ကိုမြင့်နိုင်ကြီးလို့ နာမည်ပြောင်ပေးထားတဲ့ COVID-19 ကပ်ရောဂါဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားမျိုးနွယ်အားလုံးကို အလွန်ကြီးမားတဲ့ ဂယက်ရိုက်ခတ်မှုနဲ့ ယိမ်းယိုင်လှုပ်ခါနေအောင် တိုက်ခိုက်လျက်ရှိပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးဟာ နာမည်ပြောင်ပေးတဲ့နေရာမှာ ပါရဂူလို့ဆိုရမလားထင်ရပါတယ်။ အခုဆိုရင် ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် လူတိုင်းပါးစပ်ဖျားမှာ ကိုမြင့်နိုင်ကြီးဆိုတာ ရေပန်းစားနေပြီး အားလုံးသိတဲ့ အသုံးအနှုန်းတစ်ခုဖြစ်နေပြီပေါ့။ အဲဒီကိုမြင့်နိုင်ကြီး အဲလေ ကိုဗစ်နိုင်တင်းဆိုတာ တရုတ်နိုင်ငံ၊ ဝူဟန်မှာ စတွေ့ခဲ့လို့ စစချင်းမှာ ဝူဟန်ဗိုင်းရပ်စ်လို့ခေါ်ခဲ့ကြတာ။ နောက်တော့ တရုတ်ကြီးက သူ့နိုင်ငံရဲ့ မြို့နာမည်နဲ့ မကောင်းဆိုးဝါးကပ်ရောဂါပိုးကို နာမည်မပေးချင်လို့ WHO ကို အရေးဆိုတာကြောင့် COVID-19 ရယ်လို့ နာမသညာခေါ်တွင်စရာ ဖြစ်ခဲ့တယ်ဆိုလိုပါတယ်။ အဓိပ္ပာယ်ကတော့ Coronavirus Disease 2019 ကိုရိုနာပိုးမွှားရောဂါ ၂၀၁၉ လို့ပြောရမှာပေါ့။ ရောဂါပိုးနာမည်ဆိုတော့ ကိုယ့်နိုင်ငံရဲ့ ပုံရိပ်အထိခိုက်ခံပြီး ဘယ်သူက ကိုယ်တိုင်းပြည်ထဲက မြို့နာမည်ကိုပေးနိုင်ပါမလဲ။ ရောဂါကာကွယ်ဆေးတို့၊ ကုသဆေးတို့ဆိုရင်တော့ အလုအယက် ဖြစ်ကြမယ်ထင်ပါရဲ့။ ကိုယ်ချင်းစာပါတယ်။

တကယ်တော့ ဒီရောဂါပိုးမွှားရဲ့ မူလအမည်ရင်းကိုက Corona ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပိုး မွှားအမျိုးအမည်လို့ဆိုရမှာပါ။ ဥပမာ သတ္တဝါတွေကို အမျိုးအမည် သတ်မှတ်သလို လူဆိုရင် ဒါက သတ္တဝါအမျိုးအမည်ပေါ့။ ပြီးတော့ မှ တရုတ်၊ ဂျပန်၊ မြန်မာ၊ ကိုရီးယားဆိုတာတွေက အမျိုးအစားတွေ ဖြစ်ပါတယ်။ ဒီလိုပဲ Coronavirus ဟာလည်း အမျိုးအစားပေါင်းမြောက် များစွာရှိတာတွေ့ရပါတယ်။ ရှေ့ ပိုင်းမှာဖြစ်ပွားခဲ့တဲ့ SARS တို့ MERS တို့ဆိုတဲ့ ရောဂါတွေဟာလည်း အမျိုးအစားကွဲပြားတဲ့ ကိုရိုနာပိုးမွှားတွေကြောင့်ပေါ် ပေါက်ခဲ့တာဖြစ်ပါတယ်။ ခြုံပြီးပြောရရင် ကိုရိုနာပိုးမွှားဟာ အသက်ရှုလမ်းကြောင်းကို ထိခိုက်ပျက်စီးစေတဲ့ပိုးမွှားတစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့ မျိုးရိုးဗီဇနဲ့ သန္ဓေပြောင်းလဲမှုပေါ်မူတည်ပြီး အမျိုးအစားပေါင်း မြောက်မြားစွာ ခွဲထွက်ပွားများလျက်ရှိပါတယ်။ အဲဒီအမျိုးအစားတွေ ဟာလည်း သူ့ထက်သူ လူစွမ်းကောင်းများလို့ ဆိုရမလို တစ်မျိုးထက်တစ်မျိုး အစွမ်းတွေထက်နေကြတာ အခုတွေ့ကြရတဲ့အတိုင်းပါပဲ။ ၂၀၁၄ ခုနှစ်က SARS နောက်ထပ်မကြာမီမှာ MERS နဲ့ အခု ကိုဗစ်ဆိုပြီး အဆင်ဆင့်ဖြစ်လာခဲ့တဲ့ ရောဂါတွေအားလုံးဟာ တစ်ချိန်ထက်တစ်ချိန် အစွမ်းအစတွေ ပိုကောင်းလာတဲ့ ကိုရိုနာပိုးမွှားတွေကြောင့်ချည်းဖြစ်ပါတယ်။ ကိုရိုနာပိုးမွှား (Coronavirus) အကြောင်းကို နောက်ကြောင်းပြန် လေ့လာကြည့်ရင် ဒီကနေ့ ကြုံတွေ့နေရတဲ့ ကပ်ရောဂါဟာ အရင်တုန်းက ဖြစ်ခဲ့တာတွေနဲ့ ဘယ်လိုဆက်စပ်နေသလဲ၊ နောက်ထပ်ဘာတွေ ဖြစ်လာနိုင်သေးသလဲဆိုတဲ့ အချက်တွေကို စိတ်ဝင်စားဖွယ်တွေ့ရမှာ ဖြစ်ပါတယ်။

ကနဦးအနေနဲ့ ပြောပြချင်တာကတော့ COVID-19 နဲ့အတူ ကမ္ဘာ့မီဒီယာစာမျက်နှာမှာ နာမည်ကြီးလာတဲ့ တရုတ်နိုင်ငံ ဝူဟန်ပိုးမွှားဗေဒသိပ္ပံက ပိုးမွှားဗေဒပညာရှင် ဒေါက်တာ ရှီကျန်းလီအကြောင်း ဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ် မေလမှာ မွေးဖွားခဲ့လို့ အခုဆိုရင် အသက်အားဖြင့် ၅၆ နှစ်ဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ်မှာ ဝူဟန်တက္ကသိုလ်ကနေ မျိုးရိုးဗီဇဆိုင််ရာ ဇီဝဗေဒ ဘာသာရပ်အဓိကနဲ့ ပထမဘွဲ့ကိုရရှိခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှာတော့ တရုတ်သိပ္ပံအကယ်ဒမီအောက်မှာရှိတဲ့ ဝူဟန်ပိုးမွှားဗေဒသိပ္ပံကနေ မဟာဘွဲ့ကိုရရှိခဲ့ပါတယ်။ ဒေါက်တာရှီဟာ သူရဲ့ပါရဂူဘွဲ့ကိုတော့ ၂၀ဝ၀ ပြည့်နှစ်မှာ ပြင်သစ်နိုင်ငံ မောင့်မယ်လီယေတူး တက္ကသိုလ်က နေရခဲ့တာဖြစ်ပါတယ်။

ဒေါက်တာရှိီဟာ ဝူဟန်ပိုးမွှား ဗေဒသိပ္ပံမှာရှိတဲ့ ကူးစက်ရောဂါဆန်းများ သုတေသနပြုရာ ဓာတ်ခွဲဌာနရဲ့ ညွှန်ကြားရေးမှူးဖြစ်ပြီး သူ့ရဲ့ဓာတ်ခွဲခန်းဟာ ဇီဝလုံခြုံမှု အဆင့် ၄ ရှိပါတယ်။ ဓာတ်ခွဲခန်းဟာ ဝူဟန်မြို့၊ ကွန်းရှားခရိုင်မှာ တည်ရှိပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ဒေါက်တာရှီနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ချွေကျဲတို့ဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ထူးခြားတဲ့အချက် တစ်ချက်ကို ဖော်ထုတ်တွေ့ရှိခဲ့ကြပါတယ်။ အဲဒီအချက်ကတော့ SARS ရောဂါကိုဖြစ်စေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း ဝေးလံခေါင်သီတဲ့ ဒေသကနေ လင်းနို့အုပ်စုတွေက စတင်ခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၂၀၁၉ ခုနှစ် နှောင်းပိုင်းကနေ အခုထိရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကာလအတွင်းမှာတော့ ဒေါက်တာရှီဟာ ကမ္ဘာ့သတင်းစာမျက်နှာမှာ လင်းနို့မယ်လို့ လူသိများ ထင်ရှားလာခဲ့ပါတော့တယ်။

ရှီနဲ့ ချွေကျဲတို့ဟာ ၂၀ဝ၅ ခုနှစ်ကစပြီး လင်းနို့တွေဟာ SARS လိုမျိုး အလားတူ ကိုရိုနာဗိုင်းရပ်စ်တွေရဲ့ သဘာဝဂိုဒေါင်တွေဖြစ်တယ်ဆိုတာ ဖော်ထုတ်သိရှိခဲ့ကြပါတယ်။ အဲဒီနောက် SARS ရောဂါဟာ လင်းနို့တွေကနေတဆင့် လူသားတွေကို ပြန့်ပွားကူးစက်မှုရှိ၊ မရှိသိရဖို့ သုတေသနအဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး လေ့လာခဲ့ပါတယ်။ အဲဒီသုတေသနအဖွဲ့ဟာ လင်းနို့တွေကရတဲ့ သဘာဝပရိုတိန်းနဲ့ ပုံတူမျိုးပွားဖန်တီးထားတဲ့ ပရိုတိန်းတွေကို လူ၊ ကြောင်ကတိုးနဲ့ လင်းနို့တွေရဲ့ လက်ခံဆဲလ်တွေမှာ တွယ်ကပ်စေပြီး စမ်းသပ်ခဲ့တာပါ။ ၂၀၁၄ ခုနှစ်မှာ ရှီဟာ အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်း နားတက္ကသိုလ်က ရဲဗ့်အက်စ်ဘားရစ်ဦးဆောင်တဲ့ အဖွဲ့နဲ့အတူ စမ်းသပ်မှုတွေလုပ်ပါတယ်။ အဲဒီစမ်းသပ်မှုကနေပြီးတော့ MERS  ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်မှာ တွေ့ရတဲ့ သန္ဓေသစ်နှစ်မျိုးဟာ လူသားတွေမှာရှိတဲ့ လက်ခံဆဲလ်ရဲ့ ပရိုတိန်းနဲ့ ချိတ်ဆက်ပြီး မျိုးပွားနိုင်တာတွေ့ခဲ့ရပါတယ်။ ဒါအပြင် SARS ရောဂါဟာ သဘာဝလင်း နို့အုပ်စုတွေထဲမှာ ပျံ့နှံ့နေတဲ့ကိုရိုနာဗိုင်းရပ်စ်ကနေ အသစ်ပေါက် ဖွားလာနိုင်ခြေရှိတယ်ဆိုတာလည်း ဖော်ထုတ်ခဲ့ပါတယ်။

ရှီကျန်းလီနဲ့ သူ့အဖော် ချွေကျဲတို့ဟာ တရုတ်နိုင်ငံတဝှမ်းမှာရှိတဲ့ မြင်းခွာလင်းနို့ကောင်ရေ ထောင်နဲ့ချီပြီး နမူနာယူ စမ်းသပ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ သူတို့ဟာ SARS ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇအစိတ်အပိုင်းတွေကို ယူနန်ပြည်နယ်ထဲက လှိုဏ်ဂူတွေမှာ ကျက်စားတဲ့လင်းနို့တွေထဲမှာ တွေ့ရှိကြောင်းဖော်ထုတ်ခဲ့ပြီး သူတို့ရဲ့တွေ့ရှိချက်ကိုလည်း စာတမ်းအဖြစ်ထုတ်ဝေခဲ့ပါတယ်။ သူတို့ရဲ့ လေ့လာတွေ့ရှိချက်အရ ကိုရိုနာဗိုင်းရပ်စ်တွေဟာ လင်းနို့အုပ်ထဲမှာ မျိုးဗီဇအမျိုးမျိုးပြောင်းပြီး ကူးစက်ပြန့်ပွှားကြကြောင်း၊ ၂၀ဝ၂ နဲ့ ၂၀၁၄ မှာဖြစ်ခဲ့တဲ့ SARS ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကိုတော့ ဘယ်လင်းနို့တစ်ကောင်တလေကမှ လက်ခံပေါက်ပွားခြင်းမရှိခဲ့ကြောင်း၊ မျိုးရိုးဗီဇဆိုင်ရာသုတေသနအလို ဆိုရင်တော့ မတူကွဲပြားတဲ့မျိုးဗီဇတွေဟာ တစ်ခါတရံ အချင်းချင်း ပေါင်းစပ်ပြီး မျိုးရိုးဗီဇအသစ်တွေ ဖြစ်လာကြောင်း၊ ဒါကြောင့် လူသားတွေကို ကူးစက်တဲ့ ဗိုင်းရပ်စ် ပိုးဟာ လင်းနို့တွေမှာရှိတဲ့ ကိုရိုနာ ဗိုင်းရပ်စ်အမျိုးစုံရဲ့ မတူညီတဲ့ မျိုးရိုးဗီဇတွေ အချင်းချင်းပေါင်းစပ်ပြီး အသစ်ပေါက်ဖွားလာတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ဖော်ပြထားပါတယ်။

လက်ရှိ COVID-19 ကပ်ရော ဂါကာလအတွင်းမှာ ဒေါက်တာ ရှီနဲ့ တခြားသိပ္ပံပညာရှင်တွေစုဖွဲ့ပြီး SARS-CoV-2 (Severe Acute Respiratory Syndrome Coronavirus 2)  ကို သုတေသနပြုဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ဖေဖော်ဝါရီလထဲမှာ သူတို့အဖွဲ့ဟာ လင်းနို့မှ ကူးစက်နိုင်ဖွယ်ရှိသော ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်တစ်မျိုးနဲ့ ဆက်နွယ်သည့် အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုဆိုတဲ့ ခေါင်းစဉ်နှင့် ဆောင်းပါးတစ်ပုဒ်ကို ရေးသားတင်ပြခဲ့ပါတယ်။ အဲဒီဆောင်းပါးမှာ SARS-CoV-2  ဟာ SARS ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်အမျိုးအစားနဲ့ မျိုးစုတစ်စုတည်းဖြစ်ကြောင်း၊ သူ့ရဲ့ မျိုးဗီဇအချက်အလက်တွေဟာ သူနဲ့ဆက်စပ်နေတဲ့ လက်ရှိလေ့လာတွေ့ရှိပြီး ကိုရိုနာဗိုင်းရပ်စ်တွေနဲ့ (၉၆.၂) ရာခိုင်နှုန်းတူညီနေတယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ဆောက်သ်ချိုင်းနားမောနင်းပို့စ်သတင်းစာကနေပြီး ရှီရဲ့ ဆယ်စုနှစ်ချီ သုတေသနတွေ့ရှိချက်ဟာ လင်းနို့တွေရဲ့ ဆက်စပ်နေတဲ့ ဗိုင်းရပ်စ်တွေနဲ့ ပတ်သက်လို့ ကမ္ဘာပေါ်မှာ အချက်အလက်အများဆုံးကို ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ဒီဗိုင်းရပ်စ်တွေကို နားလည်သိရှိဖို့ တရုတ်သိပ္ပံအဖွဲ့ အစည်းကို အသာစီးရရှိစေခဲ့ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ ဒါအပြင် ဒေါက်တာရှီဟာ ဝူဟန်ပိုးမွှားဗေဒသိပ္ပံကို ဗိုင်းရပ်စ်စတင် ပေါက်ဖွားရာနေရာလို့ ဖော်ထုတ်ခဲ့သူဖြစ်ကြောင်း စွပ်စွဲချက်နဲ့ တရုတ်လူမှုမီဒီယာမှာ ပုဂ္ဂိုလ်ရေးအရ အဓိကတိုက်ခိုက်ခံနေရကြောင်းလည်း ဖော်ပြခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းစာရဲ့ မေးမြန်းချက်အပေါ် ရှီက “ဒီဗိုင်းရပ်စ်ဟာ ဓာတ်ခွဲခန်းနဲ့ ဘာမှမပတ်သက်ပါဘူး။ ကျွန်မအသက်နဲ့လဲပြီး ကျိန်ပြောရဲတယ်”လို့ ဖြေခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ကတော့ “ဒါတွေကို ဖြေရှင်းနေဖို့ ကျွန်မအချိန်မရှိဘူး။ ကျွန်မမှာ ဒီထက်အရေးကြီးတဲ့ အလုပ်တွေ အများကြီးရှိတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လထဲမှာ ဆိုင်းယင့်တစ်အမေရိကန်မဂ္ဂဇင်းနဲ့ အင်တာဗျူးတော့ ရှီက “လင်းနို့ကနေ ကူးစက်တဲ့ ကိုရိုနာဗိုင်းရပ်ကြောင့် ဒုက္ခတွေအများကြီးထပ် ဖြစ်ဦးမယ်။ အဲ့ဒီ ဗိုင်းရပ်စ်တွေ ကျွန်မတို့ကို မတွေ့ခင် ကျွန်မတို့က သူတို့ကို တွေ့အောင်ရှာရလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။

ဒီနေရာမှာ ထူးခြားတဲ့ ဖြစ်ရပ်လေးတစ်ခုရှိသေးတယ်။ အဲဒါကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက အမေရိကန်ကနေ ဝူဟန်ပိုးမွှားဗေဒသိပံ္ပကို စေလွှတ်ခဲ့တဲ့ အရာရှိတချို့က ဝါရှင်တန်ကို သံတမန် လမ်းကြောင်းကနေ ပို့ခဲ့တဲ့ သတင်းပေးပို့ချက်ဖြစ်ပါတယ်။ အဲဒီသတင်းပို့ချက်မှာ “ဝူဟန်ပိုးမွှားဗေဒသိပ္ပံမှာရှိတဲ့ ဓာတ်ခွဲခန်းရဲ့ လုံခြုံမှုနဲ့ စီမံခန့်ခွဲမှုမှာအားနည်းချက်တွေရှိကြောင်း၊ နောက်ပြီး အဲဒီဓာတ်ခွဲခန်းမှာ လင်းနို့ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစမ်းသပ်မှုတွေ လုပ်ကိုင်နေကြောင်းနဲ့ ဒီဓာတ်ခွဲစမ်းသပ်မှုတွေကနေတစ်ဆင့် လူတွေကို ကူးစက်ပြီး SARS လိုမျိုး ကပ်ရောဂါသစ်တွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိကြောင်း ဖော်ပြပါရှိခဲ့ပါတယ်။ အဲဒီအရာရှိတွေဟာ ဒေါက်တာရှီကျန်းလီနဲ့လည်း တွေ့ဆုံခဲ့ကြပါသေးတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးက ထိပ်တန်းပိုးမွှားဗေဒပညာရှင်တွေကတော့ ရောဂါပိုးတွေဟာ ဝူဟန်ဓာတ်ခွဲခန်းကနေ ထွက်လာတယ်ဆိုတဲ့ အယူအဆကို လက်မခံကြပါဘူး။ ကူးစက်ရောဂါ အမျိုးအစားသစ်တွေကို လေ့လာနေတဲ့ Ecohealth Alliance အဖွဲ့အစည်းက ပညာရှင် ပီတာဒါးဇက်ကတော့ “အရှေ့တောင်အာရှမှာ လင်းနို့တွေရဲ့ အနီးအပါးမှာနေတဲ့သူ၊ အလုပ်လုပ်တဲ့သူတွေဟာ ခန့်မှန်းခြေအားဖြင့် ၁ သန်းက နေ ၇ သန်းထိရှိတယ်ဗျ။ ဓာတ်ခွဲ ခန်းထဲမှာ အလုပ်လုပ်တဲ့သူအရေအတွက်က ဒါဇင်ဝက်လောက်ရှိနိုင်တာပေါ့။ ဒီတော့ တစ်နှစ်မှာ လူဦးရေ တစ်သန်းကနေ ခုနစ်သန်းအကြားထိတွေ့မှုနဲ့ ဒါဇင်ဝက်လောက် ထိတွေ့မှုယှဉ်ကြည့်လေ။ ဒါဟာ ယုတ္တိမရှိနိုင်ပါဘူး”လို့ အင်တာဗျူးတစ်ခုမှာ ပြောသွားပါတယ်။

ဒါပေမယ့် တစ်ဖက်မှာ ပြန်ကြည့်ရင် ဓာတ်ခွဲခန်းရဲ့ ဇီဝလုံခြုံမှု၊ ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှုဆို တာတွေဟာလည်း မေးခွန်းထုတ် စရာဖြစ်ပါတယ်။ နောက်တစ်ချက်က ဝူဟန်ဓာတ်ခွဲခန်းမှာ အလွန်ကြောက်စရာကောင်းတဲ့ မျိုးဗီဇပေါင်း ၁၅၀ဝ ကျော်ကို သိုမှီးထားခဲ့တာဖြစ်ပါတယ်။ ဒါအပြင် လင်းနို့မယ်ဒေါက်တာရှီကျန်းလီကလည်း ဘယ်သူတွေ ဘာပြောပြော သူ့ရဲ့သုတေသနတွေကို ရှေ့တိုးလုပ်ဖို့နဲ့ အသစ်ထပ်ပေါ်လာမယ့် ကပ်ရောဂါတွေကို ကာကွယ်ဖို့ ပိုအရေးကြီးကြောင်း ပြောထားပါတယ်။ ပြီးတော့ သူက လင်းနို့ဂူတွေထဲက ဗိုင်းရပ်စ်နမူနာတွေကို စနစ်တကျ သုတေသနပြုဖို့ နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခု ဆောင်ရွက်ဖို့ စီမံကိန်းရေးဆွဲနေကြောင်းနဲ့ တစ်ကမ္ဘာလုံးမှာ ကျန်နေသေးတဲ့ လင်းနို့တွေမှာရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုး ဗီဇပေါင်း ၅၀ဝ၀ ကျော်လောက် ထပ်ပြီး တွေ့ရလိမ့်မယ်မျှော်မှန်းထားကြောင်း ပြောပါသေးတယ်။ ဒီတော့ ခြုံငုံသုံးသပ်ရရင် ကိုရိုနာဗိုင်းရပ်စ်မျိုးတွေဟာ COVID-19 နဲ့တင် ပြီးမှာမဟုတ်ပါဘူး။ နောက်ထပ်ပြီး COVID-19 နံပါတ်ဘယ် လောက်ထိပေါ်လာဦးမလဲ မပြော နိုင်ဘူး။ သတိထားကြရမှာကတော့ မလွဲဧကန်ဖြစ်ကြောင်းပါ။

မောင်ကြာလှ