နဂိုကမှ တစ်ခုခုဆို အစိုးရိမ်လွန်တတ်တဲ့ ဦးမျိုးကြီးတို့ရဲ့ လူ့အသိုင်းအဝန်းအတွင်းစည်းထဲကို ဖေ့စ်ဘုတ်လို လူမှုကွန်ယက်စာမျက်နှာကပါ ထပ်မံရောက်ရှိလာလေတော့ ပိုလို့တောင် စိုးရိမ်စိတ်တွေလွန်ကဲပြီး ဝိသမ လောဘသားတွေဘက်မှာတော့ ပွဲတော်ကြီးကို ဖြစ်လို့နေတော့တာပါပဲ။ သိကြတဲ့အတိုင်း အရင်ကတည်းကမှ တစ်ခုခုဖြစ်ပြီဆိုတာနဲ့ သူတို့လက်ထဲက ကုန်ပစ္စည်းတစ်ချို့ကို မူရင်းဈေးထက် ဆတိုးတွေတင်ပြီး ရောင်းချင်နေ ကြတဲ့ ဝိသမလောဘသားတွေဟာ လက်ရှိကာလလို တစ်ဆင့်စကားတစ်ဆင့်နားနဲ့ သတင်းတွေ အလွယ်တကူ ဖြန့်ဖြူးရောက်ရှိနေလေ့ရှိတဲ့ ခေတ်အခါမျိုးမှာ ဟိုနေရာဘာလေးဖြစ်လိုက်ဖြစ်လိုက်၊ ဒီနေရာဘာလေးဖြစ်လိုက် ဖြစ်လိုက် ဈေးတက်မယ်ဆိုတာချည်းပါပဲ။

အခုလည်း ကြည့်ဦးလေ ရာသီချိန်ဝက်တုပ်ကွေးဆိုတာနဲ့ တချို့သော အစိုးရိမ်လွန်တတ်တဲ့ မိဘတွေမှာ သူတို့ သားသမီးကို ကျောင်းမလွှတ်ချင်တာကတစ်မျိုး၊ ဟိုတစ်ယောက်က တုပ်ကွေးကာကွယ်ဆေးဆိုတာနဲ့ ကိုယ့်သားသမီး တုပ်ကွေးကာကွယ်ဆေးမထိုးရင်ဘဲ ချက်ချင်းဝက်တုပ်ကွေးဖြစ်ပြီး ဆေးရုံ၊ ဆေး န်းရောက် တော့မယ့် အထာမျိုးတွေနဲ့ တုပ်ကွေးကာကွယ်ဆေးတွေ အပြေးအလွှားထိုးလိုက်ကြတာ တချို့ဆေးကုမ္ပဏီ တွေမှာ တုပ်ကွေးကာကွယ်ဆေးပြတ်တဲ့အထိ ဖြစ်သွားပါရောလား။ ဒီနေရာမှာ အမှန်တကယ်ပစ္စည်းပြတ်တာ တွေရှိသလို ရှိတဲ့ပစ္စည်းတွေကို ဈေးတင်ရောင်းချင်တာကြောင့် ပစ္စည်းကိုထိန်းလိုက်တာမျိုးလည်း ပါပါတယ်။

ဆိုတော့ကာ ဒီနေရာမှာ ရောင်းသူဘက်က ဈေးကွက်စီးပွားရေးစနစ်လို့ ဆိုထားတာကြောင့် အမြတ်ရရေး ဦးတည်ပြီး စီပွားရေးလုပ်တာဖြစ်တဲ့အတွက် ကိုယ့်ပစ္စည်းကို ကိုယ်ကြိုက်တဲ့ဈေးနဲ့ရောင်းချခွင့်ရှိတယ်။ ဝယ် ခြင်း/မဝယ်ခြင်းဆိုတာ ဝယ်သူနဲ့ပဲ ဆိုင်တယ်၊ ဘယ်သူကမှ အတင်းလိုက်ရိုက်မရောင်းဘူးဆိုတာမျိုးနဲ့ တုန့်ပြန် တာမျိုးတွေလည်းရှိပါတယ်။ သို့သော်လည်းပဲ အများသူငါ ဒုက္ခရောက်နေချိန်မှာ လည်ပင်းညှစ်သလို ဈေးကို လိုသလိုကစားပြီး ရောင်းချတာဟာ ဈေးကွက်စီးပွားရေးမဟုတ်ဘူးဆိုတာလေးကိုတော့ သိထားကြဖို့လိုမယ် ထင်ပါတယ်။ ထားပါ၊ ဒီအကြောင်းက သိပ်ကျယ်ပြန့်ပြီး ပညာရှင်တွေရဲ့ အခန်းကဏ္ဍတွေပါဝင်နေတာမို့ ဒီလောက်နဲ့ပဲ ထားလိုက်ပါတယ်။ အဓိကပြောချင်တာက တစ်ခုခုဆို အစိုးရိမ်မလွန်ကြဖို့ကိုပဲ အဓိကထားတိုက် တွန်းချင်တာပါ။

စာရေးသူတို့ဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ ဖြစ်တာကြောင့် ကံ၊ ကံရဲ့အကျိုးကို ယုံကိုယုံကြည်ရမှာ ဖြစ်ပါ တယ်။ လူတစ်ယောက်ဟာ အသက်ခန္ဓာနဲ့ပတ်သက်ပြီး အချိန်ကျရောက်လာပြီဆိုရင် ဘယ်အရာကမှ တားဆီး လို့မရနိုင်ပါဘူး။ ဆိုလိုချင်တာကတော့ သေချိန်တန်ပြီဆိုရင် သေကြရတာပဲဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ မသေချင်ရင် ဘယ်လိုပဲသေစေနိုင်လောက်တဲ့ ဘေးဒုက္ခနဲ့ရင်ဆိုင်ရပါစေ၊ သေဘေးကနေ လွတ်မြောက်နိုင်မှာပဲ ဖြစ်ပါတယ်။ အဲ.. တစ်ခုတော့ရှိတာပေါ့လေ၊ ကံစီမံရာအရ သေချိန်တန်သေမှာပဲလို့ သဘောထားပြီး ရောဂါတစ်ခုဖြစ်လာတာကို ဆေးဝါးကုသမှုမခံယူဘဲ သေချင်ရင်သေမှာပဲဆိုပြီးနေလို့တော့ မရဘူးပေါ့။

ဒါပေမယ့် သေစေနိုင်လောက်တဲ့ ရောဂါတစ်ခုခု ဖြစ်ပွားပြီဆိုတိုင်းလည်း အထက်မှာတင်ပြခဲ့သလို အုတ်အော် သောင်းနင်းတွေဖြစ်ပြီး အစိုးရိမ်တွေလွန်နေကြတာကတော့ဖြင့် သိပ်တော့မနိပ်လှသေးဘူးလို့ပဲ ဆိုကြရမှာ ဖြစ်ပါတယ်။ အခုလည်း ဝက်တုပ်ကွေးက အမြစ်မပြတ်သေးပါဘူး။ ဆက်ဖြစ်ပွားနေသလို၊ သေဆုံးမှုနှုန်းက လည်း တိုးနေဆဲပဲဖြစ်ပါတယ်။ ဒါပေမယ့် ရောဂါဖြစ်လို့ လူသေဆုံးမှုရှိတယ်လို့ တရားဝင် သတင်းထုတ်ပြန် လိုက်ချိန်ကနဲ့ နှိုင်းယှဉ်ရင် စိုးရိမ်မှုနှုန်းက သိသိသာသာ ကျဆင်းသွားခဲ့ပြီဖြစ်ပါတယ်။ တုပ်ကွေးကာကွယ်ဆေး ဘယ်မှာရနိုင်သလဲဆိုတာကို တစ်ယောက်ကနေတစ်ယောက၊် နောက်တစ်ယောက်ကနေ နောက်တစ်ယောက် စုံစမ်းတာမျိုးတွေလည်း သိပ်မတွေ့ရတော့ပါဘူး။ ဆိုလိုတာကတော့ ရောဂါက အရင်ကထက် ပိုတိုးပြီးဖြစ်နေ တယ်။ ဒါပေမယ့် ပြည်သူတွေကြားမှာ စိုးရိမ်ကြောက်လန့်မှုက အရင်လို သိပ်မမြင့်မားတော့ဘူး။ ကဲ.. စဉ်းစား စရာမကောင်းဘူးလား။

အမှန်တကယ်က သေဆုံးသူအရေအတွက်လည်းမြင့်လာ၊ ရောဂါဖြစ်သူအရေအတွက် လည်း များလာနေတဲ့ အခုလိုအချိန်အခါမျိုးမှာ ပိုပြီးစိုးရိမ်စရာ ကောင်းတာမဟုတ်ဘူးလား။ ဒါပေမယ့် အဲ့လိုမ ဟုတ်ဘူး။ ဝက်တုပ်ကွေးက ကိုယ်နဲ့မဆိုင်သလိုဖြစ်သွားပြီ၊ တခြား လတ်တလောဟော့ဖြစ်နေတဲ့ အကြောင်း အရာတွေဘက်ကို အာရုံတွေကရောက်သွားပြီ။ ရောဂါဖြစ်တယ်လို့ စသိရတဲ့အချိန်တွေတုန်းက ကျောင်းမပို့ဘဲ ထားမှပါဆိုတဲ့မိဘတစ်ချို့လည်း ကိုယ့်သားသမီးကို ကျောင်းမှာဘယ်လိုနေထိုင်ရမယ်ဆိုတာကို သင်ပေးလိုက် ဖို့မေ့သွားကြပြီ။

တကယ်တော့ သေချာစဉ်းစားကြည့်ရင် အထက်ကလို ဖြစ်နေတာမျိုးတွေဟာ သိပ်တော့မဟုတ်လှ သေးဘူးလို့ ဦးမျိုးကြီးကတော့ဆိုချင်ပါတယ်။ ဦးမျိုးကြီးတို့နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာတွေကို ပြန်ကြည့်ရင် စဖြစ် တုန်းခဏလောက်ပဲ အုတ်အော်သောင်းနင်းတွေဖြစ်၊ နောက်တစ်ရက်နှစ်ရက်နေတော့လည်း အားလုံးက မေ့မေ့ ပျောက်ပျောက်နဲ့ တခြားအာရုံဝင်စားစရာ အကြောင်းအရာတစ်ခုခုဘက်ကို စုပြုံပြီး ရောက်သွားလေ့ရှိကြတာ များလွန်းမကများနေခဲ့ပြီဖြစ်ပါတယ်။ အခု မူလတန်း ကျောင်းသားကျောင်းသူလေးတွေရဲ့ မိဘတွေအတွင်းစည်း ကို ထဲထဲဝင်ဝင်လိုက်ဝင်စုံစမ်းကြည့်၊ သူတို့သမီးလေးတွေကို ကျောင်းမှာ ဘယ်လိုနေထိုင်ရမယ်ဆိုတာ အဓိက ထားမှာကြားနေတာက ဘယ်သူခေါ်ခေါ်မလိုက်ဖို့ အမျိုးသားတစ်ဦး အနားလာကပ်တာနဲ့အော်ဖို့ အစရှိသဖြင့်  သူတို့ပြောတဲ့ အကြောင်းအရာတွေကို သူတို့ရင်သွေးငယ်လေးတွေက ဘာမှန်းမသိဘဲ ခေါင်းလေးတငြိမ့်ငြိမ့် လုပ်နေကြတာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

ဒီလိုတွေပြောလို့ တစ်ချို့သောမိဘတွေက ဦးမျိုးကြီးကို မေတ္တာ ပို့ကြမှာ သေချာပါတယ်။ သို့သော်လည်းပဲ အထက်မှာ တင်ပြခဲ့သလိုပဲ တစ်နေရာရာမှာ တစ်ခုခုဖြစ်ပြီဆိုတာနဲ့ လိုအပ်တာထက်ပိုပြီး အစိုးရိမ်လွန်နေကြတာလေးကိုတော့ဖြင့် ဆင်ခြင်တုံတရားရှေ့ထားပြီး နည်းနည်းလေး လျှော့ချထားကြဖို့ ဦးမျိုးကြီးက တိုက်တွန်းလိုတာပါ။ မစိုးရိမ်ရဘူးလားဆိုတော့ စိုးရိမ်ရတာပေါ့၊ ဦးမျိုးကြီးလည်း သားသမီးတွေ မွေးထားတာပဲဟာ၊ ကိုယ့်သားသမီးကိုယ် စိုးရိမ်တာပေါ့၊ သို့သော်လည်းပဲ နေရာတကာမှာ လိုက်ပြီး လိုတာထက် ပိုစိုးရိမ်နေကြမယ်ဆိုရင်တော့ အထက်မှာတင်ပြခဲ့သလိုပဲ ဒီအပေါ်မှာ အခြေခံပြီး အမြတ် ထုတ်လိုသူတွေအတွက် အကွက်ကောင်း ဖြစ်သွားတတ်တယ်ဆိုတာလေး တင်ပြလိုတာပါ။

ဦးမျိုးကြီး

Health Care