အမေရိကန်နိုင်ငံရှိ Wisconsin-Madison ပြည်သူ့သုတေသန တက္ကသိုလ်မှ သုတေသီများ၏ လေ့လာချက်အရ သက်လတ်ပိုင်းအရွယ် အမျိုးသမီးများအနေဖြင့် နေ့စဉ် ဒိန်ချဉ်ပုံမှန်သောက်သုံးပေးခြင်းက ခန္ဓာကိုယ်တွင်း အဆီပျော်ဝင်ခြင်း၊ အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်းနှင့် သွေးပေါင်ချိန်တိုးခြင်းများကို လျော့ကျစေပြီး အူ လမ်းကြောင်း ကျန်းမာရေးကိုလည်း ကောင်းမွန်စေကြောင်းသိရသည်။

အဆိုပါသုတေသီများ၏ ပြောပြချက်အရ အဆီနှင့်အချိုဓာတ် ပါဝင်မှုနည်းသော ဒိန်ချဉ်ကို တစ်နေ့လျှင် (၁၂)အောင်စခန့် နေ့စဉ်ပုံမှန်သောက်သုံးသော အမျိုးသမီးများ၌ ခန္ဓာကိုယ်တွင်း အဆီပျော်ဝင်မှု ကြောင့်ဖြစ်သော နာတာရှည်ရောင်ရမ်းမှုကို သက်သာစေပြီး ကိုယ်အလေးချိန်မတိုးအောင် ထိန်းပေးနိုင်ကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ အခုနောက်ဆုံးပြုလုပ်ထားတဲ့ သုတေသနအရ နို့နဲ့ နို့ထွက်ပစ္စည်းတွေ အထူးသဖြင့် ဒိန်ချဉ်ပုံမှန်သောက်ပေးရင် ခန္ဓာကိုယ်မှာ အဆီပျော်ဝင်မှုများလို့ ရောင်ရမ်းမှုဖြစ်တာတွေကို သက်သာစေတယ်ဆိုတာ တွေ့ခဲ့ရတယ်။ အဲ့လို နာတာရှည် ရောင်ရမ်းမှုဖြစ်တဲ့အခါ aspirin, prednisolone အစရှိတဲ့ အရောင်ကျဆေးတွေသောက် ရင်သက်သာပေမယ့်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေအတွက် ဒိန်ချဉ်က ဘေးကင်းပြီး ကျန်းမာရေးအရလည်း အကျိုးရှိလို့ နေ့စဉ်ပုံမှန်သောက်ပေးသင့်ပါတယ်”ဟု ၎င်းသုတေသနကို ဦးဆောင်သူ အစားအသောက်ပညာရှင် ပရော်ဖက်ဆာ ီDr. Brad Bolling က အကြံပြုပြောကြားထားသည်။

ခန္ဓာကိုယ်တွင်း အဆီများခြင်းကြောင့်ဖြစ်ပွားသော နာတာရှည်ရောင်ရမ်းမှုသည် အဝလွန်ရောဂါ၊ ဇီဝကမ္မဖောက်ပြန်မှု ရောဂါအစုအဝေး (Metabolic Syndrome)၊ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ စသည်တို့နှင့် တိုက်ရိုက်ဆက်နွယ်နေကြောင်းလည်း သိရသည်။

ရဲခိုင်(ဆေး-၂)

Health Care