၁ဝ။ အိပ်ချ်ပီဗွီကာကွယ်ဆေး ထိုးထားရင် သားအိမ်ခေါင်းကင်ဆာ မဖြစ်တော့ပါ။

သားအိမ်ခေါင်းကင်ဆာ အမျိုးအစားအမျိုးမျိုးရှိပါတယ်။ ဒါကြောင့်မို့လို့ အိပ်ချ်ပီဗွီကာကွယ်ဆေး ထိုးထားရုံ သက်သက်နဲ့ သားအိမ်ခေါင်းကင်ဆာ လုံးဝမဖြစ်နိုင်တော့ဘူး၊ ကာကွယ်ထားပြီလို့ မယူဆသင့်ပါဘူး။ နောက်ပြီး အခုရရှိနိုင်တဲ့ အိပ်ချ်ပီဗွီကာကွယ်ဆေးဟာ အိပ်ချ်ပီဗွီဗိုင်းရပ်စ်အမျိုးအစား အများကြီးထဲကမှ ဖြစ်နိုင်ခြေအများ ဆုံး ဗိုင်းရပ်စ်ပိုးမျိုးကွဲ (၂) မျိုးကိုပဲ ကာကွယ်နိုင်တာဖြစ်ပါတယ်။ ဒါကြောင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးမှု တွေကို ဆက်လက်လုပ်ဆောင်သင့်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ဒီအိပ်ချ်ပီဗွီကာကွယ်ဆေးတွေကို အမျိုးသားတွေမှာပါ လိင်အင်္ဂါကြွက်နို့မဖြစ်အောင် ကာကွယ်ဖို့အတွက် ထိုးနှံလာကြပါတယ်။ အမျိုးသားတွေမှာ အိပ်ချ်ပီဗွီကြောင့် ကင်ဆာမဖြစ်နိုင်ပေမယ့် လက်တွဲဖော်အမျိုးသမီးဆီကို မပြန့်ပွားဖို့ ထိုးနှံနိုင်ပါတယ်။

၉။ မိန်းမကိုယ်ထဲ ရေပန်းထည့်ဆေးကြောခြင်းက ပိုပြီးသန့်ရှင်းစေတယ်

ကျန်းမာနေတဲ့ သာမန်အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ဟာ သူ့ဟာသူ သန့်ရှင်းနေပြီးဖြစ်ပါတယ်။ မိန်းမကိုယ်ထဲ ရေပန်းထည့်ဆေးကြောခြင်းဟာ အမှန်တကယ်တော့ ကောင်းကျိုးထက် ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ မိန်းမကိုယ်တွင်းမှာ ပုံမှန်အားဖြင့် ဘက်တီးရီးယားအချို့ သဘာဝအတိုင်းရှိနေပြီး သူတို့ကနေ မိန်းမကိုယ် သန့်ရှင်းအောင် ပြုလုပ်ပေးနေတာဖြစ်ပါတယ်။ ရေပန်းထည့်ဆေးကြောခြင်းအားဖြင့် အဲဒီဘက်တီးရီးယားပိုး တွေရဲ့ သဘာဝအတိုင်းရှိနေမှုကို ပျက်ပြားစေနိုင်ပါတယ်။ နောက်ပြီး ရေပန်းထည့်ဆေးကြောခြင်းဟာ ရောဂါပိုး တွေကို သားဥအိမ်၊ သားအိမ်နဲ့ သားဥပြွန်တွေဆီ ရောက်ရှိစေနိုင်ပါတယ်။ နောက်ပြီး ရေပန်းထည့်ဆေးကြော ခြင်းဟာ ကာလသားရောဂါ၊ ကိုယ်ဝန်ရှိတာ စတာတွေကို မကာကွယ်နိုင်ဘဲ ကိုယ်ဝန်ရှိဖို့ဖြစ်နိုင်ခြေလဲ ပိုပြီးများ စေနိုင်ပါတယ်။ ဒါကြောင့် မိန်းမကိုယ်အတွင်း ရေပန်းထည့်ဆေးကြောတာကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ ပြုလုပ်သင့်တာကတော့ ရေခပ်နွေးနွေးလေးနဲ့ အနံ့မပါတဲ့ ဆပ်ပြာအသုံးပြုပြီး မိန်းမကိုယ်အပြင်ဘက်ကို သန့်စင်ဆေးကြောတာပဲဖြစ်ပါတယ်။

၈။ ကလေးလိမ်းအဆီနဲ့ ဗက်ဆလင်းကို ကွန်ဒုံးချောဆီအဖြစ် အသုံးပြုနိုင်တယ်။

အဆီအခြေပြုချောဆီတွေဟာ မိန်းမကိုယ်အတွင်းကို ထိတွေ့ဖို့ အသုံးမပြုသင့်ပါဘူး။ အဲဒီအဆီတွေဟာ ကွန်ဒုံးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ချောဆီအသုံးပြုဖို့လိုအပ်မယ်ဆိုရင် ရေအခြေပြုချောဆီတွေကိုသာ အသုံးပြုသင့်ပါ တယ်။ K-Y ဂျယ်လီလိုဟာမျိုးဖြစ်ပါတယ်။ ရေအခြေပြုချောဆီ အလွယ်တကူမရနိုင်ရင တော့ တံတွေးကိုအစားထိုး အသုံးပြုနိုင်ပါတယ်။

၇။ ပါးစပ်နဲ့ လိင်ကိစ္စပြုလုပ်တာဟာ ကာလသားရောဂါ မကူးစက်စေနိုင်ပါ။

ဒီအယူအဆဟာ လုံးဝမှားယွင်းပါတယ်။ ပါးစပ်နဲ့ လိင်ကိစ္စပြုလုပ်ရာကနေ ကာလသားရောဂါ ကူးစက်နိုင်သလို ပြန့်သွားလည်း ပြန့်သွားနိုင်ပါတယ်။ ပါးစပ်လိင်ကိစ္စကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါအမျိုးပေါင်း (၃ဝ) ကျော် ရှိပါတယ်။ ကာလသားရောဂါပိုးဟာ ကိုယ်ခန္ဓာအစိတ်အပိုင်းကို ခွဲခြားမသိရှိပါဘူး။ ဒါကြောင့်မို့လို့ လိင်ဆက်ဆံမှုကနေ ကူးစက်နိုင်တဲ့ ကာလသားရောဂါတွေဟာ ပါးစပ်နဲ့ ပြုလုပ်မယ်ဆိုရင်လည်း ကူးစက်နိုင် တာပဲဖြစ်ပါတယ်။

၆။ ပါးစပ်နဲ့ပြုလုပ်တဲ့ လိင်မှုကိစ္စကတစ်ဆင့် ကိုယ်ဝန်ရှိနိုင်တယ်။

ပါးစပ်ကနေပြီး သုတ်ပိုးကိုမျိုချလို့ ကိုယ်ဝန်မရနိုင်ပါဘူး။ ပန်းသီးစေ့ကို မျိုချလိုက်လို့ ပန်းသီးပင် ပေါက်မလာနိုင် သလိုပဲဖြစ်ပါတယ်။ အစေ့ကနေအပင်ဖြစ်ဖို့ လိုအပ်ချက်တွေရှိသလိုပဲ ပုံမှန်လိင်ဆက်ဆံမှုကနေပဲ ကိုယ်ဝန်ရှိနိုင် တာဖြစ်ပါတယ်။ အစာအိမ်ဟာ သားအိမ်နဲ့ ဆက်သွယ်မှုရှိနေသလို အစာအိမ်ထဲမှာရှိနေတဲ့ အက်ဆစ်ကလဲ သုတ်ပိုးတွေကို ခဏအတွင်းဖျက်ဆီးပစ်နိုင်တာဖြစ်ပါတယ်။ ပါးစပ်နဲ့ လိင်ကိစ္စပြုလုပ်တာဟာ ကိုယ်ဝန်မရနိုင် ပေမယ့် အထက်မှာဖော်ပြခဲ့သလို ကာလသားရောဂါတော့ ကူးစက်ပြန့်ပွားနိုင်ပါတယ်။

၅။ လိင်ဆက်ဆံဖက်က အပျိုစင်ဖြစ်နေရင် လိင်ဆက်ဆံရာကနေ ရောဂါမကူးစက်နိုင်ပါ။

အပျိုစင်ဆိုတဲ့ သတ်မှတ်ချက်မှာ ကွဲလွဲမှုရှိနိုင်ပါတယ်။ များသောအားဖြင့်တော့ အဖော်တစ်ယောက်နဲ့ လိင်မဆက်ဆံဖူးရင် အပျိုစင်လို့ သတ်မှတ်ကြပါတယ်။ တချို့ကတော့ မိန်းမကိုယ်ထဲ ထိုးသွင်းလိင်ဆံဖူးရင် အပျိုစင်မဟုတ်တော့ဘူးလို့ယူဆကြပြီး တခြား ပါးစပ်နဲ့စအိုနဲ့ လိင်ဆက်ဆံဖူးခြင်း ရှိ/မရှိ ဆိုတာကို ထည့်သွင်း မစဉ်းစားတာ မျိုးထိရှိပါတယ်။ လိင်ဆက်ဆံရာကနေ ကူးစက်နိုင်တဲ့ရောဂါတွေထဲမှာ အရေပြားချင်းထိတွေ့ရာ ကနေ ကူးစက်နိုင်တဲ့ရောဂါတွေ ပါဝင်ပါတယ်။ နှုတ်ခမ်းချင်းနမ်းတာ၊ ပွေ့ဖက်ထိတွေ့တာ၊ ပါးစပ်နဲ့စအိုနဲ့ လိင် ဆက်ဆံတာ စတာတွေကနေပြီး ရောဂါကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဆက်ဆံဖက်ဟာ အပျိုစင်ဖြစ်နေ ရင် ဘာရောဂါမှ မကူးစက်နိုင်ဘူးဆိုတာ မဟုတ်ပါဘူး။ ဒါကြောင့် ဘာရောဂါမှ မကူးစက်ဖို့ဆိုရင် ကိုယ့်အဖော်နဲ့ ပွင့်ပွင့်လင်းလင်းပြောဆိုပြီးမှ လိင်ဆက်ဆံမှုကို ပြုသင့်ကြပါတယ်။

၄။ မိန်းမကိုယ်ထဲမှာ သုတ်မလွှတ်ရင် ကိုယ်ဝန်မရနိုင်ပါ။

သုတ်လွှတ်တဲ့အချိန်မှာ မိန်းမကိုယ်ထဲကနေ အပြင်ကိုထုတ်လိုက်တယ်ဆိုပေမယ့် အဲဒီသုတ်လွှတ်ချိန် မတိုင်ခင် လေးမှာ သုတ်အနည်းငယ်ဟာ မသိလိုက်ဘဲ ကြိုတင်ထွက်သွားပြီးသားဖြစ်ပါတယ်။ အဲဒီသုတ်အနည်းငယ်ကို မျက်စိနဲ့မမြင်နိုင်ပါဘူး။ အမျိုးသားအနေနဲ့လည်း အဲဒီအချိန်ကို မသိတတ်ပါဘူး။ ဒါကြောင့်မို့လို့ သုတ်ကို အပြင် ထုတ်လွှတ်လိုက်တယ်ဆိုတာဟာ ကိုယ်ဝန်မရဖို့ လုံးဝစိတ်ချရတဲ့နည်းလမ်း မဟုတ်ပါဘူး။ သုတ်ကို အပြင်မှာ ထုတ်ပေမယ့် ကိုယ်ဝန်ရသွားတာတွေ အများကြီးရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်တကယ်မလိုချင်သေးဘူးဆို ရင် စိတ်ချရတဲ့ ကိုယ်ဝန်တားတဲ့နည်းလမ်းတွေကို အသုံးပြုရမှာဖြစ်ပါတယ်။

၃။ တချို့သော လိင်ဆက်ဆံမှုပုံစံတွေမှာ ကိုယ်ဝန်မရနိုင်ပါ။

သုတ်ပိုးကောင်နဲ့ မမျိုးဥတွေ့ဆုံရင် ကိုယ်ဝန်ရနိုင်တာပဲဖြစ်ပါတယ်။ ဒီအခြေအနေကို လိင်ဆက်ဆံရာမှာ လှဲနေ သလား၊ ထိုင်နေသလား၊ ရပ်နေသလားဆိုတဲ့ပုံစံတွေကနေ သက်ရောက်မှုမရှိနိုင်ပါဘူး။ လိင်ဆက်ဆံပြီး ရေချိုးမယ် ဒါမှမဟုတ် ရေချိုးရင်း လိင်ဆက်ဆံမယ်ဆိုရင်တောင် သုတ်ပိုးကောင်ကို မမျိုးဥနဲ့တွေ့ဆုံမှုကနေ မတားဆီးနိုင်ပါဘူး။ ဒါကြောင့် လိင်ဆက်ဆံတဲ့အချိန်၊ နေရာ၊ ပုံစံ၊ ဆက်ဆံပြီးဘာလုပ်သလဲ စတာတွေဟာ ကိုယ်ဝန်ရှိခြင်း၊ မရှိခြင်းအပေါ် သိသာတဲ့သက်ရောက်မှု မရှိပါဘူး။

၂။ ကာလကြာရှည် သုတ်မလွှတ်ရင် လိင်မဆက်ဆံရင် ဝှေးစေ့တွေ ထိခိုက်နိုင်တယ်။

ဒါဟာ မှားယွင်းတဲ့ တုန့်ပြန်မှု ဒါမှမဟုတ် အယူအဆဖြစ်ပါတယ်။ ပုံမှန်သုတ်မလွှတ်လို့ ဒါမှမဟုတ် လိင်မဆက်ဆံလို့ အသက်ဆုံးရှုံးရတာမျိုးမရှိသလို မျိုးမအောင်တော့ဘူးဆိုတာလဲ မဟုတ်ပါဘူး။ တချို့ သူတွေမှာ သုတ်မထွက်ခင် အကြာကြီးနှိုးဆွတဲ့အခြေအနေမျိုးတော့ တွေ့ရတတ်ပါတယ်။ အဲဒါက သုတ်လွှတ် ခြင်းမတိုင်ခင်အဲ့ဒီနေရာမှာ သွေးဖိအားများနေပြီးဖြစ်တဲ့ နေရခက်တဲ့ အခြေအနေမျိုးတွေဖြစ်ပါတယ်။ သုတ်လွှတ်လိုက်ရင် ပြန်ပြီးသက်သာသွားတဲ့ အခြေအနေမျိုးပဲဖြစ်ပါတယ်။

၁။ လိင်ဆက်ဆံရာကနေ ရောဂါတစ်ခုခုကူးစက်ခံရတိုင်း လက္ခဏာပြတယ်။

ကာလသားရောဂါတွေအပါအဝင် လိင်ဆက်ဆံရာကနေ ကူးစက်ခံရနိုင်တဲ့ ရောဂါအမျိုးမျိုးရှိပြီး တချို့ရောဂါ တွေဟာ လက္ခဏာမပြဘဲ ရှိနိုင်ပါတယ်။ လိင်ဆက်ဆံရာကနေ ရောဂါကူးစက်ခံရရင် ဖြစ်နိုင်တဲ့လက္ခဏာတွေ ဟာလဲ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အရေပြားမှာ အပိန့်ထတာ၊ ရေကြည်ဖုဖြစ်တာ၊ အနာဖြစ်တာ၊ ရောင်ယမ်းတာ၊ ယားယံတာ၊ ဆီးသွားရင် နာကျင်တာ၊ သွေးပါတာ၊ လိင်အင်္ဂါကနေ အရည်တစ်ခုခုထွက်တာ၊ ဗိုက်အောင့်တာ၊ ဖျားတာ၊ ချမ်းတုန်တာ စသဖြင့် မျိုးစုံဖြစ်နိုင်တာပါ။ လိင်ဆက်ဆံဖက်များတဲ့အဖော်ဖြစ်မယ်ဆိုရင် သူ့ဆီကနေ ရောဂါတစ်ခုခု ကူးစက်နိုင်ခြေပိုများတတ်ပါတယ်။ ကာလသားရောဂါ ဒါမှမဟုတ် လိင်ဆက်ဆံရာကနေ ရောဂါ တစ်ခုခု ကူးစက်ခံရ၊ မခံရကို သေချာသိချင်တယ်ဆိုရင်တော့ လိုအပ်တဲ့ ဆေးစစ်မှုတွေ ပြုလုပ်ရမှာပဲဖြစ်ပါ တယ်။

ကိုအောင်(ဆေး – ၁)

Health Care