ကိုယ်ဝန်ဆောင်မိခင်များဟာ လစေ့ပြီးဗိုက်နာရေဆင်းလို့ မွေးချင်လာတဲ့အခါ ဆေးရုံတက်၍ မွေးကြပါတယ်။ အဲလိုမွေးတဲ့အခါ ရိုးရိုးမွေးကြတာရှိသလို ရိုးရိုးမမွေးနိုင်လို့ ခွဲမွေးရတာမျိုးလည်း ရှိကြပါတယ်။ သားဦးမိခင်တွေဆိုလျှင် ရိုးရိုးမွေးတဲ့အခါ မွေးလမ်းကြောင်းက ကျဉ်းနေပါတယ်။ ထိုအခါ အလွယ်တကူ အဆင်ပြေပြေ ကလေးထွက်လာနိုင်အောင်ဆိုပြီး မွေးလမ်းကြောင်းချဲ့ပေးရပါတယ်။ ကလေး မွေးပါများလာလျှင်တော့ မွေးလမ်းကြောင်းချဲ့စရာမလိုတော့ပါဘူး။ မွေးလမ်းကြောင်းကကျယ်နေပြီးသား ဖြစ်တဲ့အတွက်ပါ။

ကလေးမွေးကြတဲ့အခါမှာ ကျွန်တော်သတိထားမိတာတစ်ခုကတော့ သားဦးမိခင်တွေဟာ တချို့ဆို ဗိုက်နာကျဉ်ခြင်း သိပ်မခံစားရဘဲ မွေးတတ်ကြပါတယ်။ ဒုတိယမြောက်ကိုယ်ဝန်ဖြစ်ခဲ့ရင်တော့ ဗိုက်နာတာပိုခံစားရသလို ထွက်တာလဲ အနည်းငယ်ကြာတတ်ပါတယ်။ သုံးယောက်မြောက်၊ လေးယောက်မြောက်ဆိုလျှင်တော့ သိပ်လဲမနာ ထွက်တာလဲမြန်ပါတယ်။ တစ်ခါတလေကျတော့လဲ သားဦးမှာတင် အော်ဟစ်နေတော့တာပါပဲ။

ကဲ ထားပါတော့။ မွေးလမ်းကြောင်းချဲ့တယ်ဆိုတာ ကလေးမြန်မြန်ထွက်လာနိုင်အောင်၊ ထွက်လာတဲ့အခါ မွေးလမ်း ကြောင်းတစ်ဝိုက် စုတ်ပြဲမှုနည်းအောင်ဆိုပြီး မွေးလမ်းကြောင်းအပေါက်နဲ့စအိုနှစ်ခုအကြား အရေပြားဖြစ်တဲ့ Perineum ကို ညှပ်လိုက်တာပါပဲ။ ဒီလိုညှပ်လိုက်တဲ့အခါ အထွက်ပေါက်က ပိုကျယ်သွားပြီး ကလေးထွက်လာစေပါတယ်။

ခုနညှပ်လိုက်တဲ့အရေပြား Perineum ဆိုတာ အမွေးအမျှင်မရှိသလောက် နည်းတဲ့နေရာဖြစ်သလို အဲ့ဒီအရေပြားအောက်မှာ အဆီလွှာမရှိဘဲ ကြွက်သားသာရှိပါတယ်။

ဒါဆို ဒီမွေးလမ်းကြောင်းကို ဘယ်လိုအခြေအနေမှာ ညှပ်ကြမလဲ။ ထိုအရေပြားဆိုးရွားစွာ စုတ်ပြဲသွားတဲ့ အခြေအနေတွေဖြစ်တဲ့ သားဦးမွေးခါနီး ခေါင်းမြင်နေရတဲ့အခါ အရင်ညှပ်ထားပေမယ့် အမာ ရွတ်တက်နေသောအခါ၊ ကလေးမျက်နှာက ဆီးခုံဘက်ရောက်နေတဲ့အခါ၊ မျက်နှာနဲ့ထွက်လာတဲ့အခါ၊ ကလေးကြီးတဲ့အခါ၊ ပုခုံးတစ်နေတဲ့ အခါတွေမှာရယ်၊ ခေါင်းထွက်တာကြာနေတဲ့အခါ၊ နှလုံးရောဂါ၊ သွေး တိုးရောဂါရှိလို့ မြန်မြန်ထွက်စေချင်တဲ့အခါ၊ ကလေးအသက်ရှူကျပ်နေတဲ့အခါ၊ ချက်ကြိုးကျွံကျသောအခါ၊ လမစေ့မွေးပြီး ဦးနှောက်တွင်းသွေးယိုမှုနည်းစေချင်တဲ့အခါ၊ ဆုံပိုင်းနဲ့မွေးတဲ့အခါ၊ အကူကိရိယာဖြစ်တဲ့ ညှပ်ဆွဲမွေးခြင်း၊ လေစုပ်မွေးတဲ့အခါ မွေးလမ်းကြောင်းကို ချဲ့ပေးဖို့လိုပါတယ်။

မွေးလမ်းကြောင်းချဲ့တာမှာ ပုံအမျိုးမျိုးရှိပါတယ်။ ပထမတစ်မျိုးက အတည့်ညှပ်ချတာပါ။ စအို ဆီဦးတည်ပြီးညှပ်တာပါ။ ဒီပုံစံမျိုးသုံးခြင်းဟာ သွေးထွက်နည်းခြင်း၊ ပြန်ချုပ်ရလွယ်ခြင်း၊ အနာကျက် မြန်စေခြင်း၊ သိပ်မနာခြင်းဖြစ်စေပါတယ်။ သို့သော် အောက်က စအိုထိပေါက်သွားနိုင်ခြေ ၆ဆ ရှိပါတယ်။ နောက်တစ်မျိုးက ဘေးဘက်သို့ညှပ်ခြင်းပါ။ ထိုသို့ညှပ်ခြင်းဟာ စအိုကြွက်သားမထိခိုက်တော့ပါဘူး။ သို့သော် ညှပ်ရထူခြင်း၊ သွေးပိုထွက်ခြင်း၊ ပြန်ချုပ်ရလျှင် သိပ်မတွဲတတ်ပါဘူး။ တော်တော်များများသုံးနေတာကတော့ အ တည့်ဘေးပုံစံမျိုးပါ။ ပထမအတည့်အောက်ဘက်ကို အနည်းငယ်ညှပ်ပြီး ဘေးဘက်သို့စောင်းပြီး ဆက်ညှပ်သွားတာပါ။ ဒီတစ်မျိုးကျတော့ စအိုကြွက်သားလည်း သိပ်မထိဘူး။ လုပ်ရလွယ်ကူတယ်။ ပြန်ချုပ်ရလည်း လွယ်ပါတယ်။ မကောင်းတာကတော့ အနာကျက် နည်းနည်းနှေးတယ်။ သွေးပိုထွက်တယ်။ ချုပ်ပြီးချုပ်ရိုးက ပိုနာတတ်ပါတယ်။ တစ်ချို့က ဂျေပုံသဏ္ဍာန်ညှပ်ပါတယ်။ သူကတော့ စအိုကြွက်သားမပါဘူး။ သို့သော် ချုပ်ရပိုခက်ပါတယ်။

ကလေးမြန်မြန်ထွက်နိုင်အောင်၊ စုတ်ပြဲမှုနည်းအောင် မွေးလမ်းကြောင်းချဲ့ပေမယ့် နောက်ဆက်တွဲ ဆိုးကျိုးတော့ ရှိတတ်ပါသေးတယ်။ ညှပ်တာများသွားလျှင် စအိုကြွက်သားထိ၍ မစင်လမ်းကြောင်းထိ ပေါက်သွားခြင်း၊ သွေးထွက်များ ခြင်း၊ သွေးခဲစုခြင်း၊ ပိုးဝင်ခြင်း၊ အနာပြန်ကွဲထွက်ခြင်း၊ ပြန်ချုပ်တာ များသွားတဲ့အခါ အပေါက်ကျဉ်းလွန်းသွားပြီး အမျိုးသားနဲ့အတူနေတဲ့အခါ နာကျဉ်ခြင်း၊ နောက်တစ် ကြိမ်မွေးတဲ့အခါ စအိုထိပြဲနိုင်ခြေရှိခြင်းတွေ ရှိတတ်ပါတယ်။

မွေးလမ်းချဲ့ပြီးပြန်ချုပ်ရတဲ့အခါ အလွှာသုံးလွှာကို ပြန်ချုပ်ရပါတယ်။ နူးညံ့တဲ့အသားဖြစ်တဲ့ Mucosa အလွှာရယ်၊ ကြွက်သားအလွှာရယ်၊ အရေပြားအလွှာရယ် သုံးလွှာပြန်ချုပ်ရပါတယ်။ ချုပ်တဲ့အခါ နည်းဥပဒေသကတော့ သွေးထွက်တာ ထိန်းနိုင်ရမယ်။ နေရာလွတ်၊ ဟနေတဲ့နေရာ မကျန်ရဘူး။ တအားတင်းပြီး မချုပ်ရပါဘူး။

ပြန်ချုပ်ပြီးတဲ့အခါမှာလည်း ဂရုပြုနေရပါမယ်။ လူနာက မွေးပြီးမှ အောက်က အရမ်းနာနေသလား။ သွေးတအားဆင်းနေသလား။ ဖောင်းလာနေသလား။ ဖြူဖျော့ပြီး မူးဝေလာသလားဆိုတာတွေ ရှိမရှိ လူနာကိုမှာထားရမှာဖြစ်သလိုရှိလျှင် ချက်ချင်းလာပြောခိုင်း ထားရပါမယ်။ အဓိကကြောက်ရတာက သွေးစုခြင်းပါ။ ချုပ်နေရင်း ချက်ချင်းသိရင်တော့ ပြန်ဖွင့်ပြီး ပြန်ချုပ်ရပါမယ်။ နာရီအနည်းငယ်ကြာမှ သိရင်တော့ ခွဲခန်းထဲမှာ ခါးရိုးဆစ်ထုံဆေးပေးပြီး ပြန်ဖွင့်ပြီး သွေးထွက်ရာနေရာရှာပြီး ပြန်ချုပ်ရပါတယ်။ လိုအပ်လျှင် ပိုးသတ်ဆေးထိုးထားရပါ မယ်။ တချို့ကျတော့ အိမ်ပြန်ရောက်ပြီးမှ ချုပ်ရိုး ပြန်ကွဲထွက်တာလည်း ရှိတတ်ပါတယ်။ တစ်ချို့ကျ ဆေးရုံမဆင်းခင်မှာ ကတည်းက ပြန်ကွဲထွက်တတ်ကြပါတယ်။ ဒါဆိုရင်တော့ ပြန်ချုပ်ဖို့ လိုအပ်ပါမယ်။

မွေးလမ်းချဲ့ထားတဲ့နေရာထဲ ပိုးဝင်ပြီး ပြည်တည်တာတော့ ရှားသွားပါပြီ။ ဘာလို့လဲဆို လူနာတိုင်းကို မွေးပြီး ပိုးသတ်ဆေး တွေတိုက်ထားတယ်။ သေချာရေနဲ့ဆေးခိုင်းထားတယ်။ ထဘီသန့်သန့်တွေဝတ်ခိုင်းတယ်။ ပိုးသတ်ဆေးရည်အဝါ အမြဲ ထည့်ခိုင်းထားတာကြောင့် ပိုးဝင်နိုင်မှုကတော့ နည်းပါတယ်။

ဒေါက်တာဇွဲကောင်းချစ်

Health Care