အသည်းသည် သင့်ခန္ဓာကိုယ်တွင် အဆိပ်အတောက်ဖြစ်စေသော အရာများကို ဖယ်ရှားပေးပြီး အစာချေ လမ်းကြောင်းရှိ သွေးများအား အခြားကိုယ်တွင်းအင်္ဂါများသို့ မပေးပို့မီ သန့်စင်ပေးခြင်းကို လုပ်ဆောင်ပေး သည်။ ထို့ပြင် ခန္ဓာကိုယ်အတွက် အကျိုးပြုသော အဆီစုပ်ယူခြင်းကို လုပ်ဆောင်ပေးသော သည်းခြေရည်နှင့် သွေးခဲခြင်းဖြစ်စဉ်များအတွက် လိုအပ်သည့်ပရိုတိန်းများ ထုတ်လုပ်နိုင်ရန် အရေးပါသော အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်သည်။ အရက်အလွန်အကျွံသောက်သုံးခြင်း၊ အဝလွန်ခြင်း၊ ရောဂါပိုးကူးစက်ခံရခြင်း၊ အချိုနှင့်အဆီ များသော အစားအစာများကို အလွန်အကျွံစားသုံးခြင်းတို့ကြောင့် အသည်းရောင်၊ အသည်းအဆီဖုံး၊ အသည်း ထိခိုက်ပျက်စီးမှုများနှင့် ကြုံတွေ့ရကာ အသည်းကင်ဆာအထိ ဖြစ်ပွားနိုင်သည်။ သို့ဖြစ်ရာ သင့်အသည်းအား အဆိုပါအခြေအနေများမှ ကာကွယ်နိုင်ရန် ပုံမှန်စားပေးသင့်သော အစားအစာများကို အကြံပြု ဖော်ပြပေးလိုက် ပါသည်။

၁။ အုတ်ဂျုံမှုန့်

အုတ်ဂျုံမှုန့်တွင် အမျှင်ဓာတ်များ ပေါကြွယ်ဝစွာပါဝင်နေပြီး အသည်း၏ လုပ်ငန်းဆောင်တာများကို ကောင်းမွန် စေသည်။ သို့ဖြစ်ရာ သင့်မနက်စာကို အုတ်ဂျုံမှုန့်တစ်ခွက်ဖြင့်စတင်လိုက်ခြင်းက ဝမ်းဗိုက်အဆီနှင့် ကိုယ်အလေးချိန်တို့ကို လျော့ကျစေကာ အသည်းရောဂါများမှလည်း ကင်းဝေးစေသည်။

၂။ ပန်းဂေါ်ဖီစိမ်း

ဘရိုကိုလီ(ခေါ်) ပန်းဂေါ်ဖီစိမ်းကို ပုံမှန်စားပေးခြင်းဖြင့် အသည်းအဆီဖုံးရောဂါမှ ကာကွယ်ပေးနိုင်ကြောင်း လေ့လာမှုများကဆိုသည်။ ပန်းဂေါ်ဖီစိမ်းကို ရေနွေးနှင့်ပြုတ်ပြီး လတ်လတ်ဆတ်ဆတ် စားသုံးပေးခြင်းက အသည်းကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည်။

၃။ လက်ဖက်ရည်ကြမ်း

လက်ဖက်ရည်ကြမ်း နေ့စဉ်ပုံမှန်သောက်ခြင်းက အသည်းရှိ အဆီပိုများကိုဖယ်ရှားပေးပြီး ၎င်းတွင်ပါဝင်သော Catechins အမည်ရှိ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက အသည်းကင်ဆာမဖြစ်ပွားစေရန် တားဆီးပေးနိုင်သည်။ အသင့်သောက်လက်ဖက်ရည်ကြမ်းဗူးများတွင်မူ Catechins ပါဝင်မှုပမာဏ လျော့နည်းတတ်သဖြင့် သဘာဝ လက်ဖက်ခြောက်ကိုသာ အိမ်တွင် ကိုယ်တိုင်နှပ်၍ သင့်တော်သော အချိုးအဆအတိုင်း ဖျော်စပ်ကာ ပူပူနွေးနွေး သောက်သုံးသင့်သည်။

၄။ ကော်ဖီ

တစ်နေ့လျှင် ကော်ဖီ ၂ ခွက် (သို့) ၃ ခွက်သောက်ပေးခြင်းက အရက်အလွန်အကျွံသောက်သုံးမှုကြောင့် ဖြစ်သော အသည်းထိခိုက်ပျက်စီးခြင်းများမှ ကာကွယ်ပေးသည်။ ထို့ပြင် ကော်ဖီကို အသင့်အတင့် သောက်ခြင်း ဖြင့် အသည်းကင်ဆာရောဂါဖြစ်ပွားနိုင်ခြေလည်း လျော့နည်းကြောင်း လေ့လာမှုအချို့တွင် ဖော်ပြထားသည်။

၅။ ရေ

နေ့စဉ် ရေများများသောက်ခြင်းက အသည်းရှိ အဆိပ်အတောက်များအား ဖယ်ရှားပေးပြီး အသည်းကို သန့်စင်ပေးသည်။ သို့ဖြစ်ရာ အသည်းထိခိုက်စေနိုင်သော ဆိုဒါ၊ ကိုလာနှင့်အားဖြည့်အချိုရည်တို့အား လျှော့ သောက်ကာ နေ့စဉ် ရေများများသောက်သော အလေ့အထကိုသာ ပုံမှန်ပြုလုပ်ပေးသင့်သည်။

၆။ အခွံမာသီး

ဗာဒံသီး၊ သစ်ကြားသီးတို့ကဲ့သို့ အခွံမာသီးများတွင် ဗီတာမင် E နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်နေပြီး ၎င်းတို့အား ပုံမှန်စားပေးခြင်းက အသည်းတွင်ဖြစ်သော ရောင်ယမ်းမှုများကို လျော့ကျစေသည်။ ထို့ပြင် အရက်အနည်းငယ်သောက်သူ(သို့) လုံးဝမသောက်သူများတွင် ဖြစ်တတ်သည့် အသည်းအဆီဖုံးရောဂါ(Non-alcoholic fatty liver disease)မှလည်း ကာကွယ်ပေးသည်။

၇။ ဟင်းနုနွယ်ရွက်

အစိမ်းရင့်ရောင်ရှိ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည့် ဟင်းနုနွယ်ရွက်တွင် အသည်း၏ လုပ်ငန်းစဉ်များကို အားကောင်းစေသော Glutathione အမည်ရှိ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်နေသည်။ ဟင်းနုနယ်ရွက်ကို ကြက်သွန်ဖြူ၊ သံလွင်ဆီတို့နှင့်ရောစပ်ကာ ညစာအဖြစ်စားသုံးပေးခြင်းက အသည်းကျန်းမာရေးအတွက် အထောက်အကူပြုသည်။

၈။ ဘယ်ရီသီး

ဗလူးဘယ်ရီနှင့် ခရန်ဘယ်ရီသီးတို့တွင်ပါဝင်သော သဘာဝအပင် ဒြပ်ပေါင်းများ(Polyphenols) က အသည်း ထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးပြီး အသည်းတွင် အနာနှင့်အမာရွတ်များဖြစ်ပေါ်ခြင်းအား တားဆီးဟန့်တား ပေးသည်။

၉။ ဂရိတ်ဖရု

ဂရိတ်ဖရုတွင် အသည်းထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်သော Naringenin နှင့် Naringin အမည်ရှိ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်နေပြီး အသည်းရှိအဆီပိုများအား ဖယ်ရှားပေးကာ ရောင်ယမ်းမှု များကို လျော့ကျစေသည်။ ထို့ပြင် အသည်းဆဲလ်များ ထိခိုက်ပျက်စီးခြင်း၊ အသည်းတွင် အမာရွတ်များဖြစ်ပေါ် ခြင်းတို့မှလည်း ကာကွယ်ပေးသည်။

၁ဝ။ ထောပတ်သီး

ထောပတ်သီးတွင် အသည်းကို ကောင်းကျိုးပြုသော မပြည့်ဝဆီများ (Unsaturates fats) ပါဝင်ပြီး အသည်း ထိခိုက်ပျက်စီးမှုများအား နှောင့်နှေးစေပြီး အသည်းကျန်းမာရေးကို အထောက်အကူပြုသော ဗီတာမင်၊ သတ္တု ဓာတ်နှင့် အခြားဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ကြွယ်ဝစွာ ပါဝင်သည်။

၁၁။ အဆီများသောငါး

အဆီများသောငါးများဖြစ်သည့် ဆဲလ်မွန်၊ ဆာဒင်း၊ တူနာ၊ ထရောက် စသည်တို့တွင် အိုမီဂါ-၃ ဖက်တီး အက်ဆစ်များ ကြွယ်ဝပြီး ၎င်းတို့က အသည်းတွင်း အဆီစုပုံခြင်းများအား တားဆီးပေးကာ အသည်းကင်ဆာ ဖြစ်ပွားနိုင်ခြေကိုလည်း လျော့ကျစေသည်။

၁၂။ နေကြာစေ့

နေကြာစေ့တွင် ကြွယ်ဝစွာ ပါဝင်သော ဗီတာမင် E နှင့် Selenium တို့က အသည်းကျန်းမာရေးအတွက် အကျိုးအာနိသင်များစွာပေးနိုင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများအဖြစ် လုပ်ဆောင်ပေးကာ အသည်းထိခိုက် ပျက်စီးမှုကို တားဆီးပေးသည်။

ရဲခိုင်(ဆေး-၂)

Health Care