လိင်အင်္ဂါရေယုန်ရဲ့လက္ခဏာတွေ

ယားသလိုလို တစစ်စစ်ဖြစ်နေသလိုလို ခံစားနေရတတ်ပါတယ်။ အဲဒါပြီးတော့မှ နာကျင်တဲ့ရေကြည်ဖုလေးတွေ ထွက်လာတာပါ။ အဲဒီကနေ အရည်ကြည် ဒါမှမဟုတ် သွေးထွက်တဲ့အနာလေးတွေဖြစ်သွားတတ်ပါတယ်။ ရေယုန်ဗိုင်းရပ်ဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာစဖြစ်ပါတယ်။ ပထမဆုံး ရေယုန်ဗိုင်းရပ်စ် ဝင်တဲ့အချိန်မှာ ဖျားတာ၊ ခေါင်းကိုက်တာစတဲ့ တုပ်ကွေးလိုလက္ခဏာမျိုးတွေ ခံစားရနိုင်ပါတယ်။ တချို့သူတွေမှာတော့ လက္ခဏာမပြတာလည်း ရှိနိုင်ပါတယ်။

ရေယုန်ဘယ်လိုကူးစက်သလဲ

ဗိုင်းရပ်စ်ပိုးရှိနေတဲ့သူတစ်ဦးဦးနဲ့ လိင်ဆက်ဆံမိတာ (ပါးစပ်အပါအဝင် လိင်အင်္ဂါဆက်ဆံမှုတွေ) ကနေ ကူးစက်တာပါ။ ဗိုင်းရပ်စ်ပိုးဟာ အိမ်သာထိုင်ခုံတွေ၊ မျက်နှာသုတ်ပုဝါ စတဲ့အရာတွေကနေတစ်ဆင့် မကူးစက်နိုင်ပါဘူး။

ရေယုန်နဲ့မှားတတ်တာတွေ

တချို့သောသူတွေဟာ ဝက်ခြံ ဒါမှမဟုတ် မွေးညှင်းပေါက်ရောင်တာကို ရေယုန်လားဆိုပြီး မှားယွင်းတတ်၊ စိတ်ပူတတ်ကြပါတယ်။ ရေယုန်ဖြစ်မဖြစ် အနာနေရာကနေပြီး တို့ယူစစ်ဆေးနိုင်သလို သွေးစစ်ပြီးတော့လည်း ဗိုင်းရပ်စ်ပိုးရှိနေမနေ သိနိုင်ပါတယ်။

ရေယုန်ဖြစ်စေတဲ့ဗိုင်းရပ်စ်

ရေယုန်ဗိုင်းရပ်စ်(၂)ကနေပြီးတော့ လိင်အင်္ဂါရေယုန်ကိုဖြစ်စေတာဖြစ်ပါတယ်။ ရေယုန်ဗိုင်းရပ်စ် (၁)က ပါးစပ်တစ်ဝိုက်မှာ အဖြစ်များပါတယ်။ ရေယုန်ဗိုင်းရပ်စ်(၂) ဟာ ရောဂါလက္ခဏာမပြသတဲ့သူတွေကနေ တစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။

ဘယ်လိုကုသမလဲ

ဗိုင်းရပ်စ်ပိုးသေဆေးတွေနဲ့ ရေယုန်ကို ကုသလို့ရပါတယ်။ ဆေးတွေက ရေယုန်ကြောင့်ဖြစ်တဲ့ လက္ခဏာတွေကို သက်သာစေပြီး ဖြစ်ပွားနေတဲ့အချိန်ကို လျှော့ချပေးမှာဖြစ်ပါတယ်။ အနာရှိနေတုန်းမှာတော့ လိင်ဆက်ဆံမှုနဲ့ အနာကို ပါးစပ်နဲ့ထိတွေ့မှုမရှိအောင် ရှောင်ကြဉ်သင့်ပါတယ်။ ရေယုန်ဗိုင်းရပ်စ် ကူးစက်နိုင်လို့ပါ။

ရေယုန်နာတွေ အများကြီးမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်သလဲ

တချို့သောသူတွေဟာ ယားယံတာ၊ တစစ်စစ်ဖြစ်တာ စတဲ့လက္ခဏာတွေပြတဲ့အချိန်၊ အနာဖြစ်တဲ့အချိန်မှာပဲ ဆေးသောက်ကြပါတယ်။ ဆရာဝန်တွေအနေနဲ့ကတော့ ရေယုန်လူနာတွေ ခပ်များများဖြစ်ပွားနေရင်၊ နောက်ထပ် ရေယုန်နာတွေ ထပ်ဖြစ်မလာဖို့ လိင်ဆက်ဆံဖက်ဆီကို ဗိုင်းရပ်စ်ပိုး ထပ်မပြန့်ပွားစေဖို့ စတဲ့အခြေအနေတွေမှာ ရေယုန်ပျောက်ဆေးကို နေ့စဉ်သောက်သုံးစေမှာဖြစ်ပါတယ်။

လုံးဝကုသလို့ပျောက်နိုင်သလား

ရေယုန်ဟာ ကုသလို့ရပေမယ့် တစ်ကြိမ်ကူးစက်ခံရပြီးပြီဆိုရင် ကိုယ်တွင်းမှာ ရှိနေတော့မှာဖြစ်ပါတယ်။ ပထမဆုံးလက္ခဏာပြပြီး ရေယုန်ဖြစ်တဲ့အချိန်က ခံရအဆိုးဆုံးဖြစ်ပါတယ်။ ဖြစ်လိုက်ပျောက်လိုက် ဖြစ်နေနိုင်ပေမယ့် ရေယုန်ဟာ နှစ်ကြာလာတဲ့အခါ လက္ခဏာတွေ သိပ်မတွေ့သလို ဖြစ်ပွားမှုလည်း နည်းလာမှာဖြစ်ပါတယ်။

ရေယုန်မကူးစက်အောင် ဘယ်လိုနေရမလဲ

လိင်ဆက်ဆံရာကနေ အဓိကကူးစက်တာဖြစ်တဲ့အတွက် လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံး ဒါမှမဟုတ် ပါးစပ်အကာအကွယ်အသုံးပြုသင့်ပါတယ်။ ကိုယ်နဲ့ကိုယ့်လိင်ဆက်ဆံဖက်ဆီမှာ ရေယုန်ပိုးရှိနေမနေ စစ်ဆေးကြည့်ပြီး နှစ်ဦးစလုံးမှာလည်း ဗိုင်းရပ်စ်ပိုးရှိမနေ၊ တခြားသော လိင်ဆက်ဆံဖက်တွေလည်း ရှိမနေ ဘူးဆိုရင်တော့ မကူးစက်ဖို့ စိတ်ချရမှာပါ။

ရေယုန်ဖြစ်နေချိန် သက်သာအောင် ဘယ်လိုလုပ်မလဲ

ခပ်ချောင်ချောင်ချည်သား အတွင်းခံတွေဝတ်ပါ။ နေရောင် ဒါမှမဟုတ် အပူရှောင်ပါ။ ရေခပ်နွေးနွေးနဲ့ရေချိုးပါ။ ရေယုန်အဖုတွေကို အနံ့ပါတဲ့ဆပ်ပြာ ဒါမှမဟုတ် သန့်စင်ပစ္စည်းတွေနဲ့ မဆေးပါနဲ့။

ရေယုန်နာတွေကို ဖြစ်စေတဲ့အရာတွေ

ရေယုန်ဗိုင်းရပ်စ်ဟာ အထက်မှာပြောခဲ့သလိုပဲ တစ်ခါကူးစက်ခံရပြီးရင် ကိုယ်တွင်းမှာ ရှိနေတော့မှာဖြစ်ပါတယ်။ နေမကောင်းဖြစ်တဲ့အခါ၊ နေလောင်တဲ့အခါ၊ ကိုယ်စိတ်ဖိစီးမှုများတဲ့အခါ၊ အရမ်းပင်ပန်းတဲ့အခါတွေမှာ ရေယုန်နာတွေ ပြန်ဖြစ်တတ်ပါတယ်။ တချို့အမျိုးသမီးတွေ ရာသီစလာတဲ့အချိန်မှာ ဖြစ်တတ်ပါတယ်။

ရေယုန်နဲ့ လိင်ဆက်ဆံမှု

ရေယုန်ဗိုင်းရပ်စ်ရှိနေတဲ့သူတွေဟာ လိင်ဆက်ဆံလို့ရပါတယ်။ ကိုယ့်ရဲ့အဖော်ကိုတော့ အကျိုးအကြောင်း သေချာပြောပြသင့်ပါတယ်။ ကိုယ့်အဖော်မှာလည်း ရေယုန်ဗိုင်းရပ်စ်ရှိနေမနေ စစ်ဆေးသင့်ပါတယ်။ လိင်ဆက်ဆံတဲ့အခါမှာလည်း အကာအကွယ်ကွန်ဒုံးသုံးသင့်ပါတယ်။ ရေယုန်အနာဖြစ်နေတဲ့အချိန်မှာတော့ လိင်မဆက်ဆံသင့်ပါဘူး။

ရေယုန်ကြောင့်ဖြစ်နိုင်တဲ့ ပြဿနာတွေ

များသောအားဖြင့်တော့ ရေယုန်ကြောင့် ဆိုးဝါးပြင်းထန်တဲ့ ပြဿနာတွေ မဖြစ်တတ်ပါဘူး။ ရေယုန်နာကို ထိမိထားတဲ့လက်နဲ့ မျက်စိကို ပွတ်မိရင် မျက်စိထဲရေယုန်ဝင်သွားနိုင်ပါတယ်။ အဲဒီလိုဖြစ်လို့ မျက်စိနာလာ၊ ရောင်လာ၊ နီလာရင် သေချာကုသရမှာပါ။ မဟုတ်ရင် အမြင်အာရုံထိခိုက်နိုင်ပါတယ်။ အဲဒီလိုမဖြစ်အောင် လက်သေချာဆေးကြောရမှာပါ။

 ရေယုန်နဲ့ ကိုယ်ဝန်ဆောင်မှု

လိင်အင်္ဂါမှာ ရေယုန်ဖြစ်နေရင် ဗိုက်ခွဲမွေးဖွားသင့်ပါတယ်။ ရိုးရိုးမွေးတဲ့အချိန်မှာ အနာရှိနေရင် ကလေးကို ကူးစက်သွားမှာစိုးလို့ပါ။ မွေးဖွားခါနီးမှာ ရေယုန်ဗိုင်းရပ်စ်သေဆေးတွေလည်း သောက်ရမှာဖြစ်ပါတယ်။

လိင်အင်္ဂါရေယုန်မဖြစ်ပွား၊ မပြန့်ပွားရအောင် ဒီအချက်တွေကို သိရှိလိုက်နာကြဖို့လိုပါတယ်။

ကိုအောင်(ဆေး-၁)

Health Care