သက်ကြီးပိုင်းအရွယ်များအတွက် သင့်တင့်လျောက်ပတ်သော ခန္ဓာကိုယ်အလေးချိန်ရှိနေစေရန် ထိန်းသိမ်းပေး ထားရပေမည်။ ဝဖြိုးခြင်းသည် သက်ကြီးပိုင်းများအတွက် အာဟာရဓာတ်မညီညွတ်သော သဘောတစ်ရပ်ကို ဆောင်ပေသည်။ အဆာပြေစာများ၊ အသင့်စားစာများကြောင့်လည်း ယေဘုယျအားဖြင့် ဝဖြိုးတတ်သည်။ ဝဖြိုးခြင်းသည် အဆီများသော တစ်သျှူးများတွင်း အဆီများ လွန်ကဲစွာရောက်ရှိနေခြင်းကို ခန္ဓာကိုယ်က ဖော်ပြ ပေးသော လက္ခဏာတစ်ရပ်ဖြစ်သည်။ ယင်းမှာ ခန္ဓာကိုယ်၏ လိုအပ်ချက်ထက် ပိုမိုစားသုံးမိသော သဘောကို ဆောင်သည်။ အသက်အရွယ်ရင့်လာသောအခါတွင် အဆီများ လျော့ပါးအောင် နေထိုင်သင့်ပေသည်။ အသက် ၃၁ နှစ် အရွယ်သို့ရောက်ပြီး နောက်ဆယ်စုနှစ်တစ်ခုရောက်တိုင်း ခန္ဓာကိုယ်အလေးချိန် ၁ ကီလိုဂရမ်စီ လျော့ ကျသွားသင့်ပါသည်။ သို့သော် သက်ကြီးပိုင်းအတွက် ခန္ဓာကိုယ်အလေးချိန် အလွန်ကျဆင်းသွားခြင်းမျိုးကား အလွန်စိတ်ပူပန်စရာ ဖြစ်စေရတတ်သည်။

ကမ္ဘာ့နိုင်ငံများအလိုက် အသက်အရွယ်၊ အရပ်အမောင်းနှင့် ကိုယ်အလေးချိန်စံနှုန်း ကွာခြားနေတတ်ပါသည်။ သို့သော် သက်ကြီးပိုင်းတွင် အလွန်ဆိုးဝါးစွာ ဝဖြိုးခြင်းမျိုးကိုကား အတွေ့ရနည်းပါသည်။ အဘယ်ကြောင့်ဆို သော် ဝဖြိုးသောသူများသည် ယင်းဝဖြိုးမှုကြောင့် အသက်အရွယ်မကြီးရင့်မီ သေဆုံးသွားတတ်၍ဖြစ်သည်။ ဝဖြိုးခြင်းကြောင့် နှလုံး၊ ကျောက်ကပ်၊ အသည်းတို့အပေါ် အဆီပိုများဖိစီးမှုက ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက် စေတတ်သည်။ ထို့ပြင် တင်ပါး၊ ဒူး၊ ခြေချင်းဝတ် စသည်တို့ရှိ အရိုးအဆစ်များအပေါ် ကြီးမားသော ခန္ဓာကိုယ် အလေးချိန်၏ ဖိစီးသက်ရောက်မှုကြောင့်လည်း ဆိုးကျိုးများစွာ သက်ရောက်စေတတ်ကာ နောက်ဆုံးတွင် အသက်ဆုံးပါးသည်အထိ ဖြစ်စေပါသည်။

ကိုယ်အလေးချိန်လျော့ကျစေရန်၊ လျော့ကျပြီးနောက် ထိန်းသိမ်းထားနိုင်စေရန် အချက်များမှာ ဥပဒေသချမှတ် ရန် ခဲယဉ်းခြင်းကြောင့် ကိုယ်အလေးချိန်ကျဆင်းစေရန်အတွက် များစွာသောမဟာဗျူဟာများကို နှစ်ပေါင်းများ စွာအတွင်း အမျိုးမျိုးချမှတ်ကျင့်သုံးလာခဲ့ကြသည်ကို တွေ့ရပါသည်။ ယင်းအချက်မှာ ဝဖြိုးသူများ ပိုမိုများပြား လာရခြင်း (လေ့လာချက်များအရ ၂၅ ရာခိုင်နှုန်းအထက်ရှိသည်)က သက်သေပြနေပေသည်။ ထို့ကြောင့် ဝဖြိုးသူများအတွက် အထူးရွေးချယ်ထားသော မျှတသည့် စားသောက်ဖွယ်ရာများသာ စားသုံးစေ ခြင်း၊ လိုအပ်သော အာဟာရဓာတ်များ အများဆုံးရစေရန် စီမံစားသုံးစေခြင်း၊ နေ့စဉ်စားသုံးမှုတွင် ကယ်လိုရီကို ၁၁ဝဝ မှ ၁၂ဝဝ တွင်သာ ထားရှိစားသုံးစေခြင်း ပြုစေရပါမည်။

ဝဖြိုးသူလူနာကို ပထမ ၇ ရက်မှ ၁ဝ ရက်အတွင်း သစ်သီးဖျော်ရည်များကို ဆန္ဒရှိသလောက် သောက်သုံးစေ သင့်သည်။ သံပရာရည်၊ ဂရိတ်ဖရု(သ်)ရည်၊ လိမ္မော်ရည်၊ နာနတ်ရည်၊ ဂေါ်ဖီထုပ်ရည် နှင့် မုန်လာဥနီရည်တို့ကို လတ်လတ်ဆတ်ဆတ်ပြုလုပ်သောက်သုံးစေရမည်။ ကယ်လိုရီ ၁၁ဝဝ မှ ၁၂ဝဝ အတွင်းရှိ ပုံမှန်စားစရာများကို လည်း နှစ်လတာမျှ (သို့မဟုတ်) မိမိအလိုရှိသော ခန္ဓာကိုယ်အလေးချိန်မျိုးရသည်အထိ စားသုံးပေးရမည်။ ပြီးနောက် လိမ္မော်သီး၊ ဂရိတ်ဖရု(သ်)၊ နာနတ်သီး၊ သင်္ဘောသီး စသည့် အရည်ရွှမ်းသော သစ်သီးဝလံများကို ၅ ရက်မျှ၊ တစ်နေ့ ၃ နပ်စားပေးနိုင်သည်။ ထို့နောက် ကယ်လိုရီနည်းသော အစားအစာများကို မျှတစွာ ပေါင်းစပ် စားသုံးပေးခြင်းကို ဆက်လက်လုပ်ဆောင်ပေးရမည်။

ယင်းအတွက် (၁)အစေ့အဆန်၊ အခွံမာသီးများ (၂) ဟင်းသီးဟင်းရွက်များ (၃) သစ်သီးဝလံများ ဟူ၍ အုပ်စု ၃ စုပါဝင်ပြီး ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ လတ်လတ်ဆတ်ဆတ် ပါဝင်အောင်ထည့်သွင်းပေးရပါမည်။ အထက်ပါ ၃ အုပ်စုလုံး မျှတစွာ ပါဝင်စေရမည်ဟုဆို လိုပါသည်။ ကယ်လိုရီမြင့်မားသော ထောပတ်၊ ချိစ်၊ ချောကလက်၊ နို့မလိုင်၊ အဆီများအစာများ၊ အကြော်များ၊ ပေါင်မုန့်၊ သကြားလုံး၊ ကွတ်ကီး၊ ကိတ်၊ အာလူး၊ သကြား၊ ပူတင်း၊ အချိုရည်၊ အရက်၊ အားဖည့်အချိုရည်မျိုး အထူး ရှောင်ကြဉ်ရမည်။ အစားရှောင်စတွင် သံပရာရည်၊ ပျားရည်အရောသည် ဝဖြိုးခြင်းကိုကုသရာ၌ စွမ်းအင်ဆုံးရှုံးမှုမရှိရန်နှင့် အာသာ ဆန္ဒအတွက်ပါ ကောင်းကျိုးအထူးရစေသည်။ ဖန်ခွက်တစ်ခွက်တွင် ရေနွေးနွေးအနေအထား၌ သံပရာသီးတစ် ခြမ်း ညှစ်ထည့်၍ ပျားရည်တစ်ဇွန်းထည့်မွှေပေးကာ ပုံမှန်သောက်သုံးပေးနိုင်သလို အချိန်ခြား၍ မကြာခဏဆို သလို စိတ်ကြိုက် သောက်သုံးပေးနိုင်သည်။

ဂေါ်ဖီထုပ်သည် ဝဖြိုးခြင်းကိုထိရောက်စွာကုသပေးနိုင်သော အိမ်တွင်းကုထုံးဝင် စားစရာဖြစ်သည်။ သုတေသန ပြုချက်များအရ ဂေါ်ဖီထုပ်တွင်ပါဝင်သော တာတားရစ်အက်ဆစ် Tartaric acid ဓာတ်သည် သကြားနှင့်အခြား ကစီဓာတ်များကို အဆီအဖြစ် အသွင်ပြောင်းခြင်းဖြစ်စဉ်အား တားမြစ်ပေးကြောင်းတွေ့ရသည်။ ဂေါ်ဖီထုပ်ကို လှီးစိတ်၍ ဂေါ်ဖီရွက်သုပ်အဖြစ် စားသုံးပေးခြင်းက ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ပိန်သွယ်သော ခန္ဓာကိုယ်ကို ရစေပါသည်။လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းကလည်း ကိုယ်အလေးချိန်လျော့ကျစေရန် အထောက်အကူများစွာ ပြုပေသည်။ ထို့ပြင် ခန္ဓာကိုယ်ကို ကျစ်လျစ်စေပါသည်။ လမ်းလျှောက်ခြင်းက အကောင်းဆုံးလေ့ကျင့်ခန်းဖြစ်ပြီး ပြေးခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်းတို့ကိုလည်း ပြုလုပ်ပေးနိုင်ပါသည်။

အချို့ယောဂကျင့်စဉ်များကလည်း ကောင်းကျိုးသက်ရောက် စေပါသည်။ ယင်းကျင့်စဉ်များက အဆီများ ထပ်မံ ပို့ချခြင်းကို တားဆီးပေး၍ ခန္ဓာကိုယ်ကို သွယ်လျစေပါသည်။ ထို့ပြင် ခန္ဓာကိုယ်၏ ချပ်ရပ်သောနေရာများကို အားရှိစေပါသည်။ ယင်းကျင့်စဉ်များထဲတွင် ဘူဂျန်ဂအာသန၊ ရှာလဘအာသန၊ ချက္ကရာသန၊ ဝဇီရာသန၊ ယောဂမုဒြာ၊ တြိကောဏသနတို့ပါဝင်သည်။ (ယခုအခါ ယောဂကျင့်စဉ် စာအုပ်များ၊ သရုပ်ပြခွေများ ဝယ်ယူ ရရှိနိုင်ပါပြီ) ယင်းကျင့်စဉ်များက ဂလင်းများအပေါ် အကျိုးသက်ရောက်စေကာ သွေးလှည့်ပတ်ခြင်း၊ အားနည်း သော ခန္ဓာကိုယ်နေရာများစွာကို အားရှိစေခြင်းနှင့် လေးနက်ပြင်းပြစွာ အသက်ရှူရှိုက်ခြင်းက အဆီပိုများကို ပျော်ကျစေခြင်းအတွက် များစွာအထောက်အကူပြုပါသည်။

ကျမ်းကိုး

Naturopathy for LONGVITY by Dr. H.K.Bakhru

ညီညီကျော်

Healh Care

 

LEAVE A REPLY

Please enter your comment!
Please enter your name here