ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက နိုင်ငံခြားမှာ နှစ်ပေါင်းများစွာ သွားရောက်အလုပ်လုပ်နေတဲ့ ငယ်သူငယ်ချင်း တစ်ယောက် မြန်မာပြည်ကို ပြန်ရောက်လာပါတယ်။ သူက နှစ် ၃ဝ လောက်ခွဲခွာခဲ့ရတဲ့ ဇာတိမြို့လေးကိုပြန်ပြီး အလှူအတန်းလုပ်ချင် ငယ်ဆရာ၊ဆရာမတွေကို ကန်တော့ချင်လို့ ဖုန်းဆက်ပြီး ကျွန်တော့်ထံကို အကျိုးအကြောင်းမေးပါတယ်။ သူငယ်ချင်းနဲ့ပတ်သက်ပြီးလည်း တစ်ယောက်မကျန်မေးပါတယ်။ ကျွန်တော်က တိုတိုပြတ်ပြတ် တစ်ခွန်းပဲပြန်ဖြေလိုက်ပါတယ်။

“အားလုံး အရက်ကြောင့် သေကုန်ပြီ”

ကျွန်တော့်စကားဆုံးသွားတဲ့အခါ အံ့သြခြင်းကြီးစွာနဲ့ သူဘာမှ ပြန်မပြောနိုင်ပါဘူး။ နောက်ကျတော့ ထပ်စဉ်းစားပြီး ငယ်ငယ်က အရမ်းလိမ္မာတဲ့သူတွေအကြောင်းမေးတယ်။

“ဆိုးတဲ့ပေတဲ့သူငယ်ချင်းတွေ သေကုန်တာတော့ ဟုတ်ပါပြီ၊ လူရည်ချွန်နှစ်ထပ်ကွမ်း၊ သုံးထပ်ကွမ်းတွေရခဲ့တဲ့ အောင်ခင်တို့ ခင်မောင်ညွန့်တို့ရော”

“သူတို့လည်း သေကုန်ပြီဟ”

“မဖြစ်နိုင်တာကွာ ဒီကောင်တွေက အရက်မှမသောက်တာ”

“ဆယ်တန်းအထိတော့ ဒီကောင်တွေ အရမ်းလိမ္မာတယ်။ တက္ကသိုလ်လည်းရောက်ရော အရက်သောက်တတ် သွားတယ်။ မြို့ပြန်ရောက်တော့ ဈေးချိုပြီး လွယ်လွယ်ရတဲ့ ပြည်တွင်းအရက်တွေသောက်တယ်။ မသောက်ရ မနေနိုင်လို့ နေ့တိုင်းလည်းသောက်ရော အသည်းလည်းကျွမ်းသွားတာပဲ”

“ပြည်တွင်းအရက်တွေက အဲဒီလောက်တောင်ဆိုးသလား၊ ကျန်းမာရေး ဒီလောက်ထိခိုက်နေတာဆိုရင် FDA က ဘာလို့သေချာမစစ်တာလဲ”

“တစ်နိုင်ငံလုံးကို ဖြန့်ဖြူးရောင်းချနေတဲ့ ပြည်တွင်းအရက်အားလုံးကို မြို့ပေါင်းစုံမှာ ရှောင်တခင်စစ်ဆေးတာ မျိုးကို မတွေ့သေးဘူး။ တခြားဓာတုဆေးအမျိုးမျိုးနဲ့ ပြုပြင်ထုတ်လုပ်နေတဲ့ ငရုတ်သီးမှုန့်တွေ၊ အချဉ်ရည်တွေ၊ မုန့်ဖတ်တွေ၊ ဆေးဆိုးထားတဲ့ လက်ဖက်တွေ၊ မျှစ်တွေ၊ တို့ဆေးတို့ထားတဲ့ ငှက်ပျောသီး၊ သင်္ဘောသီးတွေကို တော့ တစ်ခါတရံစစ်တာတွေ့ဖူးတယ်”

“အရက်မှာ ဒီလောက် လူတွေသေနှုန်းမြင့်ရင် စစ်ကြည့်ရမယ်လေ”

“စစ်သင့်တာပေါ့ကွာ၊ သေနှုန်း ဘယ်လောက်များလဲဆိုရင် မင်းတို့ငါတို့နဲ့ လည်ပင်းဖက်ပေါင်းတဲ့အထဲက ထွန်းရွှေတို့ ညီအကိုအားလုံး၊ အောင်ကိုတို့ ညီအကိုအားလုံးသေပြီ ပြီးတော့ ဘုန်းကျော်တို့ ညီအကိုတွေ၊ ဇော်လေးတို့ အားလုံးနီးနီးပါပဲကွာ။ ဒီလိုအရွယ်ကောင်းတွေအားလုံး အရက်ကြောင့် သေသွားရတယ်ဆိုတာ တစ်မြို့လုံးသိပေမယ့် ဘယ်လိုကျန်းမာရေးသုတေသနမှ မလုပ်ကြဘူး။ ဘယ်လိုမှလည်း မကာကွယ်၊ မတားဆီးကြဘူး။ ငါတို့ငယ်ငယ်က အမှတ်(၁)(၂)(၃)(၄) ရပ်ကွက်လေးခုလုံးမှာ အရက်ဆိုင်ဆိုတာ တော်တော့်ကိုရှာယူရတဲ့ အခြေအနေဆိုတာ မင်းသိတယ်။ ညဘက် ငါတို့လူငယ်တွေ ထိုင်စရာဆိုလို့ လက်ဘက်ရည်ဆိုင်ပဲရှိပြီး လက်ဖက်ရည်တစ်ခွက်နဲ့ ကိုင်ဇာတို့ ခိုင်ထူးတို့သီချင်းတွေ နားထောင်ပြီး လူငယ်ဘဝ ဖြတ်သန်းခဲ့ရတာပဲ”

“အခုလူငယ်တွေကရော သူငယ်ချင်း”

“အခုလူငယ်တွေကတော့ ၁၇ နှစ်၊ ၁၈ နှစ်ကတည်းက အရက်၊ ဘီယာဆိုတာ သူတို့နဲ့မစိမ်းဘူး”

နိုင်ငံခြားမှာ အနေကြာလာတဲ့သူဆိုတော့ ချက်ချင်းပဲကျွန်တော့်ကို မေးခွန်းထုတ်ပါတယ်။

“အဲဒီတော့ ဘယ်သူ့မှာ တာဝန်ရှိသလဲ”

“အစိုးရမှာပဲ တာဝန်ရှိတာပေါ့ကွာ၊ မြန်မာနိုင်ငံမှာ ပြည်တွင်းအရက်တွေ ထုတ်လုပ်ရောင်းချဖို့အတွက် ခွင့်ပြုပေးတာလဲ အစိုးရပဲ။ လမ်းတကာ မြို့တကာမှာ အရက်ဆိုင်တွေဖွင့်လို့ရအောင် ယစ်မျိုးလိုင်စင် ထုတ်ပေးတာလဲ အစိုးရပဲ။ အရက်တွေကို ဈေးချိုချိုနဲ့ ပေါပေါလောလော သောက်လို့ရအောင် အခွန် ရာခိုင်နှုန်းနည်းနည်းပဲ ကောက်ယူနေတာလည်း အစိုးရပဲ”

“မင်းဆီက သတင်းတွေကြားရတာ မြို့ကိုတောင် မပြန်ချင်တော့ဘူး”

“အဲဒီလိုတော့မလုပ်ပါနဲ့ကွာ ငါတို့နဲ့ရွယ်တူသူငယ်ချင်းတွေ အရက်ကြောင့် စောစောစီးစီးကွယ်လွန် သွားကြပေမယ့် ငါတို့ကိုသင်တဲ့ ဆရာ၊ဆရာမကြီးတွေကတော့ ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေတုန်းပဲ။ ဒါကြောင့် မင်းရဲ့ကုသိုလ်ဒါနလေး ဖြစ်မြောက်သွားဖို့ ကိုယ့်မြို့ကို သွားဖြစ်အောင်သွားပြီးကန်တော့ခဲ့ပါ သူငယ်ချင်း”

“အေးပါကွာ”

သူစကားဆုံးတဲ့အချိန်မှာ ကျွန်တော်တို့တိုင်းပြည်ရဲ့ နှစ်ပေါင်း ၃ဝ အတွင်း အရက်ဆိုင်တွေပေါများလာတာကို ပြန်တွေးကြည့်မိပါတယ်။ အရင်က အရက်ရောင်းချခွင့်ကို နိုင်ငံတော်အစိုးရက ထိန်းချုပ်ထားတာဖြစ်ပြီး ပုဂ္ဂလိကအရက်ဆိုင်ဆိုတာ မရှိသလောက်ပါပဲ။ နိုင်ငံတော်ကထုတ်လုပ်တဲ့ မန္တလေးဘီယာ၊ မန္တလေးရမ်၊ ဘီအီးနဲ့ မော့ဝီစကီတွေအားလုံးကို မြန်မာ့စားသောက်ကုန်နှင့် အဖျော်ယမကာကော်ပိုရေးရှင်းက ထုတ်လုပ် ရောင်းချပါတယ်။ ဒီလိုထုတ်လုပ်လိုက်တဲ့ အရက်တွေဟာ ဝယ်ယူရခက်ခဲတဲ့အတွက် မြန်မာလူမျိုးတွေကြားထဲ မှာ အရက်သောက်သုံးသူဦးရေ အင်မတန်နည်းပါးပါတယ်။ လူငယ်တွေဆိုရင်လည်း ဆယ်တန်းအောင်မြင်ပြီး တက္ကသိုလ်ရောက်မှသာ အရက်၊ဘီယာတွေကို စတင်မြည်းစမ်းခွင့်ရတာပါ။ ၁၉၈၈ ခုနှစ် နိုင်ငံတော် ငြိမ်ဝပ်ပိ ပြားမှု တည်ဆောက်ရေးအဖွဲ့ တက်လာပြီးတဲ့နောက်မှာတော့ ပုဂ္ဂလိက အရက်ထုတ်လုပ်ရောင်းချခွင့် လိုင်စင် တွေကို ပေါပေါလောလော ထုတ်ပေးခဲ့ပါတယ်။ အဲဒီကတည်းက မြန်မာနိုင်ငံမှာ အရက်ဆိုင်တွေ မှိုလိုပေါက် လာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပဲ နိုင်ငံခြားအရက်ဈေးကွက်ဟာ ကြီးထွားကျယ်ပြန့်လာပြီး နိုင်ငံခြားအရက်အတု ပြုလုပ်တဲ့ ဂိုဏ်းတွေလည်း မှိုလိုပေါက်လာခဲ့ပါတယ်။ အစိုးရတွေ ပြောင်းသွားပေမယ့် ပြည်တွင်းအရက် ထုတ်လုပ်မှုနဲ့ အရက်ရောင်းချမှုကတော့ ပြောင်းလဲမသွားပါဘူး။ အရက်ထုတ်လုပ်တဲ့သူတွေဟာ အမေရိကန်ဒေါ်လာ သန်းချီကြွယ်ဝတဲ့ သူဋ္ဌေးကြီးတွေဖြစ်လာပေမယ့် ပြည်တွင်းမှာ အရက်ကြောင့် သေဆုံးတဲ့ လူဦးရေဟာ ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့ပါတယ်။

တစ်ကမ္ဘာလုံးမှာ ဈေးကွက်အများဆုံး ဝေစုရထားတဲ့ စကော့တလန်က ဘလက်လေဘယ်၊ ရက်ဒ်လေဘယ်၊ ဂျော်နီဝေါကားတွေ ထုတ်လုပ်တဲ့ကုမ္ပဏီကို အခွန်နှစ်ဆတိုးကောက်ဖို့ စကော့တလန်တရားရုံးက မကြာသေးခင်ကပဲ အမိန့်ချမှတ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်အတွင်းမှာ အရက်သောက်သုံးသူ ဦးရေ လျှော့ချဖို့အတွက်လို့ဆိုပါတယ်။ ဒီလိုပဲ မီဒီယာခရီးစဉ်တစ်ခုနဲ့ ဆွီဒင်နိုင်ငံကိုရောက်တဲ့အချိန်မှာ ကျွန်တော်တို့မြန်မာအဖွဲ့က အရမ်းအေးလို့ စတိုးဆိုင်မှာ စကော့တလန်ဝီစကီလိုက်ရှာပါတယ်။ ဒါပေမယ့် ဆွီဒင်မှာရှိတဲ့ စတိုးဆိုင် တွေမှာ ဘီယာသာရှိပြီး၊ ဝီစကီ လုံးဝမရှိပါဘူး။ အကျိုးအကြောင်း မေးကြည့်တော့ အရက်သောက်ရင် အမှားပါတတ်မှာစိုးလို့ တမင်တားမြစ်ထားတာလို့ သိရပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာ လည်း နိုင်ငံခြားအရက်တွေကို ဝယ်မယ်ဆိုရင် မွန်းလွဲ ၁၂ နာရီကျော်မှ ဝယ်ခွင့်ရှိပါတယ်။ အခါကြီးနေ့ကြီးတွေ၊ ဘာသာရေးနေ့ကြီးတွေမှာဆို ရင် လုံးဝမရောင်းချပါဘူး။ နိုင်ငံတကာမှာ ဒီလိုလုပ်နေပါလျက်နဲ့ မြန်မာနိုင်ငံမှာ တော့ အရက်ပိုမိုသောက်သုံးလို့ လွယ်ကူအောင် ဖန်ပုလင်းကနေ ပလပ်စတစ်ပုလင်းပြောင်းထုတ်တယ်။ ၁ လီတာပုလင်းဆိုရင် သယ်ရတာ ဝယ်ရတာ အဆင်မပြေမှာစိုးလို့ တစ်ခါတည်း လူတစ်ယောက် သောက်ရ လွယ်ကူတဲ့ ၄ ပက်ပြားပုလင်းတွေ ထုတ်လုပ်နေတာလဲ အစိုးရက မတားဆီးတဲ့အပြင် ပိုလို့တောင်ခွင့်ပြုပေးနေ ပါသေးတယ်။

ဥရောပ စောင့်ကြည့်လေ့လာရေးအဖွ့ဲရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်ကနေ ၃၉ နှစ်ကြား အမျိုးသား ၁ဝဝ မှာ ၃ဝ ဟာ အရက်သောက်သုံးသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ အရက်ဈေးအပေါဆုံး နိုင်ငံများစာရင်းထဲမှာ ပါဝင်နေသလို ဈေးကွက်အတွင်း အရက်တုရာခိုင်နှုန်းဟာလည်း ၃ဝ ရာခိုင်နှုန်းရှိနေတယ်လို့ သိရပါတယ်။ မြန်မာငွေ ၆ဝဝရှိရင် အရက် ၄ ပက်သောက်လို့ရတဲ့ မြန်မာနိုင်ငံမှာ နှစ်စဉ် အသည်းရောဂါနဲ့ လူငယ်တွေ အရွယ်မတိုင်မီသေဆုံးနေတာဟာ အံ့သြစရာမရှိကြောင်း တင်ပြလိုက်ရ ပါတယ်။

ဇော်သက်ထွေး

Health Care