ခုဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ် (၁၉) ကပ်ရောဂါဆိုး ကူးစက်ခံထားရတဲ့ ဝေဒနာရှင် စတင်တွေ့ရှိခဲ့တာ တစ်လကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီစာကိုရေးနေတဲ့ ဧပြီလ (၂၆)ရက်၊ နံနက် (၇)နာရီမှာ ထုတ်ပြန်ထားတဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ ရောဂါကူးစက်ခံထားရသူပေါင်း (၁၄၆)ဦး ရှိနေခဲ့ပြီဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ တခြားသော နိုင်ငံတွေမှာ ကူးစက်ပြန့်ပွားနေတဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ရင် မဆိုးလှသေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

သို့သော်လည်းပဲ တစ်ဖက်မှာတော့ ရောဂါရှိ/မရှိ စမ်းသပ်နိုင်တဲ့ ပမာဏက အကန့်အသတ်တစ်ခု အတွင်းမှာပဲ ရှိနေသေးပြီး အခုထက်ပို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးနိုင်ရင် ကိုဗစ်(၁၉) ကပ်ရောဂါပိုး ကူးစက်ခံထားရသူတွေ အများအပြား ရှိနေမလားဆိုတဲ့ သံသယတွေလည်း တစ်ချို့သော သူတွေထံမှာ ကိန်းအောင်းနေခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာ တစ်ခုကတော့ စာရေးသူတို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်က နိုင်ငံတိုင်းနီးပါးဟာ ကိုဗစ်(၁၉)တစ္ဆေ ခြောက်လှန့်ခြင်းကို ခံနေကြရပြီး လက်ရှိ ဒီစာကိုရေးနေတဲ့ ဧပြီလ (၂၆)ရက်နေ့အထိတော့ ဒီရောဂါ ပျောက်ကင်း သက်သာရေးနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကမှ ရှင်းလင်းပြတ်သားတဲ့ အဖြေတစ်ခုကို ထုတ်ပေးနိုင်ခြင်း မရှိခဲ့သေးတာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကမ္ဘာ့ကျန်းမာရေးနဲ့ ပတ်သက်လို့ အဓိကတာဝန်ရှိတဲ့ အဖွဲ့အစည်းကြီးဖြစ်တဲ့ WHO ကိုယ်တိုင်တောင် ကိုဗစ် (၁၉)နဲ့ပတ်သက်လာရင် စမ်းတဝါးဝါး အဆင့်မှာပဲ ရှိနေသေးတာကိုလည်း မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ တစ်ချို့သော နိုင်ငံတွေမှာတော့ စိတ်မရှည်နိုင်တော့တဲ့ ပြည်သူအချို့ဟာ ပိတ်ပင်ထားတာတွေကို ဖြေလျှော့ရုပ်သိမ်းပေးဖို့ လမ်းပေါ်ထွက် ဆန္ဒပြတာတွေဘာတွေ ဖြစ်လာနေတာကိုလည်း မြင်ကြရမှာ ဖြစ်ပါတယ်။ သူတို့ဘက်က ခံစားချက်ကတော့ ရှင်းပါတယ်။ ဘယ်တော့ ပျောက်မယ်မှန်းလည်း မသိရ၊ အိမ်ထဲမှာနေရင်ရော ကူးစက်မှုနှုန်းက လျော့လားဆိုတော့ မလျော့တဲ့အပြင် ပိုတောင် တိုးလာနေသေးတယ်၊ ဒီလိုအနေအထားမှာ ဘာမှန်းမသိတဲ့ အရာတစ်ခုကို ကြောက်ရွံ့ပြီး အိမ်ထဲမှာ ပိတ်လှောင်ခံထားရတာ အဓိပ္ပါယ်မရှိဘူးဆိုတဲ့ အတွေးအမြင်ပဲဖြစ်ပါတယ်။ မြန်မာစကားနဲ့ နီးစပ်အောင် ပြောရမယ်ဆိုရင်တော့ လာမယ့်ဘေး ပြေးတွေ့မယ်ဆိုတဲ့ အထာလားတော့ မသိပါဘူး။   ဒီလိုတွေဖြစ်လာချိန်မှာတော့  WHO က လူတွေ လမ်းပေါ်ထွက် ဆန္ဒပြတာတွေ ဘာတွေဟာ ကိုဗစ် (၁၉)ရောဂါကူးစက်မှု အန္တရာယ်အတွက် အင်မတန် ကြောက်စရာကောင်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း သတိပေးခဲ့ပေမယ့် ဆန္ဒပြသူတွေဘက်ကတော့ အဲ့ဒီသတိပေးချက်ကို ခေါင်းထဲတောင် ထည့်ထားဟန် မရှိခဲ့ပါဘူး။ ကမ္ဘာပေါ်က နေရာတစ်ချို့မှာ အိမ်ထဲ ဆက်မနေချင်တော့တဲ့ ပိုပြီး တိတိကျကျပြောရရင် အိမ်ထဲမှာ ပိတ်လှောင်ခံထားရတဲ့ဒဏ်ကို ဆက်လက် သည်းခံနိုင်စွမ်းမရှိသူတစ်ချို့ ထွက်ပေါ်လာချိန်နဲ့ တစ်ချိန်တည်းမှာပဲ ကမ္ဘာပေါ်က တစ်ချို့သော နေရာတွေမှာတော့ စားဝတ်နေရေးဆိုတဲ့ အရာတစ်ခုကြောင့် ရောဂါကူးစက်မှုကို ခဏမေ့ထားပြီး နိစ္စဓူဝ လုပ်ငန်းဆောင်တာတွေကို မဖြစ်မနေ လုပ်ကိုင်နေကြရတဲ့သူတွေလည်း ရှိနေခဲ့တာဖြစ်ပါတယ်။

တကယ်တော့ ဒီကနေ့ ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့အဓိကအကျဆုံး အကျပ်အတည်းက အဲ့ဒါပဲဖြစ်မယ်လို့ စာရေးသူကတော့မြင်ပါတယ်။ တစ်ဖက်မှာက လူကိုသေစေ နိုင်လောက်တဲ့ရောဂါ၊ အခြား တစ်ဖက်ကိုကြည့်ပြန်တော့ သတ္တဝါတွေရဲ့ ဖြစ်စဉ်တွေထဲမှာ အရေးအကြီးဆုံးဖြစ်တဲ့ အစားအသောက်နဲ့ လွတ်လပ်ခြင်း၊ ဒီဖြစ်စဉ်နှစ်ခုအကြားမှာ ဟန်ချက်ညီညီ ထိန်းကျောင်းသွားနိုင်ဖို့ နည်းလမ်းတစ်ခုကို အလျင်အမြန်ရှာဖွေတွေ့ရှိနိုင်ရေးက သက်ဆိုင်ရာအစိုးရ အသီးသီးတို့အတွက် အရေးအကြီးဆုံး ကိစ္စရပ်တစ်ခု ဖြစ်တယ်လို့ စာရေးသူကတော့မြင်ပါတယ်။ အထက်မှာ တင်ပြခဲ့သလိုပဲ ဒီကနေ့အချိန်အထိ ကိုဗစ် (၁၉)ရောဂါ ဘယ်အချိန်မှာကူးစက်တာ ရပ်တန့်သွားမလဲ၊ ဘယ်အချိန်မှာ သူ့ကို ဟန့်တားနိုင်တဲ့ဆေးပေါ်မလဲ ဆိုတာ ဘယ်အဖွဲ့အစည်း၊ ဘယ်လူပုဂ္ဂိုလ်ကမှ အတိအကျ ဟောကိန်း မထုတ်နိုင်သေးဘူး။ ဒါဆိုရင် ကိုဗစ်ကြောင့်ဖြစ်ပေါ်လာတဲ့ လက်ရှိအကျပ်အတည်းတွေကို ဒီအတိုင်း ဆက်ထားမလား၊ အဓိက ပြဿနာက အစားအသောက်ပါ၊ ဗုဒ္ဓမြတ်စွာဘုရားကလည်း ရှင်းရှင်းလေးပဲ ဟောကြားတော်မူထားပါတယ်။ သတ္တဝါတွေအားလုံးအတွက် အဆိုးဆုံးဝေဒနာက ဆာလောင်မွတ်သိပ်မှုပဲတဲ့၊ ဆာလောင်မွတ်သိပ်မှုဒဏ်ကို ဘယ်သတ္တဝါမျှ မခံနိုင်ဘူးတဲ့၊ တကယ်လည်း သတ္တဝါမှန်သမျှဟာ ဆာလောင်မှုဒဏ်ကို ခံစားနိုင်စွမ်း မရှိကြဘူးဆိုတာ ကိုယ်တွေ့ ကြုံဖူးကြမှာဖြစ်ပါတယ်။ တစ်ရက်မပြောနဲ့၊ တစ်မနက်လေး ဝမ်းမဖြည့်ရရင်ပဲ ဘယ်လောက်အထိ ဆိုးတဲ့ဝေဒနာကို အကြောင်းအမျိုးမျိုးကြောင့် ဝမ်းဟာတဲ့ဒဏ်ကို ခံစားဖူးသူတိုင်း သိမှာဖြစ်ပါတယ်။

အခုအချိန်အထိတော့ နိုင်ငံတော်အစိုးရပိုင်းက ထောက်ပံ့ကူညီမှုတွေ၊ သက်ဆိုင်ရာလူမှုအဖွဲ့ အစည်းတွေက ထောက်ပံ့ကူညီမှုတွေ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ ထောက်ပံ့ကူညီမှုတွေနဲ့အတူ လူးသာလွန့်သာရှိတဲ့ အနေအထားတစ်ရပ်မှာ ရှိနေပါသေးတယ်။ သို့ သော်လည်းပဲ လက်ရှိ အနေအထားကနေ နောက်တစ်လလောက်ဆိုရင်ပဲ အခုထက် ပိုမိုကျပ်တည်းတဲ့ အခြေအနေတစ်ရပ်ကို ရင်ဆိုင်လာရတော့မှာ လုံးဝ သေချာပါတယ်။ ဒါကြောင့်လည်းပဲ နိုင်ငံတော် အစိုးရပိုင်းကတော့ နိုင်ငံသားတိုင်းကို ခွဲတမ်းနဲ့ ရိက္ခာဖြန့်ဖြူးနိုင်ဖို့ သက်ဆိုင်ရာ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှုးတွေကတစ်ဆင့် စာရင်းတွေ စတင်ကောက်ယူနေပြီ ဖြစ်ပါတယ်။ ဒါကလည်း တစ်လစာလောက်ပဲ ဖြစ်လေတော့ ကိုဗစ်(၁၉)က တစ်လနဲ့ ကမ္ဘာမြေပေါ်က ပျောက်ကွယ်သွားမလား၊  နိုင်ငံတော်ကရော နောက်ထပ် ရိက္ခာထောက်ပံ့မှု အစီအစဉ်တွေ ဘယ်လောက်အထိ ဆက်လက် လုပ်ဆောင်ပေးနေနိုင်မလဲဆိုတာ ဘယ်နေရာက လှည့်တွေးတွေး ဘေးကျပ်နံကျပ်တွေချည်းပါပဲလား။ တကယ်တော့ လူသားတွေဟာ ကိုယ့်ကိုယ်ကို အထင်တွေကြီးပြီး စစ်လက်နက် အသစ်အဆန်းတွေနဲ့ သူ့ထက်ငါ အပြိုင်ကြဲနေကြတာ၊ ဘာမဟုတ်တဲ့ မျက်စိနဲ့မမြင်ရတဲ့ ဗိုင်းရပ်(စ်)လေးတစ်ကောင်ကိုတောင် အနိုင်မတိုက်နိုင်သေးဘူးဆိုတာ လက်ရှိ ကိုဗစ်(၁၉)ဖြစ်စဉ်က ထင်ထင်ရှားရှား ပြသလိုက်တာပဲ ဖြစ်ပါတော့တယ်။

ဦးမျိုးကြီး