ကိုယ်အလေးချိန်တန်းနဲ့ ယှဉ်ပြိုင်ထိုးသတ်ရတဲ့ လက်ဝှေ့ ဒါမှမဟုတ် ကိုယ်ခံပညာအားကစားပြိုင်ပွဲတွေမှာ ကိုယ်အလေးချိန်ချိန်တဲ့အချိန်ခါမှာ သတ်မှတ်ဝိတ်တန်းအလေးချိန် ဖြစ်နေဖို့ဟာ အတော်လေးအရေးပါပါတယ်။ အဲဒီအတွက် ကိုယ်အလေးချိန်လျော့အောင်တိုးအောင် ထပ်ပြီး ပြုလုပ်ကြရတတ်ပါတယ်။

လက်ရှိမှာ မြန်မာလက်ဝှေ့သမားတွေအနေနဲ့ ၅ ကီလိုကနေ ၇ ကီလိုအထိ အလေးချိန်ချထားတဲ့ နိုင်ငံခြားသား တွေနဲ့ ယှဉ်ပြိုင်ရာမှာ တစ်ပန်းရှုံးနေပါတယ်။ နိုင်ငံခြားသားတွေဟာ သူတို့ချထားတဲ့ကိုယ်အလေးချိန်ကို တစ်ည အတွင်း ပြန်တက်အောင်လုပ်နိုင်တဲ့အတွက် ပြိုင်ပွဲမှာ မြန်မာကစားသမားတွေဟာ ကိုယ့်ထက်ဝိတ်များစွာ သာလွန်သူနဲ့ ထိုးရသလို ဖြစ်နေပါတယ်။ ဒါ့ကြောင့် ဆေးစစ်၊ ဝိတ်ချိန်တဲ့အခါမှာ သတ်မှတ်တဲ့ကိုယ်အလေးချိန် အထိလျှော့ချနိုင်ဖို့နဲ့ ဝိတ်ချိန်အပြီးမှာ မူလဝိတ်ပြန်ရအောင်တင်ဖို့အတွက် ဒီဆောင်းပါးက အထောက်အကူဖြစ် မယ်လို့ မျှော်လင့်ပါတယ်။

ကိုယ်အလေးချိန် မချိန်ခင်အလေးချိန်လျော့အောင်ဆိုရင်တော့

၁။ တစ်နေ့ကို ကစီဓာတ် ၅ဝ ဂရမ်လောက်ပဲစားပါ။

စားလိုက်တဲ့ ကစီဓာတ်တွေဟာ လူ့အလေးချိန်ရဲ့ နှစ်ဆလောက်ရှိတဲ့ ရေဓာတ်ကို စုပ်ယူပြီး ထိန်းသိမ်းထားတာ ဖြစ်တဲ့အတွက် အဲဒီရေဓာတ်ကို လျှော့ချအောင်လုပ်ဖို့ ခက်ခဲစေပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်မချိန်ခင် ရက်သတ္တပတ်အတွင်းမှာ တစ်နေ့ကို ကစီဓာတ် ၅ဝ ဂရမ်လောက်ပဲစားသုံးသင့်ပါတယ်။ အကောင်းဆုံးကတော့  ထိုးသတ်မယ့်နေ့မတိုင်မီအထိ အဲဒီလိုကစီဓာတ်လျှော့ချစားသုံးသင့်တာဖြစ်ပါတယ်။ စားသုံးတဲ့ကစီဓာတ်ကို ဘယ်လိုတွက်ချက်သလဲဆိုတာကတော့ နည်းအမျိုးမျိုးရှိပါတယ်။ စားသုံးတဲ့ အစာတွေနဲ့ ထုပ်ပိုးစက္ကူပေါ်မှာ ဖော်ပြထားတဲ့ အာဟာရတန်ဖိုးထဲကနေ တွက်ချက်တာ၊ စားသုံးတဲ့အစာတွေရဲ့ အာဟာရတန်ဖိုးကို တွက်ချက် ပေးတဲ့ ဆော့ဖ်ဝဲလ်တွေ အသုံးပြုတွက်ချက်တာ စသဖြင့် ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ သစ်သီးတွေ၊ သကြားနဲ့ ကော်မှုန့် စတာတွေကို ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

၂။ ပရိုတိန်းနဲ့ အဆီများများ စားပါ

ဒီအစားအစာတွေဟာ ကိုယ်အလေးချိန်မတက်စေဘဲ စွမ်းအင်ကို ပိုလို့ပေးနိုင်ပါတယ်။ ဥတွေ၊ အသား၊ အစိမ်းရောင်အရွက်တွေ စတာတွေကို ကိုယ်အလေးချိန်မချိန်ခင် ရက်သတ္တပတ်မှာ စားသုံးရမှာဖြစ်ပါတယ်။ ကိုယ်အလေးချိန်ချိန်တဲ့နေ့မှာတော့ ကိုယ်အလေးချိန်လျော့နည်းနေဖို့ဆိုရင် အစားနည်းနည်းလေးပဲ စားရမှာ ဖြစ်ပါတယ်။ နိုးနိုးချင်း ကြက်ရင်ပုံသားနဲ့ ဘရိုကိုလီနည်းနည်းစားတာ၊ ဟင်းသီးဟင်းရွက်နည်းနည်းကို နေ့လယ်စာအဖြစ်စားတာ စတာမျိုးဖြစ်ပါတယ်။

၃။ အစားအစာထဲမှာ ဆားပါဝင်မှုတတ်နိုင်သလောက်လျှော့ပါ

ဆားဟာ ရေဓာတ်ကို ကိုယ်ခန္ဓာထဲမှာ ထိန်းသိမ်းထားနိုင်တဲ့အတွက် ကိုယ်အလေးချိန်လျှော့လိုတဲ့အချိန်မှာ ဆားကိုလျှော့ချရမှာဖြစ်ပါတယ်။ အသက်ရှင်ရပ်တည်ဖို့ လုံလောက်ရုံ ဆားနည်းနည်းသာစားပြီး အဲဒီပိုလျှံနေ မယ့် ဆားတွေကို လျှော့ချရမှာပါ။ ဆားမပါတဲ့ အသားနဲ့ ဟင်းသီးဟင်းရွက်တွေကို အရသာကင်းမဲ့လွန်းနေရင် တခြားသောအမယ်တွေ အနံ့တွေထည့်ပြီး စားချင်စဖွယ်ဖြစ်အောင် ပြုလုပ်နိုင်ပါတယ်။ ဟင်းခတ်မှုန့်တော့ မသုံးသင့်ပါဘူး။ ကိုယ်ခန္ဓာဟာ တစ်နေ့ကို ပုံမှန်အလုပ်လုပ်နေဖို့ ဆား ဝ.၁၈ ဂရမ်ပဲလိုတာဖြစ်တဲ့အတွက် ဆားကို လုံးဝနည်းပါး လျှော့ချစားသုံးလို့ရပါတယ်။

၄။ ရက်သတ္တပတ်ကို တစ်နေ့ ရေ ၈ လီတာသောက်ပြီးစတင်ပါ

ကိုယ်အလေးချိန်ချဖို့ အဓိကအချက်တစ်ခုက သင့်ကိုယ်ခန္ဓာထဲကရေဓာတ်ကို လျှော့ချဖို့ဖြစ်ပါတယ်။ ကိုယ်အလေးချိန်မချိန်မီ ၅ ရက်လောက်ကစပြီး တစ်နေ့ ရေ ၈ လီတာ သောက်တာဟာ ရေဓာတ်ထိန်းတဲ့ ဟော်မုန်းထွက်ရှိမှုကိုနည်းစေပြီး ကိုယ်ခန္ဓာအတွင်းက ရေဓာတ်တွေကို ပိုပြီးဆုံးရှုံးစေနိုင်ပါတယ်။ အဲဒီလိုဖြစ်ဖို့ တစ်နေ့ကို ဆီး(၁ဝ)ကြိမ် အထက်သွားရမှာဖြစ်ပါတယ်။

၅။ ထိုးသတ်ပွဲနားနီးလာရင်တော့ ရေလျှော့သောက်ပါ

ကိုယ်လေးချိန်မချိန်မီ ၄ ပတ်အလိုလောက်ကစပြီး ရေလျှော့သောက်ရမှာပါ။ တတ်နိုင်သလောက် နည်းနည်းပဲ သောက်ရမှာဖြစ်ပြီး ထိုးသတ်မယ့်နေ့မှာတော့ ရေတစ်ငုံ၊ နှစ်ငုံသာ ပါးစပ်စိုစွတ်ရုံသောက်ရမှာပါ။ ဥပမာ – ကိုယ်အလေးချိန်ချိန်မယ့်နေ့ဟာ သောကြာနေ့ဖြစ်မယ်ဆိုရင် တနင်္ဂနွေနေ့မှာ ရေ ၈ လီတာသောက်ပါ။ တနင်္လာနဲ့ အင်္ဂါမှာ ရေ ၄ လီတာ၊ ဗုဒ္ဓဟူးနေ့မှာ ၂ လီတာ၊ ကြာသပတေးနေ့မှာ ၁ လီတာနဲ့ သောကြာနေ့မှာ ကိုယ်အလေးချိန်ချိန်တဲ့အထိ တစ်ငုံ၊ နှစ်ငုံ အာစွတ်ရုံသာ သောက်ရမှာပါ။ ဒီလို ရေဓာတ်လျော့အောင်လုပ်တာ ဟာ ကျောက်ကပ်အတွက် အန္တရာယ်ဖြစ်စေနိုင်သလို အပူကြီးခြင်း၊ မူးဝေခြင်းတွေကိုလဲ ဖြစ်စေနိုင်တဲ့အတွက် ဆရာဝန်နဲ့တိုင်ပင်ပြီး လုပ်သင့်ပါတယ်။

၆။ ထိုးသတ်မယ့်ရက်တွေ မတိုင်ခင်မှာ ချွေးထုတ်ခန်း အသုံးပြုပါ

တစ်နေ့ကို မိနစ် ၃ဝ နဲ့ နှစ်ရက်လောက် ချွေးထုတ်ခန်းအသုံးပြုတာဟာလဲ ရေဓာတ်ကိုလျော့နည်းစေပြီး ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။ အတော်လေးပူတဲ့ရေနွေးဖြစ်ပြီး နာကျင်မှုအနည်းငယ်ဖြစ်စေမှ ချွေးများများထွက်မှာပါ။ ချွေးထုတ်ခန်းအတွင်းမှာ လေ့ကျင့်ခန်းလုပ်တာဟာလဲ ပိုပြီးချွေးထွက်စေမှာပါ။ ဒါပေမယ့်အန္တရာယ်မဖြစ်အောင်တော့ သတိထားရမှာဖြစ်သလို ဆရာဝန်နဲ့တိုင်ပင်ပြီးမှ လုပ်သင့်တာပါ။

ထိုးသတ်ချိန်မတိုင်ခင် ကိုယ်အလေးချိန် ပြန်တိုးအောင်ဆိုရင် –

၁။ တစ်နာရီ တစ်နာရီတိုင်းမှာ ရေတစ်လီတာသောက်ပါ။

ရေဓာတ်ဟာ ကိုယ်အလေးချိန်တိုးစေတဲ့အတွက် ကိုယ်အလေးချိန်မချိန်ခင် ၃ နာရီလောက်အထိ တစ်နာရီတိုင်း ရေတစ်လီတာ သောက်ပါ။ တစ်နာရီအတွင်း ကိုယ်ခန္ဓာက ရေ ၁ လီတာထက်ပိုပြီး မစုပ်ယူနိုင် တာကြောင့် ဒီထက်ပိုသောက်လဲ ကိုယ်အလေးချိန်ပိုမတက်ပါ။ ပထမလျှော့ချထားတဲ့ ကိုယ်အလေးချိန်ပြန်ရပြီး ထိုးသတ်တဲ့နေရာမှာ အသာစီးရနိုင်ပါတယ်။

၂။ စားနိုင်သလောက်စားပါ

နေမကောင်းမဖြစ်စေဘဲ စားနိုင်သလောက်စားပါ။ ကိုယ်အလေးချိန် ချိန်ပြီးတာနဲ့ စားနိုင်သလောက်စားပါ။ တစ်ခါစားရင် နည်းနည်းနဲ့ အကြိမ်အများကြီးစားပါ။ စွမ်းအင်ဖြစ်စေမယ့်အစာတွေကို ရွေးစားပါ။ အမဲသားနဲ့ ဟင်းသီးဟင်းရွက်၊ ကြက်သားနဲ့ ပါစတာခေါက်ဆွဲ စတာတွေကို စားသုံးသင့်ပါတယ်။ ရင်ပြည့်ရင်ကယ်မဖြစ်စေဘဲ စားနိုင်သလောက်စားပါ။

၃။ စားတဲ့အကြိမ်တိုင်းမှာ ကစီဓာတ် ထည့်စားပါ

လျှော့ချထားတဲ့ ကိုယ်အလေးချိန်ပြန်ရဖို့ ကစီဓာတ်ကိုလဲ ပြန်လည်စားသုံးပေးရမှာပါ။ အာလူး၊ ကန်စွန်းဥ၊ ဆန်နဲ့ ပါစတာတွေကို အစာစားတိုင်း ထည့်သွင်းစားသုံးပေးရမှာပါ။

၄။ စားတဲ့အစာတိုင်းမှာ ဆားထည့်စားပါ

ဆားဟာ ရေဓာတ်ကို ကိုယ်ခန္ဓာအတွင်း ထိန်းသိမ်းပေးမှာပါ။ အဲဒီအတွက် မထိုးသတ်ခင်စားတဲ့ အစားအစာ တိုင်းမှာ ဆားဖြူးစားခြင်းအားဖြင့် ပထမကိုယ်အလေးချိန်မချိန်ခင်ချထားတဲ့ အလေးချိန်ကို မထိုးသတ်ခင် ပြန်ရ စေမှာဖြစ်ပါတယ်။ ဆားကို သူ့အတိုင်းစားတာထက် အစားအစာနဲ့ ရောစားတာက ပိုပြီး သင့်တော်ပါတယ်။ ဆားအများကြီးစားတာဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက် ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး စားသုံးသင့် ပါတယ်။

Health Care

ကိုအောင် (ဆေး-၁)