လျှပ်စစ်မီတာခတိုးလိုက်တယ့်အတွက် ဘယ်သူတွေထိခိုက်စေသလဲ

0
272

မကြာမီရက်ပိုင်းအတွင်းက လျှပ်စစ်မီတာခတွေကို တိုးမြှင့်ကောက်ခံလိုက်တဲ့အတွက် အတော်ဂယက်ရိုက်ပြီး ဝေဖန်သံတွေ ဆူညံနေခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တချို့သောသူတွေကတော့ ယခုလို မီတာတိုးကောက်လိုက်တဲ့အတွက် ဆင်းရဲသားအခြေခံလူတန်းစားတွေ အထိနာဖို့မရှိဘဲ လုပ်ငန်းရှင်နဲ့ သူဌေး တွေသာ အထိနာနိုင်တယ်လို့ သုံးသပ်ပြောဆိုထားတာတွေ ရှိပါတယ်။ ဒါပေမဲ့ မီတာခတက်ဖို့ တရားဝင်သတ် မှတ်ထားတာက ဇူလိုင်လ ၁ ရက်နေ့မှဖြစ်ပါတယ်။ ဒါပေမဲ့ မီတာခတက်မယ်လို့ ကြေညာလိုက်ပြီးတဲ့နောက် အခြေခံစားသောက်ကုန်တွေ ရေသန့်ဘူးတွေကအစ ရုပ်ရှင်ရုံလက်မှတ်တွေအဆုံး အကုန်လုံးချက်ချင်းဆိုသလို ဈေးလိုက်တက်နေကြပါပြီ။ လူမှုကွန်ရက်မှာ စက်ရုံလည်ပတ်တဲ့စရိတ်မြင့်တက်လာတာကြောင့် ဇူလိုင် ၁၅ ရက် နေ့မှာစတင်ပြီး ရေသန့် ၂ဝ လီတာတစ်ဗူးလျှင် ယခင် ၆ဝဝ ကျပ်အစား ယခု ၇ဝဝ ကျပ်သို့ တိုးမြှင့်ရောင်းချ သွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးတဲ့ ရေသန့်စက်ရုံတွေ ရုပ်ရှင်ရုံလက်မှတ်တစ်စောင်ကို ယခင်ကကျပ် ၃ဝဝ စီ တိုးမြှင့်သတ်မှတ်လိုက်တဲ့ ရုပ်ရှင်ရုံတွေပေါ်လာသလို ဈေးထဲမှာလဲ ကန်စွန်းရွက်ကအစ ပုစွန်အဆုံး အကုန်လုံး ဈေးလိုက်တက်နေကြပါပြီ။ မီတာခ တိုးမြှင့်သတ်မှတ်တဲ့ ကြေညာချက်မထွက်ခင်ကတည်းက ကမ္ဘာ့ဘဏ်က မီတာခတိုးရင် ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားနိုင်ကြောင်း ကြိုတင်သတိပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူတွေ သောင်းသောင်းဖြဖြ အားပေးထောက်ခံခဲ့တဲ့ NLD အစိုးရကိုယ်တိုင် ရွေးကောက်ပွဲနီး လာပေမယ့် မီတာခကိစ္စကို ကြေညာလိုက်တာဟာ နိုင်ငံရေးလောက အံ့အားသင့်စေခဲ့ပါတယ်။

တကယ်တော့ မီတာခကိစ္စဟာ မြန်မာနိုင်ငံအတွက်တော့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ရော ရင်းနှီးမြှုပ်နှံသူတွေ အတွက်ရော ကပ်ရောဂါသဖွယ်ဖြစ်နေခဲ့တာကြာပါပြီ။ မြန်မာနိုင်ငံဟာ ဆိုရှယ်လစ်စနစ်နဲ့ နှစ်ပေါင်းအတော်ကြာ အောင် ချီတက်ခဲ့တာဖြစ်လို့ အရာရာကို နိုင်ငံတော်ကတာဝန်ယူကိုင်တွယ်တဲ့ အခြေအနေဟာ အမြစ်တွယ်နေ ခဲ့ပါတယ်။ တပ်မတော်က (၈၈) ဒီမိုကရေစီအရေးအခင်းအပြီး အာဏာသိမ်းပြီးတဲ့နောက်မှာ ဈေးကွက်ဖွင့် စီးပွားရေးစနစ်က အစားထိုးနေရာယူခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းပြည်ရဲ့ စီးပွားရေးလောကအပြင်မှာ တရားဥပဒေ စိုးမိုးမှုမရှိဘဲ လက်သင့်ရာ စားတော်ခေါ်ပြီးလုပ်ခဲ့တာမို့ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုဟာ ခိုင်ခိုင်မာမာ မဖြစ်ခဲ့ပါဘူး။ နိုင်ငံတကာကလည်း မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံဖို့ လက်တွန့်နေခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ရိုက်ခတ်ပြီး မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကအခန်းကဏ္ဍဟာ မြင့်တက်ခဲ့ပါ တယ်။ ဒီလိုမြင့်တက်လာလို့ နိုင်ငံပိုင်ဖြစ်နေတဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကော်ပိုရေးရှင်းဟာ ခေတ်နှင့် လျော်ညီအောင် ပြုပြင်ပြောင်းလဲခြင်း မလုပ်နိုင်ခဲ့ပါဘူး။ လျှပ်စစ်မီတာခတွေကလည်း ထုတ်လုပ်မှုကို မကာမိတဲ့ ဈေးနှုန်းတွေနဲ့ လည်ပတ်ခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာ မီတာခတွေကို ၁ ယူနစ် ၂ ကျပ်ခွဲကနေ ဆယ်ဆတိုးမြှင့်ပြီး ၂၅ ကျပ်၊ လုပ်ငန်းသုံးတွေကို အဆနှစ်ဆယ်တိုးမြှင့်ပြီး ၁ ယူနစ်ကို ၅ဝ ကျပ် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေ ပိုမိုများပြားလာနေပေမယ့် နိုင်ငံအတွင်း လုံလောက်တဲ့လျှပ်စစ်မီးဖြန့်ဖြူးမှုကိုတော့ စွမ်းအင်ဝန်ကြီးဌာနက မဆောင်ရွက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ၂ဝ၁ဝ မှာ အထွေထွေရွေးကောက်ပွဲကျင်းပပြီးတက်လာတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာလဲ လျှပ်စစ်မီတာခ ၁ ယူနစ်ကို ၃၅ ကျပ်မှစပြီး ယူနစ်အလိုက် တိုးမြှင့်ကောက်ခံခဲ့ပြန်ပါတယ်။ ဒီလိုတိုးမြှင့်ကောက်ခံနေပေမယ့်လည်း နိုင်ငံတော်မှာ နှစ်စဉ် အရှုံးပေါ်နေခဲ့ပါတယ်။ နိုင်ငံတော်က လျှပ်စစ် ၁ ယူနစ်ထုတ်တိုင်း ၉၇ ကျပ် အရှုံးပေါ်နေ ခဲ့တာကြောင့် ၂ဝ၁၆- ၁၇ ဘဏ္ဍာနှစ်မှာ ကျပ်ငွေ  (၄၂၂) ဘီလီယံ အရှုံးပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်မှာလည်း ကျပ် (၆ဝဝ) ဘီလီယံ အရှုံးပေါ်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီလို အရှုံးခံပြီးထုတ်နေ ပေမယ့် စက်မှုဇုန်တွေမှာ လျှပ်စစ်ဓာတ်အားမှန်မှန်မရတာကြောင့် ကိုယ်ပိုင်ဂျင်နရီတာတွေနဲ့ ပစ္စည်းတွေထုတ် လုပ်ရတာကြောင့် ဈေးနှုန်းတွေ ကြီးမြင့်ခဲ့ရပြန်ပါတယ်။ တစ်ဖက်က ပြည်သူလူထုရဲ့ လျှပ်စစ်သုံးစွဲမှုအခြေအနေ ကိုကြည့်ရင်လည်း မြန်မာတစ်နိုင်ငံလုံးရဲ့ ၄၄ ရာခိုင်နှုန်းသာ လျှပ်စစ်မီးသုံးနိုင်ပြီး  ၅၆ ရာခိုင်နှုန်းလောက်ဟာ လျှပ်စစ်မီးမရှိဘဲ ရှင်သန်နေထိုင်နေရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့လျှပ်စစ်ဌာနတွေဟာ ခေတ်အဆက် ဆက်နာမည်ကောင်းမရခဲ့ပါဘူး။ တိုင်းပြည်ရဲ့ဘဏ္ဍာငွေနည်းပါးတာကြောင့် လျှပ်စစ်မီးတိုင်တွေလဲမပေးနိုင်တာ၊ နှစ်ပေါင်းများစွာ ဆွေးမြေ့နေတဲ့မီးကြိုးတွေကို လဲမပေးနိုင်တာ၊ မီးအားအပြည့်ပေးနိုင်အောင် ထရန်စဖော်မာ တွေကို နေရာတိုင်းတပ်ဆင်မပေးနိုင်တာတွေကြောင့် လမ်းခုလတ်မှာတင် လျှပ်စစ်ဓာတ်အားဆုံးရှုံးမှုက အများ ကြီးပေါ်ပေါက်နေခဲ့ပါတယ်။ ဒီကြားထဲမှာ လျှပ်စစ်ဌာနက လုပ်ပိုင်ခွင့်ရှိသူတို့နဲ့ ပေါင်းစားပြီး မိမိ အမှန်တကယ် သုံးစွဲတဲ့ လျှပ်စစ်ယူနစ်ကိုလျှော့ပေါ့ပြပြီး နိုင်ငံတော်ကို ပေးသွင်းသင့်သလောက်မပေးတဲ့အတွက် ဘဏ္ဍာငွေ တွေ နစ်နာခဲ့တာတွေလည်းရှိပါတယ်။  အထူးသဖြင့် မီတာခတွေကိုကောက်ဖို့ မီတာဖတ် စာရေးလုံလောက်မှု မရှိဘူးလို့ လျှပ်စစ်ဝန်ကြီးဌာနက တာဝန်ရှိသူတစ်ယောက် ပြောတာကလည်း အံ့အားသင့်ဖွယ် ဖြစ်ခဲ့ရပါတယ်။ မီတာခယူနစ်တွေကို ခန့်မှန်းနှုန်းထားနဲ့ ကောက်နေတယ်ဆိုတာကလည်း ပြည်ထောင်စုမြန်မာနိုင်ငံကြီးအတွက် အရှက်ရစရာဖြစ်နေပါတယ်။ တစ်နိုင်ငံလုံးမှာ လက်ရှိသုံးစွဲနေတဲ့ မဂ္ဂါဝပ်ဟာ (၃၁၄ဝ) ကျော်ရှိပြီး ၄ဝ ရာခိုင်နှုန်း ကျော်ဟာ ရန်ကုန်မြို့တစ်မြို့တည်း သုံးစွဲနေတာဖြစ်ပါတယ်။ ပြည်မနဲ့အလှမ်းဝေးတဲ့ တနင်္သာရီတိုင်း ထားဝယ် မှာဆိုရင် လျှပ်စစ်တစ်ယူနစ်ကို ၂၅ဝ ကျပ်၊ မြိတ်မှာဆိုရင် ၃၈ဝ ကျပ်၊ ကော့သောင်းမှာဆိုရင် ၄၅ဝ ကျပ် သုံးစွဲ နေရပါတယ်။ မူဆယ်မှာဆိုရင်လည်း တစ်ဖက်နိုင်ငံကပေးတဲ့ လျှပ်စစ်ဓာတ်အားကို နှစ်ပေါင်းများစွာ မှီခိုနေရပါ တယ်။ ၂ဝ၁၉ ဧပြီတုန်းကဆိုရင် နိုင်ငံအတွင်းက ရေအားလျှပ်စစ်ဓာတ်အားစက်ရုံတွေမှာ ရေမရှိတော့တဲ့ အတွက် ထုတ်လုပ်မှုကျဆင်းခဲ့ပြီး ရန်ကုန်မှာတောင် အလှည့်ကျမီးဖြတ်တဲ့စနစ် ဖြစ်ပေါ်နေပါတယ်။ ၂ဝ၂ဝ မှာ ဆိုရင် လျှပ်စစ်သုံးစွဲမှုဟာ (၆၈၈) မဂ္ဂါဝပ် တိုးလာနိုင်ဖို့ရှိပါတယ်။ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် ပြည်သူလူထုဆီက တိုးမြှင့်ကောက်ခံထားတဲ့ မီတာခတွေကို တန်ဖိုးရှိရှိပြန်လည်သုံးစွဲဖို့လို အပ်လာပါလိမ့်မယ်။

ယခုအစိုးရလက်ထက်မှာ မီတာခတိုးမြှင့်ကောက်ခံပုံဟာ အဆင့်တွေအများကြီးရှိပေမယ့် အိမ်သုံးမီတာခတွေ တိုးတက်မှုကို ခြုံငုံကြည့်လိုက်ရင် တစ်ဆခွဲလောက် တိုးသွားတာဖြစ်ပါတယ်။ ဒါကြောင့် ယခင်က လစဉ်မီတာခ တစ်သောင်းကျတဲ့အိမ်ဟာ အခုဆိုရင် မီတာခ နှစ်သောင်းခွဲကျသင့်တော့မှာဖြစ်ပါတယ်။ ဒီမီတာခတက်လာတာ နဲ့ပတ်သက်ပြီး ပြည်သူများကို လုံလောက်တဲ့အချိန်မပေးဘူးလို့လဲ ဝေဖန်မှုတွေရှိနေပါတယ်။ အထူးသဖြင့် မီတာခတက်မယ့်ကိစ္စနဲ့ပတ်သက်ပြီး အခြေခံပြည်သူလူထုအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်မသိရှိရခြင်းအပေါ်မှာ စိတ်စနိုးစနောက် ဖြစ်ခဲ့ကြရပါတယ်။ စက်မှုလုပ်ငန်းရှင်တွေ၊ ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ထုတ်လုပ်မှုစရိတ် ဟာ ယခင်ထက် ပိုတက်လာတဲ့အတွက်ကြောင့် လုပ်ငန်းကာမိစေရန် မည်သို့မည်ပုံ လုပ်ဆောင်မလဲဆိုတာ ကလည်း စိတ်ဝင်စားစရာဖြစ်နေပါတယ်။

ဒါပေမဲ့ ဒီဂယက်တွေနဲ့ ပတ်သက်ပြီး လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနကတော့ မီဒီယာတွေကတဆင့် မည်သည့် မှတ်ချက်မှ ပြောကြားခြင်းမျိုးမရှိသေးပါဘူး။ လောလောဆယ်မှာတော့ မီတာခတွေဈေးနှုန်းအသစ်နဲ့ ကောက်ခံခြင်းကာလကို မရောက်သေးပေမယ့် နေ့စဉ်မသွားမဖြစ်သွားနေရတဲ့ ဈေးထဲမှာတော့ ကုန်ဈေးနှုန်း တွေဟာ ချက်ချင်းဆိုသလို ခုန်တက်လျက်ရှိနေကြောင်း တင်ပြလိုက်ပါတယ်။

ဇော်သက်ထွေး

Health Care