၁။ အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များ

ဟင်းနုနွယ်၊ ဆလတ်ရွက်၊ ဘရိုကိုလီ စသည့်အစိမ်းရင့်ရောင်ရှိ ဟင်းသီးဟင်းရွက်များတွင် ဗီတာမင် C၊ K၊ ဖောလိတ်နှင့် အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ကျောက်ကပ်ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ပေးနိုင်သည်။ ၎င်းတို့ကို စားပေးခြင်းက သွေးပေါင်ချိန်နှင့် သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်ရှိအညစ်အကြေးများကို ကျောက်ကပ်မှ စွန့်ထုတ်နိုင်ရန် ကူညီလုပ်ဆောင်ပေးသည်။

၂။ အနီရောင်ဘယ်ရီသီး(Cranberry)

အနီရောင်ဘယ်ရီသီးများကို ဖျော်ရည်အဖြစ် သောက်သုံးပါက ဆီးလမ်းကြောင်းပိုးဝင်ခြင်းများအား ကုသပေးနိုင်ရုံသာမက ကျောက်ကပ်ကျောက်တည်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။ သို့သော် သဘာဝအတိုင်း လတ်ဆတ်ပြီး ဓာတုပစ္စည်းပါဝင်မှုကင်းစင်သော အော်ဂင်းနစ်ဘယ်ရီသီးများဖြစ်မှသာ အဆိုပါအကျိုးကျေးဇူး များကို အပြည့်အဝရရှိနိုင်မည်ဖြစ်သည်။

၃။ နနွင်း

နနွင်းတွင် ခန္ဓာကိုယ်ရှိရောင်ယမ်းမှုများကို သက်သာစေသည့် သဘာဝဆိုးဆေး (Curcumin) ပါဝင်သော ကြောင့် ကျောက်ကပ်ရောဂါများဖြစ်ပွားခြင်းမှ ကင်းဝေးစေသည်။ ထို့ပြင် ကျောက်ကပ်များကို သန့်စင်စေပြီး ကျောက်တည်ခြင်းများလည်း လျော့နည်းစေသောကြောင့် နနွင်းအနည်းငယ်ကို နေ့စဉ်ဟင်းလျာများတွင် ရောထည့်၍ စားသုံးပေးခြင်း၊ သစ်သီးဖျော်ရည်များတွင်ရောစပ်၍ သောက်သုံးပေးခြင်းတို့ ပြုလုပ်ပေးသင့်သည်။

၄။ ပန်းသီး

ပန်းသီးတွင် အမျှင်ဓာတ်များ ပေါကြွယ်ဝစွာပါဝင်ပြီး ကျောက်ကပ်၏အဓိကလုပ်ငန်းဆောင်တာဖြစ်သော ခန္ဓာကိုယ်ရှိအဆိပ်အတောက်များကို ဖယ်ရှားစွန့်ထုတ်ရာ၌ ကူညီဆောင်ရွက်ပေးသည်။ ထို့ပြင် တစ်နေ့လျှင် ပန်းသီးတစ်လုံးပုံမှန်စားပေးခြင်းက အစာချေစနစ်ကို အထောက်အကူပြုပြီး ခန္ဓာကိုယ်တွင်ဖြစ်တတ်သောရောင်ယမ်းမှုများကိုလည်း လျော့ပါးစေသည်။

၅။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူသည် ကျောက်ကပ်အား ထိခိုက်ပျက်စီးစေနိုင်သော အဆိပ်အတောက်များကို ခန္ဓာကိုယ်မှ ဖယ်ရှားပေးပြီး သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးသည်။ ၎င်း၌ ဓာတ်တိုးဆန့်ကျင်သတ္တိရှိပြီး ရောင်ယမ်း မှုများကို လျော့နည်းစေသော Allicin ဒြပ်ပေါင်းများ ပါဝင်သောကြောင့် ကျောက်ကပ်ကျန်းမာရေးအတွက် နေ့စဉ်မပါမဖြစ် စားသုံးသင့်သော အစားအစာတစ်မျိုးဖြစ်သည်။

၆။ ဒန်ဒလီယွန်လက်ဖက်ရည်ကြမ်း

ဒန်ဒလီယွန်ပင်သည် ဥရောပနှင့်မြောက်အမေရိကနိုင်ငံများတွင် ပေါက်ရောက်သော အဝါရောင်ပန်းပွင့်ရှိအပင်တစ်မျိုးဖြစ်သည်။ ၎င်းအပင်၏သစ်ရွက်များမှ အဓိကထုတ်လုပ်ရရှိသော လက်ဖက်ရည်ကြမ်းတွင် သွေးနှင့်ကျောက်ကပ်များကို သန့်စင်ပေးနိုင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ(Flavonoids) ပါဝင်နေသည်။ ထို့ပြင် သွေးပေါင်ချိန်နှင့်စိတ်ဖိစီးမှုများကိုလည်း လျှော့ချပေးနိုင်သောကြောင့် ဒန်ဒလီယွန်လက်ဖက်ရည်ကြမ်းတစ်ခွက်ကို မနက်တိုင်း ပုံမှန်သောက်သုံးပေးသင့်သည်။

၇။ သံလွင်ဆီ

သံလွင်ဆီသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းကြောင့် ဖြစ်တတ်သော နာကျင်မှုဝေဒနာများကို သက်သာစေပြီး ကိုလက်စထရောကို လျှော့ချပေးကာ ရောင်ယမ်းမှုဖြစ်စဉ်များကိုလည်း လျော့ပါးစေသည်။ ထို့ကြောင့် ဓာတုပစ္စည်းပါဝင်မှုကင်းသော သဘာဝသံလွင်ဆီစစ်စစ်ကို နေ့စဉ်ဟင်းလျာများ ချက်ပြုတ်ပြင်ဆင်ရာ၌ ထည့်သွင်းအသုံးပြုသင့်သည်။

၈။ သံပရာရည်

သံပရာရည်သည် ခန္ဓာကိုယ်တွင် အက်ဆစ်ဓာတ်ကိုများစေပြီး ကျောက်ကပ်ကျောက်တည်ခြင်းများမဖြစ်စေရန် ကာကွယ်ပေးသည်။ သံပရာသီးလေးလုံးကို အရည်ညှစ်၍ ရေအေး/ရေနွေးဖြင့် ဖျော်စပ်ကာ တစ်နေ့တစ်ခွက်သောက်ပေးခြင်းဖြင့် ကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ကျောက်ကပ်များကို သန့်စင်စေသည်။

၉။ ချင်း

ချင်းသည် ကျောက်ကပ်များကို သန့်စင်ရာ၌ ကူညီပေးပြီး ကျောက်ကပ်ရောဂါဖြစ်စေနိုင်သောရောင်ယမ်း မှုများကို လျော့ပါးစေကာ နာကျင်ကိုက်ခဲခြင်း၊ အစားအသောက်ပျက်ခြင်း၊ မူးဝေခြင်း၊ မအီမသာဖြစ်ခြင်း တို့ကိုလည်း သက်သာပျောက်ကင်းစေသည်။ ချင်းကို အစိမ်းစားခြင်း၊ ဟင်းလျာများတွင် ထည့်သွင်းချက်ပြုတ်ခြင်း၊ ချင်းလက်ဖက်ရည်သောက်ခြင်း စသောနည်းလမ်းအမျိုးမျိုးဖြင့် စားသုံးနိုင်သည်။

၁ဝ။ ဖရဲသီး

ဖရဲသီးတွင် ဓာတ်တိုးဆန့်ကျင်သတ္တိရှိသော အပင်ရောင်ခြယ်ပစ္စည်း (Lycopene)များပါဝင်ပြီး ခန္ဓာကိုယ်ရှိရောင်ယမ်းမှုများကို သက်သာစေသည်။ ထို့ပြင် ရေဓာတ်နှင့်အမျှင်ဓာတ်များလည်း ကြွယ်ဝစွာပါဝင်သောကြောင့် သွေး၊ ဆီးအိမ်နှင့် ကျောက်ကပ်များကို သန့်စင်ပေးနိုင်သည်။

ရဲခိုင်(ဆေး-၂)

Health Care