မြန်မာနိုင်ငံဟာ ၁၉၉ဝ တစ်ဝိုက် ဈေးကွက်ဖွင့်စီးပွားရေးစနစ် ပြောင်းလဲလာတာနဲ့အတူ ဈေးဆိုင်တွေ၊ စားသောက်ဆိုင် တွေ၊ ကုန်စုံဆိုင်တွေ လျင်မြန်စွာတိုးပွားလာပါတယ်။ ပုဂ္ဂလိကစီးပွားရေးအခန်းကဏ္ဍဟာ ဆိုရှယ်လစ်စနစ်ဆိတ်သုဉ်းသွား ခြင်းနဲ့အတူ အရေးပါလာပါတယ်။ ပုဂ္ဂလိကစားသောက်ကုန်လုပ်ငန်းတွေလည်း ကြီးထွားလာပါတယ်။ အထူးသဖြင့် မြန်မာ လူမျိုးတွေ နေ့စဉ်စားသုံးနေကြတဲ့ အစားအစာလုပ်ငန်းတွေဟာ အမြတ်အစွန်းပမာဏကြီးမားတဲ့အတွက် ရင်းနှီးမြုပ်နှံသူ တွေ ပိုမိုများပြားလာပါတယ်။

ဒီလုပ်ငန်းတွေထဲမှာ ဆန်စပါး၊ စားသုံးဆီ၊ ငရုတ်သီးမှုန့်ထုတ်လုပ်ခြင်း၊ ဆပ်ပြာလုပ်ငန်းတွေဟာ တစ်နိုင်ငံလုံးက နိုင်ငံသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံစားကုန်တွေဖြစ်တာကြောင့် ဒီစီးပွားရေးကိုလုပ်ကိုင်တဲ့ လုပ်ငန်းရှင် တွေဟာ လျင်မြန်စွာချမ်းသာကြွယ်ဝလာပါတယ်။ ဒီနေရာမှာ စားသုံးကုန်ပစ္စည်းထုတ်လုပ်မှုကို လူတွေရဲ့ ကျန်းမာရေး မထိခိုက်အောင် စံချိန်စံညွှန်းနဲ့တကွ ထုတ်လုပ်သူတွေရှိသလို အရည်အသွေးနိမ့်တဲ့ကုန်ကြမ်းတွေသုံးပြီး အမြတ်အစွန်း ပိုမိုကျန်အောင် ထုတ်လုပ်နေတဲ့ စီးပွားရေးသမားတွေလည်းရှိပါတယ်။ ဒီထက်ပိုဆိုးတာက လူတွေရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေတဲ့ အမျိုးအမည်တွေ၊ လူတွေစားသုံးရန်မသင့်တဲ့ ဓာတုပစ္စည်းတွေ ရောနှောပြီး ထုတ်လုပ်နေတဲ့ ဝိသမ လောဘသား စီးပွားရေးသမားတွေလည်း ပေါ်ပေါက်လာပါတယ်။ စားသုံးသူတွေအတွက် ကျန်းမာရေးမထိခိုက်စေ တဲ့ အစားအစာတွေရော ထိခိုက်စေတဲ့ အစားအစာတွေပါ ဈေးကွက်ထဲမှာ ရောနှောရောင်းချနေတာကြောင့် သာမန် ရိုးရိုး ပြည်သူလူထုတွေအနေနဲ့ ခွဲခြားဝယ်ယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်နိုင်ငံသားတွေရဲ့ ကျန်းမာရေး ကို ကာကွယ်စောင့်ရှောက်ဖို့ သက်ဆိုင်ရာအစိုးရဌာနတာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဈေးကွက်ထဲမှာရှိနေတဲ့ အဆင့်အတန်းမမီသော စားသောက်ကုန်တွေကို တားဆီးရှင်းလင်းရမှာဖြစ်ပါတယ်။

နေ့စဉ်စားနေတဲ့ အစားအသောက်တွေထဲမှာ ဝိသမလောဘသား စီးပွားရေးသမားတွေ ရောနှောရောင်းချနေတဲ့ အစား အသောက်တွေရှိပါတယ်။ ဥပမာအားဖြင့် မြန်မာလူမျိုးတွေဟာ လ္ဘက်ကို အတော်ကြိုက်ကြပါတယ်။ အလှူအတန်းတွေ မှာလည်း လ္ဘက်ပွဲဟာ မပါမဖြစ်ထည့်သွင်းသလို စီးပွားဖြစ်ရောင်းချတဲ့ ထမင်းဆိုင်တွေမှာလည်း ထမင်းစားပြီးရင် လ္ဘက်ပွဲနဲ့ ထန်းလျက်ကိုတော့ တည်ခင်းလေ့ရှိပါတယ်။ ဒါ့ကြောင့် အင်မတန်ကြီးမားတဲ့ လ္ဘက်ဈေးကွက်ထဲမှာ အမြတ်ထုတ်ယူနေမှု တွေရှိလာပါတယ်။ လ္ဘက်ဟာ မြန်မာနိုင်ငံရဲ့ အေးမြတဲ့အရပ်ဒေသတွေမှာသာပေါက်ရောက်ပြီး အရွက်ကို ဂရုတစိုက် ခူးဆွတ်ပြီး အဆင့်ဆင့်ပြုလုပ်တင်ပို့ ရောင်းချရတာဖြစ်လို့ လ္ဘက်တစ်ဘူးချင်းရဲ့တန်ဘိုးဟာ ဈေးနှုန်းမြင့်မားပါတယ်။ ဒါ့ကြောင့် စီးပွား ရေးသမားတွေဟာ လ္ဘက်ညွန့်နဲ့တူတဲ့ ရာဘာညွန့်တွေကို ရောနှောပြုလုပ်ပြီး ချဉ်ငံစပ်အရသာထည့် မပုပ်ဆေးတွေထည့်ပြီး ဆီများများစိမ်ကာ ပုလင်းပိတ်ရောင်းချ ကြပါတယ်။ လ္ဘက်ညွန့်တစ်ပုလင်းကို ၆ဝဝဝ ကျပ်နဲ့ ရောင်းချနေချိန်မှာ ရာဘာညွန့် ၁ဝ ကျပ်သားကို ငွေ ၃ဝဝ ကျပ်ပဲ ရင်းနှီးမြှုပ်နှံရပါတယ်။ ဒါ့ကြောင့် ကုန်သည်တချို့ဟာ ရာဘာခြံတွေနဲ့ ချိတ်ဆက်ပြီး အညွန့်တွေကို ဝယ်ယူနေတာ တွေ့နေရပါတယ်။ လ္ဘက်ဆိုပြီး ရောင်းချတဲ့ ဆီစိမ်ပုလင်းထဲမှာ လ္ဘက်ညွန့်နဲ့ ရာဘာညွန့်ရောနှောထားတာကိုလည်း အထောက်အထားအတိအကျနဲ့ တွေ့ရှိရပါတယ်။ လ္ဘက်ညွန့်အစစ်ဟာ အနားသတ်အဖုအထစ်တွေပါပြီး ရာဘာညွန့်ကတော့ အနားသတ်ပြောင်ချောနေပါတယ်။

နောက်အန္တရာယ်ရှိတဲ့အစား အသောက်တစ်မျိုးကတော့ ရပ်ကွက်တွေ ဈေးတွေရှေ့မှာလက်ညှိုးထိုးမလွဲတွေ့နေရတဲ့ အကင်ဆိုင်တွေပဲဖြစ်ပါတယ်။ ကြက်တောင်ပံ၊ ကြက်အသည်း၊ ကြက်အူ၊ ငါးကင်တွေ ရောင်းချတဲ့ဆိုင်တွေကို လိုက်လံ စစ်ဆေးကြည့်ရှုတဲ့ ကျန်းမာရေးဝန်ထမ်းဆိုတာ မတွေ့ဖူးပါဘူး။ အဆိုးဆုံးကတော့ ကိုရီးယားအကင်ဆိုင်တွေပဲ ဖြစ်ပါ တယ်။ ကိုရီးယားအကင်ဆိုင်လို့ နာမည်တပ်ထားပေမယ့် ဒီအကင်တွေကို ကိုရီးယားနိုင်ငံမှ တိုက်ရိုက်တင်သွင်းလာတာမျိုး မတွေ့ရပါဘူး။ တိုက်ရိုက်တင်သွင်းလာတယ်ဆိုရင်လည်း ဒီဈေးနှုန်းနဲ့ မရောင်းချနိုင်ပါဘူး။ ကိုရီးယားအကင်အများစုဟာ တရုတ်နိုင်ငံက တင်သွင်းလာတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကြက်သား၊ အမဲသား၊ ဝက်သား၊ ငါး၊ ဂဏန်း၊ ပုဇွန်တွေက ဈေးနှုန်းမြင့်မားတဲ့အတွက် ပေါပေါလောလောရနိုင်တဲ့ ကြွက်၊ မြွေနဲ့ တီကောင်တွေကို ရောနှောကြိတ်ကာ ကြက်အူချောင်း၊ ငါးဖယ်ချောင်း၊ ဂဏန်းချောင်းဆိုပြီး ဆိုးဆေးတွေဆိုးလို့ ရောင်းချနေတာ ဖြစ်ပါတယ်။

နောက်တစ်မျိုးကတော့ အိမ်တိုင်းမရှိမဖြစ် ဝယ်ရတဲ့စားဆီပါပဲ။ ဝင်ငွေနည်းပါးတဲ့ သာမန်လူတန်းစားတွေက ကျန်းမာရေး အရ အန္တရာယ်ရှိတဲ့ စားအုန်းဆီကိုပဲ ဝယ်ယူချက်ပြုတ်ရသလို ဝင်ငွေအထိုက်အလျောက်ရှိတဲ့ လူတန်းစားကတော့ ပဲဆီကို ဝယ်ယူစားသုံးကြပါတယ်။ ပဲဆီစစ်စစ်ကို ထုတ်လုပ်ရောင်းချနေတဲ့ လုပ်ငန်းရှင်တွေရှိပေမယ့် ပဲဆီအတုကို ရောင်းချနေတဲ့ စီးပွားရေးသမားတွေလည်းရှိပါတယ်။ ပဲဆီအတုကို ဘယ်လိုပြုလုပ်သလဲဆိုတော့ စားအုန်းဆီတစ်ပေပါထဲမှာ အီလန် ဆပ်ပြာမှုန့်တစ်ထုပ်ဖောက်ထည့်ပြီး တစ်ညလုံးစိမ်ထားပါတယ်။ နောက်တစ်နေ့ရောက်မှ ဓာတုနည်း နဲ့ဖော်စပ်ထားတဲ့ တရုတ်နိုင်ငံလုပ် ပဲဆီအနံ့လေးကို ရောမွှေထည့်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားကာ မခဲတဲ့ပဲဆီစစ်စစ်ဆိုပြီး ရောင်းချ နေတာဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ ကားဂိတ်တွေနဲ့ အဝေးပြေးလမ်းမဘေးတွေမှာ ရောင်းချနေတဲ့ ပုဇွန်ချဉ်၊ ငါးဖယ်ချဉ်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပုဇွန်ဈေး၊ ငါးဖယ်ဈေးတွေဟာ ဈေးနှုန်းခေါင်ခိုက်နေတာမို့ အချဉ်မသိပ်နိုင်ပါ ဘူး။ ပုဇွန်စစ်စစ်၊ ငါးဖယ်စစ်စစ် နဲ့အချဉ်သိပ်ရင်လည်း ဒီဈေးနဲ့မရောင်းနိုင်ပါဘူး။ ဒီတော့ ထုတ်လုပ်တဲ့သူတွေက ထမင်းကို အချဉ်ဖောက်ပြီး ရေခဲမုန့်၊ ဖာလူဒါတွေမှာသုံးတဲ့ ပန်းရောင်ဆိုးဆေးကို ထည့်မွှေပြီးတော့ ပြုလုပ်ပါတယ်။ ပြီးမှ ငှက်ပျောရွက်နဲ့ထုပ်၊ ပါကင်ပိတ်တံဆိပ်ကပ်ပြီး ရောင်းချနေတာဖြစ်ပါတယ်။ အခုဆိုရင် ငွေပမာဏကြီးကြီးမားမားရင်းရတဲ့ လုပ်ငန်းတွေတင် အတုလုပ်နေကြတာမဟုတ်ပါဘူး။ ဈေးထဲမှာရောင်းတဲ့ ဈေးသည်တွေတောင် ပစ္စည်းတွေကို အကြံအဖန် တွေပြုလုပ်လာကြပါတယ်။ ငါးသည်တွေဆိုရင် မလတ်တော့တဲ့ ငါးဇင်ရိုင်းတို့ ငါးရံ့တို့ကို အညှိတွေချွဲနေမှ လတ်တယ်ထင် အောင် ခေါင်းလျှော်တဲ့ တရော်အချွဲတွေနဲ့နယ်ပြီး ရောင်းချကြပါတယ်။ ပုဇွန်ဆိုရင်အခွံစိမ်းမှ လတ်တယ်ထင်လို့ အစိမ်းရောင်ဆိုးဆေးကို ရေနဲ့ဖျော်စပ်ဆိုးပြီးမှ ရောင်းပါတယ်။ ငါးပုဏ္ဏားဆိုရင် ဗိုက်ကို အဝါရောင်ဆိုးပါတယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် နို့မလိုင်ရောင်းတဲ့ဆိုင်တောင် တစ် ရှုးစက္ကူတွေနို့ထဲထည့်ကြိုပြီး မလိုင်အဖြစ်ရောင်းချကြပါတယ်။

မြန်မာနိုင်ငံမှာ အစားအသောက်ရောင်းချတဲ့ စားသောက်ဆိုင်တွေဟာ အပြင်ပန်းလှအောင်ဆိုင်အပြင်အဆင်ကို ခမ်းခမ်း နားနားပြုလုပ်ကြပါတယ်။ ဒါပေမယ့် အစားအစာချက်ပြုတ်တဲ့ နောက်ဖေးမီးဖိုချောင်နဲ့ ရေဆိုးထုတ်လုပ်တဲ့စနစ်ကို သွားကြည့်ရင်အင်မတန်ရွံစရာ ကောင်းပါတယ်။ အသားငါးတွေလှီးတဲ့ ရေကန်ဆိုရင် အရိအရွဲတွေ တက်နေလေ့ရှိပါတယ်။ မီးဖိုထဲက ရေဆိုးတွေကိုလည်း နောက်ဖေးမှာ အလွယ်တကူသွန်တဲ့အတွက် နောက်ဖေးကိုသွားကြည့်ရင် ရေသိုးနံ့တွေ၊ အနံ့ဆိုးတွေထွက်နေတာတွေ့ရပါတယ်။ အသားငါးတွေကိုလှီးတဲ့ စဉ့်နှီးတုံးတွေဟာ သေချာမဆေးတဲ့အတွက် ပထမနေ့က အသားအကြွင်းအကျန်တွေနဲ့ ပုပ်အဲ့နံစော်နေတတ်ပါတယ်။ မီးဖိုချောင်မှာ တာဝန်ယူတဲ့ဝန်ထမ်းတွေဟာ နိုင်ငံတကာမှာလို လက်အိတ်တွေ၊ ရင်ဘတ်စည်းတွေ၊ ခေါင်းစွပ်တွေ ဝတ်ဆင်လေ့မရှိသလို ညှပ်ဖိနပ်ပဲစီးပြီး ချက်ပြုတ်လေ့ရှိပါတယ်။ ဒါ့ကြောင့် စားသောက်ဆိုင်တွေရဲ့နောက်ဖေးမီးဖိုချောင်ဟာ ရောဂါဘယတွေ အလွယ်တကူ ခိုအောင်းနိုင်တဲ့နေရာကြီးတစ်ခု ဖြစ်နေပါတယ်။

ဒီအခြေအနေတွေကို ပြုပြင်ပြောင်းလဲဖို့ မြန်မာနိုင်ငံရဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေဟာ မစွမ်းဆောင်နိုင်သေးဘူးလို့ဘဲ မှတ်ချက်ပြုရမှာဖြစ်ပါတယ်။ အစားအသောက်ထိန်းချုပ်ကွပ်ကဲရေးအတွက် FDA ဆိုတာရှိပေမယ့် ရန်ကုန်မြို့တော်နဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့အစားအသောက် ဘေးကင်းလုံခြုံရေးကို စေ့စေ့စပ်စပ်လွှမ်းခြုံစစ်ဆေးနိုင်စွမ်းမရှိသေးပါဘူး။ ဒါ့ကြောင့် Food Security လို့ခေါ်တဲ့ အစားအသောက် ဘေးကင်းလုံခြုံရေးအတွက် မြန်မာနိုင်ငံမှာဘယ်သူ တာဝန်ယူမလဲဆိုတာ မေးခွန်းထုတ် လိုက်ရတာဖြစ်ပါတယ်။

ဇော်သက်ထွေး

Health Care