HC: မြန်မာနိုင်ငံက အလှအပဆေးခန်းတွေမှာ အလှအပအတွက် ခွဲစိတ်တာတွေက တရားဝင်ပါသလား။

Ans: ကျွန်တော်ထင်တာတော့ ဆေးခန်းတွေက သူတို့ဘယ်လို မှတ်ပုံတင်တာလဲဆိုတဲ့အပေါ်မူတည်တယ်။ သူတို့ တရားဝင်ခွဲစိတ်ခွင့်မှတ်ပုံတင်ထားတယ်၊ မထားဘူးဆိုတာကတော့ အတိအကျ ကျွန်တော် မပြောတတ်ဘူး။

HC: မြန်မာနိုင်ငံမှာ အခုအခါ မျိုးသမီးအချို့ (အထူးသဖြင့် အနုပညာလောကကသူတွေနဲ့မော်ဒယ်တွေ)က သူ့တို့ရင်သားထဲကို ဆီလီကွန်ထည့်လာကြတာတွေ့ရပါတယ်။ ဆီလီကွန်ထည့်တဲ့ အကျိုးအပြစ်လေးတွေ ပြောပြပေးပါ။

Ans: ရင်သားထဲကို ဆီလီကွန်ထည့်တယ်ဆိုတာက ကိုယ့်လက်ရှိ ရှိနေတဲ့ ရင်သားကို ကျေနပ်မှုမရတဲ့အခါမှာ သူတို့က ပြောင်းလဲမှုအတွက် ထည့်ကြတယ်။ ဥပမာအကြမ်းဖျင်းပြောရရင် ကိုယ့်ရင်သားကိုကြီးအောင် လုပ်ချင်တဲ့သူကများတာပေါ့။ ကိုယ်ရှိနေတဲ့ဟာကို မကျေနပ်ဘူး။ ဒီထက်ပိုလှချင်တယ်။ ပိုဖွံ့ဖြိုးချင်တယ်။ အဲဒါ ကြောင့် ထည့်တယ်။ ထည့်တော့ဘာဖြစ်လဲဆိုတော့ တချို့ကကိုယ်ထည့်တဲ့ရလဒ်ကိုကျေနပ်တယ်။ အဆင်ပြေနေရင်ပြီးတာပဲ။ နောက်တစ်ခုက ဘာဖြစ်လဲဆိုတော့ ထည့်တုန်းကတော့ ဒီလောက်ထည့်တယ်။ ဒီလောက်ဆိုရပြီ။ ဒီလောက်ဆိုလှမယ်။ စိတ်ကူးနဲ့မှန်းပြီးထည့်တယ်။ တကယ်တမ်းထည့်ပြီးဖြစ်လာတာက အရွယ်ပမာဏက အရမ်းကြီးတာတို့၊ ကိုယ်ထင်သလောက်မကြီးတာတို့၊ အဲ့လိုဖြစ်နေရင် ကျေနပ်မှုမရဘူး။ နောက်တစ်ခုက ခွဲစိတ်ပြီးတော့ ထည့်တာဖြစ်တဲ့အတွက်ကြောင့် ခွဲစိတ်မှုကြောင့်ဖြစ်တဲ့ ပိုးဝင်တာတို့ဖြစ်နိုင်တာပေါ့။ ကိုယ်ထည့်တဲ့ပစ္စည်းသည် အကြာကြီးထည့်ထားမှာ ဖြစ်တာကြောင့် တာရှည်ခံလား၊ မခံလားစသဖြင့် ပြဿနာမျိုးဖြစ်လာနိုင်တယ်။ ဒီတော့ ရင်သားကိုကြီးထွားအောင် ဆီလီကွန်ထည့်မယ်ဆိုရင်ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးအပြစ်တွေကို သက်ဆိုင်ရာ ဆရာဝန်ဆီမှာ သေချာစုံစမ်းမေးမြန်းပြီးမှ ထည့်သင့်တယ်လို့ အကြံပြုချင်ပါတယ်။

HC: ကော်လက်ဂျင်သောက်ရင် တကယ်ရော အသားဖြူပါသလားဆရာ။

Ans: ကော်လက်ဂျင်ဆိုတာ အမှန်တော့ ဖြည့်စွက်အစားအစာဖြစ်ပါတယ်။ ကော်လက်ဂျင်ကို သောက် လိုက်ရင် အစာအိမ်ထဲမှာ ကော်လက်ဂျင်ကို ဖျက်လိုက်ပြီး အမိုင်နိုအက်စစ်လေးတွေပဲ ပြန်ထွက်တယ်။ အမိုင်နိုအက်စစ်တွေကို ခန္ဓာကိုယ်ကနေပြီးတော့  ကော်လက်ဂျင်အဖြစ် အချို့နေရာမှာ ပြန်တည်ဆောက်တယ်။ သောက်လိုက်တဲ့ကော်လက်ဂျင်သည် ကော်လက်ဂျင်အတိုင်း လူ့ခန္ဓာကိုယ်ထဲမှာ လျှောက်သွားလို့မရဘူး။ သောက်လိုက်ပြီဆိုရင် အစာအိမ်ထဲမှာ သူကဖျက်လိုက်တာ။ ဖျက်ပီးမှထွက်လာတယ်။ ကော်လက်ဂျင်က အမိုင်နိုအက်စစ်နဲ့ ဖွဲ့စည်းထားတာဆိုတော့ အဲ့အမိုင်နိုအက်စစ်တွေကို ခန္ဓာကိုယ်ကပြန်သုံးပြီး ကော်လက်ဂျင်အဖြစ်တည် ဆောက်တယ်။ ဟိုးအစက ကော်လက်ဂျင်တွေကို ဖျက်ပစ်တာဖြစ်တာကြောင့် ဘာမှသိပ်မထူးဘူးလို့ပြောတယ်။ လေ့လာမှုတွေလဲရှိတယ်။ အချို့သောသူတွေကတော့ ကော်လက်ဂျင်သောက်ရင် ၁၅ ရာခိုင်နှုန်းကစပြီး ဖြူလာတယ်လို့ ပြောတဲ့သူတွေလည်းရှိတယ်ပေါ့။ ကော်လက်ဂျင်ဆိုတာ ဆေးတွေနဲ့မတူဘူး။ ဆေးတွေဆိုရင် ဒီဆေးကို သောက်ရင်ဘယ်နှစ်နာရီကြာရင် ဘယ် Level ရောက်ပြီးတော့ ဘာ Effect တွေရှိတယ်ဆိုတာ အတိအကျလေ့လာမှု တွေလုပ်ပြီးမှ မှတ်ပုံတင်ရောင်းချခွင့်ရတာ။ အဲဒီအတိအကျ Data တွေကိုသိမှ လူနာကိုအချိန်အဆနဲ့ပေးလို့ရတယ်။

ကော်လက်ဂျင်ကျတော့ ဒါကို သောက်လို့ပြဿနာ ဖြစ်တယ်လို့ လူတစ်ယောက်ယောက်က မတိုင်သရွေ့ သူတို့က လိုက်မစစ်ဘူး။ အဲဒါကြောင့် ကော်လက်ဂျင်သောက်လို့ အသားဖြူတယ်ဆိုတာသည် ကျွန်တော်တို့ (ဥပမာပြောရရင် – အကိုက်အခဲပျောက်ဆေးသောက်လို့ ဘယ်လောက်ကြာရင် အကိုက်အခဲပျောက်မယ်လို့ ပိုးသတ်ဆေးသောက်လို့ ဘယ်နှရက်ကြာရင် ပိုးသေမယ်လို့) အဲ့လိုမျိုးအတိအကျကြီး သေသေချာချာ လေ့လာထားတဲ့ လေ့လာမှုမျိုးမရှိဘူးလို့ ပြောရမှာပေါ့နော်။

Health Care