စားသောက်ရာတွင်လည်းကောင်း၊ စကား‌ပြောဆိုရာတွင်လည်းကောင်း လျှာဟာ မရှိမဖြစ် အ‌ရေးပါပါသည်။ လျှာကင်ဆာ ဖြစ်လျှင် ဘယ်လိုမှ စားသောက်လို့မရနိုင်သည့်အတွက် လူနာခမျာ အာဟာရပြတ်ပြီး ဒုက္ခရောက်ရပါသည်။ စကားပြောဆို တိုင်းမှာ အသံမပီသရုံတင်မကပဲ အတော်ကိုဆိုးရွားတဲ့ အနံ့အသက်လည်း ထွက်ပါသည်။ ဒါကြောင့် လျှာကင်ဆာဟာ အတော်ကို ဒုက္ခရောက်လှသည့်ရောဂါ ဖြစ်ပါသည်။ ပူစပ်သော အစားအစာများကို စားသောက်ခြင်း၊ ချွန်ထက်‌သောသွား ကြောင့် လျှာကို ထိခိုက်အနာဖြစ်ခြင်း၊ ကွမ်းစားဆေးမှီဝဲခြင်း၊ ကွမ်းငုံ၍ အိပ်စက်ခြင်းကြောင့် လျှာကင်ဆာဖြစ်ကြတာ များပါသည်။

အမှန်တကယ်တော့ အထက်ပါအကြောင်းအရာများကို ရှောင်မယ်၊ သွားနှင့်ခံတွင်း သန့်ရှင်းရေးလုပ်မယ်၊ ကာလသား ဆစ်ဖလစ်ရောဂါဖြစ်လျှင် စောစောစီးစီး ထိထိရောက်ရောက်ကုသကြမည်ဆိုလျှင် လျှာကင်ဆာဖြစ်မှုကို လျော့နည်းစေနိုင် ပါသည်။ ပြသမည့်‌ရောဂါလက္ခဏာ အစောပိုင်းရောဂါဖြစ်နေစဉ်မှာ လက္ခဏာတွေတော့ မပြတတ်ပါဘူး။ သွားဆရာဝန်နဲ့ ပြသတဲ့အချိန်၊ အခြားဆရာဝန်နဲ့ ပြသသည့်အချိန် လျှာကိုစစ်ဆေးလိုက်မှ သိနိုင်ကြပါသည်။

လျှာအနာကို ကြည့်ပါက

(၁) ဘဲဥပုံ ကြွတက်နေသည့် အနေအထားနဲ့ မျက်နှာပြင်မှာ အဖြူကွက်ဖြစ်နေခြင်း

(၂) အနာပြင်ရဲ့ နှုတ်ခမ်းသားအပြင်ဘက်ကို လန်ထွက်နေခြင်း

(၃) ခပ်နက်နက်အက်ကွဲကြောင်းနဲ့ ပတ်လည်တွင် မာနေခြင်း

(၄) မာကြောကြောအဆုတ်အခဲနဲ့ တစ်ခါတစ်ရံ အဝါရောင်အကွက် ပြည်တည်နာလိုမျိုး တွေ့ရတတ်သည်။

ရောဂါခံစားရပုံ

(၁) လျှာနာခြင်း၊ လျှာနောက်ဘက်ခြမ်းတွင် ကင်ဆာဖြစ်ပါက မျိုချသောအခါတွင် လျှာနောက်ဘက်ခြမ်း၌ နာကျင်ခြင်း ဖြစ်တတ်ပါသည်။

(၂) တံတွေးထွက်ခြင်း၊ မျိုချလျှင် နာကျင်တတ်သောကြောင့် အသက်ကြီးသော လူနာတံတွေးကို လက်ကိုင်ပဝါတွင် မကြာခဏတွေ့နေပါက လျှာကင်ဆာ ဖြစ်နိုင်ချေရှိပါသည်။

(၃) ပါးစပ်အခြေအထိ ကင်ဆာထိုးဖောက်ဝင်ရောက်နေလျှင် လျှာထုတ်ခိုင်းပါက ထုတ်မရခြင်း၊ တစ်ဘက်သို့ စောင်း၍ ထွက်လာခြင်း

(၄) အစာမျိုချ၍မရခြင်း

(၅) စကားကောင်းစွာပြောမရခြင်း

(၆) ပုပ်စော်နံခြင်း

(၇) ပျံ့နှံ့သွားလျှင် လည်ပင်းတွင် အကြိတ်ထွက်နေခြင်း

(၈) အသံပြောင်းသွားခြင်း စသည့်ရောဂါလက္ခဏာတွေ ပြတတ်ပါသည်။

ကင်ဆာပျံ့နှံ့သည့်နေရာများ

(၁) ဘေးပတ်လည်သို့ ပျံ့ခြင်း၊ လျှာရှေ့ဘက်တွင်ဖြစ်ပါက ‌‌ဘေးဘက်တွင် စတင်ဖြစ်တတ်ပြီး ပါးစပ်အခြေသို့ ရောက်မည်၊ လျှာနောက်ဘက်တွင်ဖြစ်ပါက ‌ဘေးဘက်မှ အာသီး၊ လေပြွန်၊ လည်ပင်းရိုး စသည့်နေရာများကို ပျံ့နှံ့နေတတ်ပါသည်။

(၂) ပြန်ရည်ကြောမှ ပျံ့နှံ့ခြင်း၊ ပါးစပ်အခြေထိပျံ့နေပြီဆိုပါက မေးရိုးအောက်သား နံရည်ကျိတ်၊ လည်ပင်းကျိတ်တွင် ပျံ့နှံ့နေတတ်ပါသည်။

(၃) သွေးကြောမှပျံ့နှံ့ခြင်း၊ လျှာအနောက်ဘက်တွင်ဖြစ်သော ကင်ဆာတွင် အတွေ့များပါသည်။

ရောဂါ၏ နောက်ဆုံးအဆင့်

နောက်ဆုံးအဆင့်သို့ရောက်လျှင် အသက်အန္တရာယ်ရှိနေပါပြီ။ ကင်ဆာတစ်လျှူးတွေ ပုပ်ဆွေးပြီး ရောဂါပိုးဝင်မည်။ ဒါတွေကိုမျိုချမိပြီး နမိုးနီးယားရောဂါဖြစ်နိုင်ပါသည်။ လျှာသွေးလွှတ်ကြော၊ လည်ပင်းသွေးလွှတ်ကြောကို ထိုးဖောက်လိုက် စားပြီး သွေးထွက်လွန်မည်။ အကြိတ်က အစာရေမျိုလမ်းကြောင်းကို ဖိမိ၍ဖြစ်ဖြစ် နာကျင်၍ မျိုချရခက်၍ အစာမစားနိုင် ပါ။ အားပြတ်သွားပါသည်။ လေလမ်းကြောင်းကိုဖိမိပါက အသက်ရှူကျပ်ကာ အသက်သေဆုံးနိုင်ပါသည်။

ရောဂါ၏အလားအလာ

အမျိုးသမီးတွေမှာ ၅ နှစ်အထိ အသက်ရှင်နေထိုင်မှု ၅၀ ရာခိုင်နှုန်းလောက်ရှိပါသည်။ အမျိုးသားတွေမှာတော့ အမျိုးသမီး လောက် အလားအလာမကောင်းနိုင်ပါ။ ကုသခြင်း ခွဲစိတ်ခြင်း (သို့မဟုတ်) ဓာတ်ကင်ခြင်း (သို့မဟုတ်) နှစ်မျိုးစလုံး ပေါင်းစပ်ကုသခြင်း၊ မကုသခင် အသားစယူ၍ ဓာတ်ခွဲကြည့်ရပါမည်။ မကုသခင်တွင် ပါးစပ်ကို သန့်ရှင်းအောင် ပြုလုပ်ရပါ မည်။ အနာပုပ်လျှင် (သို့မဟုတ်) ပိုးဝင်နေလျှင် Eusol ဖြင့် သန့်ရှင်းအောင် လုပ်ရပါမည်။ ဓာတ်ကင်မည်ဆိုပါက ထိုပတ်ပတ်လည်တွင်ရှိသော သွားများကို နုတ်ပစ်ရပါမည်။ အပေါ်ယံအလွှာတွင်သာလျှင် ကင်ဆာဖြစ်ပါက ခွဲစိတ်ပါသည်။ ၂ စင်တီမီတာထက်နည်းသော ကင်ဆာဖြစ်ပါက ဓာတ်ကင်ပါသည်။ သိသိသာသာမလျော့ပါက ပြန်ဖြစ်ပါက လည်ပင်း အကျိတ်ဖြစ်နေလျှင် ခွဲစိတ်ခြင်းပါလုပ်ပါသည်။ ခွဲစိတ်ရန် ခက်ခဲပါက ဓာတ်ကင်ခြင်းလုပ်ပါသည်။ ခန္တာကိုယ်၏ အာဟာရ ဓာတ်ဖြည့်တင်းရာဝင်ပေါက်ဖြစ်သည့် ပါးစပ်တွင်ရှိသည့်လျှာမှာ ခုလိုရောဂါဖြစ်လျှင် စားချင်တိုင်းမစားနိုင်၊ ရေတောင် သောက်ရ ခက်ခဲလာပါသည်။ စကားပြောမရ၊ ပြောလိုက်တိုင်း ပုပ်စော်နံနေမည်။ ထိုကဲ့သို့ ဒုက္ခများလှသည့် ကြောက်စရာ ကောင်းသည့်ရောဂါမဖြစ်ရလေအောင် သွားပိုးစား၍ သွားပဲ့ထွက်ပြီး ချွန်ထက်နေသည့်သွားတွေ ကျန်ရှိမနေအောင်၊ အာခံတွင်းကို သန့်ရှင်းအောင်ထားတတ်ဖို့လိုပါသည်။ ‌

ဆေးရွက်ကြီး၊ ကွမ်းစားဆေး၊ ကွမ်းယာကို ပါးစောင်ထဲတွင်ငုံထားသောကြောင့် လျှာလောင်ပြီး အနာဖြစ်ခြင်း၊ ပူလောင်စပ် သော အစားအစာတွေကို စားသောက်တတ်သောအကျင့် စတာတွေကို ဖျောက်ပစ်ဖို့လိုပါသည်။ မြန်မာနိုင်ငံမှာ လျှာကင်ဆာဖြစ်ကြတဲ့သူတော်တော်များများကို မေးကြည့်လျှင် ကွမ်းယာကို ပါးစပ်ထဲတွင်ငုံပြီး အိပ်စက်တတ်သည့်အကျင့် တွေတွေ့ရပါသည်။ ဒါကြောင့် ဒီအမူအကျင့်တွေကို ဖျောက်ပစ်ဖို့လိုပါသည်။ ‌

ဒေါက်တာ ဇွဲကောင်းချစ်

Health Care