လက်သည်း၊ ခြေသည်းလေးများ ပန်းရောင်သွေးရောင်သမ်းပြီး ကြည်လင်စွာလှပနေခြင်းသည် ဆွဲဆောင်မှု များထဲက တစ်ခုပင်ဖြစ်သည်။ သင်သည်လည်း လက်လှလှ လက်သည်းသန့်သန့်လေးများကို သဘောကျ တတ်သူဆိုပါက ကျန်းမာပြီး ပန်းသွေးရောင်သမ်းသည့် လက်သည်းလှလှလေးများ ပိုင်ဆိုင်နိုင်ရန်အတွက် အလွယ်ကူဆုံး နည်းလမ်းလေးများကို ဝေမျှပေးလိုပါသည်။

လက်သည်း၊ ခြေသည်းလေးများ ပန်းသွေးရောင်ကြွယ်ပြီး လှစေရန်

လက်သည်းနီဆိုးခြင်းကြောင့် ဖြစ်စေ၊ နေ့စဉ် ထိတွေ့နေရသော အရာတို့ကြောင့်ဖြစ်စေ လက်သည်းများ၊ ခြေသည်းများသည် အရောင်ပြောင်းတတ်ပါသည်။ ထိုအခါ လက်သည်းကြည့်မလှခြင်းမျိုး ဖြစ်နိုင်ပါသည်။ ထိုပြဿနာများကို ဖြေရှင်းရန်အတွက် အိမ်တွင်းကုထုံးလေးများလည်း ရှိနေပါသည်။ လက်သည်း၊ ခြေသည်း လှလှလေးများ ပိုင်ဆိုင်ရန်အတွက်ဆိုလျှင် အောက်ပါနည်းလမ်းများကို အသုံးပြုပါ။

သံလွင်ဆီ

သံလွင်ဆီသည် အာဟာရဖြည့်ပေးသော အဆီတစ်မျိုးဖြစ်သည်။ ထို့အပြင် လက်သည်းများကို တောက်ပစေ ရန်အတွက် အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါသည်။ အစိုဓာတ်ကို ထိန်းပေးနိုင်ပါသည်။ ဦးစွာပထမ လက်သည်း၊ ခြေသည်းများကို သေချာသန့်စင်လိုက်ပါ။ ထို့နောက် အပူပေးထားသော သံလွင်ဆီနွေးနွေးကို ဇလုံတစ်လုံးထဲ ထည့်ပြီး လက်သည်းနှင့် ခြေသည်းများကို မြုပ်သည်အထိ စိမ်ထားလိုက်ပါ။ အနည်းဆုံး ၁၅ မိနစ်ခန့် စိမ်ပေးပါ။ ပြီးလျှင် တဘက်စကို အသုံးပြု၍ လက်သည်း၊ ခြေသည်း တစ်ချောင်းချင်းစီကို သေချာစွာ တိုက်ပေးပါ။

သံပုရာရည်

အကောင်းဆုံးသော လက်သည်းသန့်ဆေးတစ်ခုပင်ဖြစ်သည်။ အရောင်ပြောင်းနေသော လက်သည်း၊ ခြေသည်း များအတွက် အထူး သင့်တော်ပါသည်။ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို မုန့်ဖုတ်ဆော်ဒါ အနည်းငယ်၊ ရေအနည်းငယ်တို့ကို ရောစပ်ပြီး ဇလုံတစ်ခုထဲမှာ မွှေလိုက်ပါ။ ထို့နောက် လက်သည်း၊ ခြေသည်း များပေါ်တွင် ၁ဝ မိနစ်ခန့် လူးထားပေးပါ။ ပြီးလျှင် သွားပွတ်တံလေးနဲ့ တိုက်ပေးပါ။ အဆိုပါအဆင့်များ ပြီးသွားပါက လက်ချောင်းနှင့် ခြေချောင်းများကို သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ၊ ပင်လယ်ဆားအနည်းငယ်နှင့် ရေနွေးတို့ရောစပ်ထားသည့် ရေထဲကို ၁ဝ မိနစ်ကနေ ၁၅ မိနစ်လောက် စိမ်ထားပေးပါ။

Rose Water

အသားအရေအတွက်တင်မကဘဲ လက်သည်း၊ ခြေသည်းများ အတွက်ပါ အထောက်အကူပြုပေးပါသည်။ ဘက်တီးရီးယားများကို သေစေနိုင်သလို အစိုဓာတ်ထိန်းပေးနိုင်ပါသည်။ လက်သည်း၊ ခြေသည်းများကို သန့်စင်ပြီးတိုင်း Rose Water ကိုစွတ်ပြီးလူးပေးပါ။

သခွားသီး

လက်သည်း၊ ခြေသည်းများအတွက် သင့်တော်သော သဘာဝပစ္စည်းလေးတစ်ခု ဖြစ်ပါသည်။ သခွားသီးကို ပါးပါးလှီးပြီး လက်သည်း၊ ခြေသည်းတို့ပေါ်တွင် ကပ်ထားပေးပါ။ အရည်စွတ်ပေးလျှင်လည်း ရပါသည်။ အနည်းဆုံး နှစ်ပတ်အထိ နေ့စဉ်ရက်ဆက်လုပ်ပေးပါ။ သိသာသောရလဒ်ကို တွေ့ရပါလိမ့်မည်။

ထောပတ်သီး

လက်သည်း၊ ခြေသည်းတို့အတွက် သင့်တော်သော ဓာတ်စာလို့ ဆိုရပါမည်။ လက်သည်း၊ ခြေသည်းများ ကြွပ်ဆတ်ခြင်းမျိုးမဖြစ်အောင် ကာကွယ်ပေးသကဲ့သို့ လက်သည်း၊ ခြေသည်း၏ အရောင်အသွေး တောက်ပမှု အတွက်လည်း အားဖြည့်ပေးပါသည်။ ခြောက်သွေ့ မှုကင်းပြီး ပန်းသွေးရောင်သမ်းစေရန် ထောပတ်သီးကို စားပေးလို့ ရသကဲ့သို့ ထောပတ်သီးအနှစ်ကို ပြင်ပအနေဖြင့် တိုက်ရိုက်လိမ်းပေးလျှင်လည်း ရပါသည်။

ဗီတာမင် E အဆီ

 

ဗီတာမင် E အဆီသည် လက်သည်း၊ ခြေသည်းများ ကျန်းမာစေရန် လိုအပ်သောဓာတ်တစ်ခုဖြစ်သည်။ လက်သည်း၊ ခြေသည်းများကို သွေးလည်ပတ်မှုကောင်းစေပြီး အောက်စီဂျင် ကောင်းမွန်စွာရရှိစေရန် အထောက်အပံ့ပေးပါသည်။ ဗီတာမင် E အဆီပါဝင်အောင် စားသုံးပေးလို့ရသကဲ့သို့ လက်သည်း၊ ခြေသည်း ပေါ်တွင် တိုက်ရိုက်လိမ်းပေးလည်း ရပါသည်။ သန့်စင်ထားသည့် ရေနွေးဖြင့် သေချာစိမ်ပြီး ဆေးထားသော လက်သည်း၊ ခြေသည်းများပေါ်တွင် ဗီတာမင် E အဆီကို ပုံမှန်လိမ်းပေးပါ။ ညအိပ်ရာမဝင်ခင် လူးအိပ်ပေးလျှင် လည်း ရပါသည်။ သဘာဝမှရသော ဗီတာမင်အီးအဆီတစ်မျိုးမှာ ဂျိုဂျိုးဘားအဆီ (Jojoba oil) ဖြစ်ပါသည်။

Vaseline ရေနံဂျယ်လီ

ရေနံသည် အသားအရေကို လှပကျန်းမာစေသလို လက်သည်း၊ ခြေသည်းများ ကျန်းမာလှပကြံ့ခိုင်စေရန် အတွက်လည်း အလွန်အသုံးဝင်လှပါသည်။ သန့်စင်သောရေနံမှ ထုတ်လုပ်ထားသည့် ရေနံဂျယ်လီကို ညဘက်မအိပ်ခင်နှင့် အပြင်မထွက်ခင်တိုင်း လက်သည်း၊ ခြေသည်းများပေါ်သို့ တိုက်ရိုက်လိမ်းပေးပါ။

ထိုသို့ ပြင်ပနည်းလမ်းများအပြင် ခန္ဓာကိုယ်ကျန်းမာရေးကိုလည်း ဂရုစိုက်ရန်လိုအပ်ပါသည်။ သွေးအားကောင်းအောင် ဂရုစိုက်ရန်နှင့် အရိုးများအတွက် အာဟာရများကိုလည်း ဖြည့်တင်းပေးသင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် လက်သည်းခြေသည်းများသည်လည်း အရိုးဖြစ်သောကြောင့်ဖြစ်သည်။ နှလုံး၊ အသည်း၊ ကျောက်ကပ်စသည့် ရောဂါအခြေအနေအရပ်ရပ်တို့သည်လည်း လက်သည်းခြေသည်းများကို ပန်းရောင်မသမ်းစေသည့် အချက်များ ဖြစ်နေတတ်ပါသည်။

ခန္ဓာကိုယ်အတွင်းပိုင်း ကျန်းမာရေးနှင့် လက်သည်းခြေသည်း ကျန်းမာစေရန် အဓိကအားဖြင့် စားသုံးပေးသင့်သည့်အရာမှာ သွေးအားကောင်းစေသောအစာများ ဖြစ်ပါသည်။ (ဥပမာ-ဟင်းနုနွယ်၊ ချောကလက်အခါး၊ ခရမ်းချဉ်သီး၊ ဖရုံစေ့၊ စပျစ်သီးခြောက်၊ စိမ်းပြာရေညှိ၊ တိုဟူး၊ ပဲအမျိုးမျိုး၊ အစေ့အဆန်များ ဖြစ်သည်)။ သံဓာတ်သည် အဓိကဓာတ်တစ်မျိုးဖြစ်ပြီး သံဓာတ်အားနည်းပါက ကိုယ်ခံအားလျော့နည်းလာသလို လက်သည်းခြေသည်းများကိုပါ ဖြူဖျော့စေပြီး မလှမပဖြစ်စေနိုင်သည်။ ပင်ပန်းလွယ်ပြီး ခြေလက်မသယ်ချင် လောက်အောင် နုံးချိသွားစေနိုင်သည်။ ထို့ကြောင့် သံဓာတ်၊ ကယ်လ်စီယမ်နှင့် သွပ်ဓာတ်တို့ ပါဝင်သော အစားအစာများဖြင့် အားဖြည့်ပေးနိုင်သလို ကိုယ်လက်လှုပ်ရှားမှုကိုလည်း အတန်အသင့်ပြုလုပ်ပြီး ကျန်းမာအောင် နေထိုင်သင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် လက်သည်း၊ ခြေသည်းလှပစေရန်အတွက် တစ်ခုတည်းမဟုတ်ဘဲ အရိုးများကျန်းမာကြံ့ခိုင်သလို သွေးအားလည်းကောင်းစေပါသည်။

ပန်းအိမ်

Health Care