထွက်သော ဒဏ်ရာများနှင့် ထိခိုက်ရှနာများ အတွက် ဒဏ်ရာဆေးရန် အသုံးပြုပါ။ ရေချိုးတိုင်းလည်း အသုံးပြုနိုင် ပါသည်။ ထိုသို့အသုံးပြုပါက အသားတက်မြန်စေပြီး အနာကျက်စေပါသည်။

၅။ ပတ္တမြားသွေးဆေး

အပူအပုပ်ကင်းစေသလို နှလုံး တုန်ရင်ခုန်ခြင်းကင်းစေသည့် လူပျံတော်ပတ္တမြားဆေးတိုက်မှ ထုတ်သည့် ပတ္တမြားသွေးဆေးကို အပြင်းအထန် သွေးထွက်ထားသော ဒဏ်ရာများနှင့် ထိခိုက်ရှနာများပေါ်သို့ သိပ်ပေးပြီး လက်ဖြင့်ဖိထားပေးပါ။ အစပ်ပျောက်သည်အထိ သိပ်ပေးပါ။ ရေစိုလျှင်ပြန်သိပ်ပေးပါ။ ဒဏ်ရာများကို အလျင်အမြန် ခြောက်သွေ့ ပျောက်ကင်းစေပါသည်။

၆။ ကြက်သွန်နီ

ကြက်သွန်နီပါးပါးလှီးပြီး ပျားရည်နှင့် ပုလင်းတစ်ခုထဲတွင် စိမ်ထားပါ။ ပွင့်နေသော အနာများနှင့် သွေးထွက်သောအနာများကို လိမ်းပေးပါ။ အနာကျက်မြန်စေပါသည်။

၇။ အုန်းဆီ

အုန်းဆီသည် ပိုးသေစေခြင်း နှင့် အသားတက်မြန်စေခြင်းဆိုသည့် ဓာတ်သဘာဝများ ပါဝင်နေသည့် သဘာဝပိုးသတ်ဆေးဖြစ်ပါသည်။ အရက်ပြန်သုံးပြီး အနာပိုး သတ်သလိုလည်း အသုံးပြုနိုင်ပါသည်။ ပွင့်နေသော အနာများပေါ် သို့ အုန်းဆီအနည်းငယ်ကို ဂွမ်း နှင့်တို့ယူပြီး လိမ်းပေးပါ။ ထပ်ခါထပ်ခါ လိမ်းပေးနိုင်ပါသည်။

၈။ ရွက်ကျပင်ပေါက်

မြန်မာ့ဆေးကျမ်းများအဆို အရ ရွက်ကျပင်ပေါက်သည် အနာများကို စင်ကြယ်စေပါသည်။ အနာပေါက်များကိုလည်း အသားနုတက်စေသည်။ သွေးယိုစီးကျနေသည့် အနာများကို သွေးတိတ်စေသော နတ်ဆေးဖြစ်ပါသည်။ ထို့ကြောင့် သွေးစိမ်းရှင်ရှင်ထွက်သော ထိခိုက်ရှနာများအတွက် ရွက်ကျပင် ပေါက်ကို မီးကင်၍ ကပ်ပေးခြင်းဖြင့် သွေးထွက်ရပ်ပြီး အနာကျက်မြန် စေပါသည်။

၉။ ဖန်ခါးပင်အခေါက်

ပွင့်နေသောအနာများမှ သွေးမတိတ်လျှင် ဖန်ခါးသီးအပင်မှ အခေါက်အမှုန့်သန့်သန့်ကို အနာများပေါ်သို့ သိပ်ပေးခြင်းဖြင့်လျင်မြန်စွာ သွေးတိတ်စေပါသည်။

အထက်ပါ နည်းလမ်းများ အပြင် ကာမိုမိုင်းလ်ပန်းအဆီနှင့် လာဗင်ဒါပန်းအဆီတို့ကိုလည်း ထိခိုက်ရှနာဒဏ်ရာများပေါ်တွင် အနာကျက်ဆေးအနေဖြင့် လိမ်း၍ ရပါသည်။ မိမိသိသမျှကို မျှဝေထားခြင်းဖြစ်ပါသည်။ ထိခိုက် ဒဏ်ရာရမှုများ ပျောက်ကင်း အဆင်ပြေကြပါစေ ..။

ပန်းအိမ်

Health Care