မြန်မာနိုင်ငံမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းတွေ သုံးစွဲမှုနှင့် ပတ်ဝန်းကျင်က တစ်ဆင့်ခံရှူရှိုက်မိတာတွေကြောင့်  နှစ်စဉ် လူဦးရေ ခြောက်သောင်းခွဲလောက်ဟာ နှလုံးသွေးကြောပိတ်ခြင်း ဦးနှောက် သွေးကြောပိတ်ခြင်း လေဖြတ်ရောဂါတွေနဲ့ အခြားရောဂါဝေဒနာတွေကို ခံစားပြီး သေဆုံးနေတယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ ကမ္ဘာတဝန်းမှာ နှစ်စဉ် လူဦးရေ  ၇ သန်းကျော်ဟာ နာတာရှည်ရောဂါ မျိုးစုံဖြစ်ပွားနေတာဖြစ်ပါတယ်။ သက်တမ်းစေ့မနေရဘဲ အချိန်မတိုင်ခင် သေဆုံးနေကြရပြီး ဒီ ၇ သန်းကျော်ထဲက ၉ သိန်းလောက်ကတော့ ကိုယ်တိုင် ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းတွေ သုံးစွဲတာမဟုတ်ဘဲ သူတစ်ပါးရဲ့ ဆေးလိပ်ငွေ့ကို တဆင့်ခံရှူရှိုက်မိရာကနေ ရောဂါတွေ ကြုံတွေ့ခံစားရပြီး သေဆုံးနေကြရတာဖြစ်ပါသည်။ မြန်မာနိုင်ငံမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီးပါတဲ့ ကွမ်းယာစားသုံးမှုဟာ ၄၃ ရာခိုင်နှုန်းလောက် ရှိပြီး အရှေ့တောင်အာရှနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အများဆုံး သုံးစွဲနေတာကိုလည်း တွေ့ရတယ်လို့ ကျန်မားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီလို သုံးစွဲမှုတွေ မြင့်တက်နေတဲ့ဟာတွေကို လျှော့ချဖို့အတွက်လဲ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ ကို ၂ဝဝ၆ ခုနှစ်ကတည်းက ထုတ်ပြန်ထားပြီးဖြစ်ပေမယ့် ဥပဒေ သက်ဝင် နိုင်ဖို့ အတွက်ကတော့ ပူးပေါင်းပါဝင်လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက နေပြည်တော်မှာ ဇွန် ၂၅ ရက်နေ့က ပြုလုပ်တဲ့ ဆေးလိပ်သောက်သုံးထိမ်းချုပ်ရေး ဆွေးနွေးပွဲမှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအတော်များများမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ထိန်းချုပ်ရေးအတွက် အခွန်တိုးမြှင့်ကောက်ခံခြင်း၊ ဆေးလိပ်သောက်သုံးမှု ပိတ်ပင်ခြင်း၊ ဆေးလိပ်ကင်းမဲ့ဇုန်မူဝါဒများ ချမှတ်အကောင်အထည်ဖော်ခြင်းနှင့် ဆေးလိပ်လုပ်ငန်းများမှရသည့် အမြတ်အစွန်းကို တတ်နိုင်သမျှလျှော့ချ ခြင်း စသည့်နည်းလမ်းများ ချမှတ်ထားပေမဲ့ တကယ်တမ်းမှာတော့ ထိုနည်းဥပဒေ၊ စည်းမျဉ်းများကို အသက်ဝင်လာအောင် အကောင်အထည် ဖော်နိုင်ဖို့ ခက်ခဲနေဆဲဖြစ်ပါသည်။ ကမ္ဘာပေါ်မှာ အမျိုးသားလေးဦးလျှင် တစ်ဦးမှာ ဆေးလိပ်ကို ပုံမှန်သောက်ရှူကြသူများဖြစ်နေပါသည်။ အရေ အတွက်ဖြင့်ဆိုရသော် အမျိုးသားဦးရေ ၉၃၃ သန်းခန့်မှာ ဆေးလိပ်သောက်သူများဖြစ်ပြီး ၎င်းတို့၏ ၈ဝ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သူများဖြစ်ကြပါသည်။ ထိုသန်းတစ်ထောင်နီးပါးမျှသော ဆေး လိပ်သမားများအနက် ထက်ဝက်ခန့်မှာ ဆေးလိပ်ကြောင့် အရွယ်မတိုင်မီ ကွယ်လွန်ကြရမည့်သူများဖြစ်ပါသည်။

 

Health Care