၁။ လူကြီး ၅ ယောက်မှာ တစ်ယောက်ဟာ ရေကူးကန်ထဲမှာ သေးပေါက်ပါတယ်

အရွယ်ရောက်ပြီးသူအများအပြားဟာ ရေကူးကန်ထဲမှာ သေးပေါက်ခဲ့ဖူးကြောင်း ဝန်ခံကြပါတယ်။ ၂ဝ၁၂ ခုနှစ်က ရေအရည်အသွေးနဲ့ ကျန်းမာရေးကောင်စီကပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ အမေရိကန်ရှိ အရွယ် ရောက်ပြီးသူ ၅ ယောက်မှာ ၁ ယောက်ဟာ ရေကူးကန်ထဲမှာ သေးပေါက်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ရေစက်လက်နဲ့ အိမ်သာဆီပြေးသွားပြီး ဆီးသွားတာထက် ဘယ်လောက်ပဲ လွယ်ကူစေကာမူ ဒီလိုမျိုး ရေကူးကန်ထဲဆီးသွားတဲ့အပြုအမူဟာ မလုပ်သင့်တဲ့ အပြုအမူပဲဖြစ်ပါတယ်။

၂။ ရေကူးကန်ထဲမှာ ဝမ်းနဲနဲသွားမိတာမျိုးလဲ ရှိနိုင်ပါတယ်

အမေရိကန်မှာ အများပြည်သူဆိုင်ရာ ရေကူးကန်တွေ၊ ရေနွေးစိမ်ကန်တွေ ရေနဲ့ဆော့ကစားရာ ဥယျာဉ်တွေမှာ ရေအရည်အသွေးညံ့ဖျင်းမှုဟာ ကျန်းမာရေးထိခိုက်နိုင်တဲ့အဆင့်အထိဖြစ်တဲ့အတွက် ပိတ်လိုက်ရတာမျိုးဟာ အဲဒီလိုနေရာမျိုး ၈ ခုမှာ ၁ ခုလောက်အထိ ရှိနေတယ်လို့ ဆိုပါတယ်။ အများဆုံးတွေ့ရတဲ့ ညစ်ညမ်းမှုဖြစ်စေတဲ့ အကြောင်းရင်းကတော့ မစင်တွေပါနေလို့လို့ဆိုပါတယ်။ ဝမ်းလျှောနေတုန်း ရေကူးတဲ့သူတွေ ရေချိုးကန်သုံးတဲ့ သူတွေကနေ လာတယ်လို့ ယူဆကြပါတယ်။ ဝမ်းသွားချတာ ဒါမှမဟုတ် မစင်ပေနေတဲ့စအိုတစ်ဝိုက် အရေပြား ကနေတစ်ဆင့် ရေထဲရောက်သွားတာမျိုးလို့ဆိုပါတယ်။ ရေကူးတဲ့အချိန်မှာ ဝတ်ထားနိုင်တယ်ဆိုတဲ့ အတွင်းခံ အဝတ် (Diaper) တွေဟာလဲ အမှန်တကယ်မှာ စိတ်မချရဘူးလို့ ဆိုပါတယ်။

၃။ တစ်ချို့သော ဘက်တီးရီးယားတွေဟာ ကလိုရင်းကို ခံနိုင်ရည်ရှိပါတယ်

ရေကူးကန်တွေမှာ လူအတွက်အန္တရာယ်ဖြစ်စေနိုင်တဲ့ပိုးတွေကို ကလိုရင်းခတ်ပြီး သုတ်သင်ဖယ်ရှားပေမယ့် ကလိုရင်းအလုပ်လုပ်ဖို့ အချိန်လိုပါတယ်။ ကလိုရင်းခတ်ပြီး မိနစ်ပိုင်းအတွင်း ပိုးအများစုကို ရှင်းလင်းပြီး ဖြစ်ပေ မယ့် Cryptosporidium လိုပိုးမျိုးဟာ ကလိုရင်းခတ်ထားတဲ့ ရေထဲမှာ ရက်အနည်းငယ်ဆက်ပြီး ရှင်သန်နေနိုင် တာကို တွေ့ကြရပါတယ်။

၄။ လူအများစုဟာ ရေမချိုးဘဲ ရေကူးကြပါတယ်

အထက်မှာဖော်ပြခဲ့တဲ့ ရေအရည်အသွေးနဲ့ ကျန်းမာရေးကောင်စီရဲ့ ၂ဝ၁၂ အစီရင်ခံစာမှာ ၉ဝ ရာခိုင်နှုန်းနီးပါး သောသူတွေဟာ ရေမကူးခင် ရေချိုးရမယ်ဆိုတဲ့အချက်ကို မပြုလုပ်ကြပါဘူး။ အဲဒီအတွက် ရေကူးကန်ထဲက ရေထဲမှာ ပိုးတွေပိုများစေပါတယ်။ ရေကူးတာဟာ ရေချိုးခြင်းကိုအစားထိုးတာ မဟုတ်ပါဘူး။ လူတစ်ချို့ဟာ ဒီအချက်ကိုမသိဘဲ ရေကူးကန်တွေကို အများပြည်သူရေချိုးကန်နဲ့ အမှတ်မှားနေသလိုရှိပါတယ်။ ရေကူးကန်ထဲကရေတွေသန့်စင်စေဖို့ ရေမကူးခင် ရေချိုးသင့်ပါတယ်။

၅။ ရေကူးပြီး မျက်စိနီလာတာ ကလိုရင်းကြောင့်မဟုတ်ပါ

ရေကူးပြီး မျက်စိနီလာတာကို ကလိုရင်းကြောင့်လို့ သမားရိုးကျယူဆခဲ့ကြပေမယ့် အမှန်တကယ်မှာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ အမှန်တကယ်မှာတော့ မျက်စိနီလာခြင်းဟာ ရေကူးကန်ထဲကရေထဲမှာရှိနေတဲ့ လူတွေရဲ့ ကိုယ်ခန္ဓာကနေထွက်တဲ့ အရည်တွေ (ဆီး၊ ဝမ်းနဲ့ချွေးအပါအဝင်)နဲ့ ထိတွေ့မှုကြောင့်လို့ ဆိုပါတယ်။

၆။ ရေကူးကန်ထဲကရေနံ့ဟာ သင်ထင်သလို ဓာတုပစ္စည်းတွေရဲ့ အနံ့မဟုတ်ပါ

အမေရိကန်မှာ လူလေးပုံသုံးပုံလောက်က ရေကူးကန်ထဲက ရေနံ့ဟာ ကလိုရင်းများနေလို့ဆိုပြီးထင်ကြပါတယ်။ အမှန်တကယ်မှာတော့ ဒီအနံ့ဟာ ကလိုရင်းမလုံလောက်တဲ့အနံ့လို့ဆိုရမှာပါ။ ဓာတုပစ္စည်းတွေဟာ ဆီး၊ ဝမ်း၊ ချွေးနဲ့ လူ့ခန္ဓာကိုယ်က အညစ်အကြေးတွေနဲ့ ထိတွေ့တဲ့အခါ Chloramine ဆိုတဲ့ ဓာတ်ပေါင်းတစ်မျိုးဖြစ်သွားပြီး အနံ့ထွက်လာတာပါ။ ဒီအခြေအနေဟာ ကလိုရင်းလိုအပ်နေသေးကြောင်း ပြတာဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ဓာတုပစ္စည်းနံ့ရနေရမယ်ဆိုရင် ရေကူးကန်ထဲကရေမှာ ကလိုရင်းများနေတယ်လို့ ဆိုလိုတာမဟုတ်ဘဲ ဆန့်ကျင်ဘက်ဖြစ်နေတာဖြစ်ပါတယ်။

ရေကူးကန်ဆိုင်ရာ လိုက်နာသင့်တဲ့အချက်လေးတွေကို ဖော်ပြလိုပါတယ်။

ပထမဆုံးကတော့ ဝမ်းရောဂါရှိနေရင် ရေသွားမကူးဖို့ဖြစ်ပါတယ်။ ရေမချိုးဘဲ ရေကူးကန်ထဲ ဘယ်တော့မှ မဆင်းပါနဲ့။ ကလေးတွေရဲ့ အောက်ခံအဝတ်အစားကို သေချာစစ်ဆေးရမှာဖြစ်သလို တစ်နာရီပြည့်တိုင်း ကလေးတွေကို အိမ်သာဆီခေါ်သွားသင့်ပါတယ်။ ရေကူးကန်ထဲကရေထဲမှာ ကလိုရင်းဘယ်လောက်ရှိနေလဲ ဆိုတာကို လိုအပ်မယ်ဆိုရင် စစ်ဆေးကြည့်သင့်ပါတယ်။

ကိုအောင် (ဆေး – ၁)

Health Care