၁၉၆ဝ ခုနှစ်ကတည်းက စတင်ပေါ်ပေါက်လာခဲ့သော တားဆေးတွေကြောင့် မလိုလားအပ်တဲ့ ကိုယ်ဝန်တွေမရရှိအောင် ကာကွယ်ပေးခဲ့ပါတယ်။ ယခုဆိုလျှင် သန္ဓေတားဆေးသုံးနေသော အမျိုးသမီးတွေရဲ့ ၂၅ ရာခိုင်နှုန်းဟာ သောက်ဆေးကို သုံးစွဲနေကြပါတယ်။ သောက်ဆေးကို ပုံမှန်သုံးစွဲလျှင် ကိုယ်ဝန်မရအောင် ၉၉ ရာခိုင်နှုန်းကျော်ကျော်လောက်ထိ ကာကွယ်ပေးပါတယ်။ တားဆေးသောက်နေတဲ့အခါ ဘေးထွက် ဆိုးကျိုးတွေ ရရှိပါတယ်။ ထိုအထဲမှာမှ ပျို့အန်တာတွေ အများဆုံး ဖြစ်ကြပါတယ်။

ဘာကြောင့် တားဆေးက ပျို့အန်ခြင်းဖြစ်ရတာလဲဆိုရင် သူ့မှာပါဝင်သော အီစတိုဂျင်ဟော်မုန်းဓာတ်ကြောင့်ပါ။ သူက အစာအိမ်ကို သွားဆွလို့ပါ။ အရေးပေါ်သန္ဓေတားဆေး သောက်ဆေးလိုမျိုး အီစတိုဂျင်များများပါတဲ့ ဆေးတွေက ပိုပြီးဆွပါတယ်။ တားဆေးကို ပထမဆုံးအကြိမ် သုံးစွဲလျှင် ပျို့အန်ခြင်းကို ဖြစ်ပေါ်ခံစားစေပါတယ်။

သောက်ဆေးကြောင့် ဖြစ်ပေါ်လာရသော ပျို့အန်ခြင်းကို ကုသမှု တိတိကျကျမရှိပါဘူး။ တချို့သော အိမ်တွင်းကုထုံးတွေနဲ့ သက်သာအောင်တော့ ပြုလုပ်လို့ရပါတယ်။ အစာကို နည်းနည်းနဲ့ ပေါ့ပေါ့လေး တွေဖြစ်တဲ့ ပေါင်မုန့်၊ Cracker မုန့်တွေစားခြင်း၊ အရသာပြင်းသော အစာတွေ၊ အရမ်းချိုသော အစာတွေ၊ အပူအစပ်တွေကို ရှောင်ရှားပါ။ အရည်အေးအေးလေးတွေ သောက်ပါ။ အစာစားပြီး လှုပ်လှုပ်ရှားရှားမပြုလုပ်ပါနှင့်။ ဂျင်းသောက်ရည်သောက်ခြင်း၊ အစာကို နည်းနည်းနဲ့ ခဏခဏစားပေးခြင်း၊ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဖြင့် သက်သာစေပါတယ်။ ဆေးကြောင့်ဖြစ်ပေါ်သော ပျို့အန်ခြင်းက ရက်အနည်းငယ်အတွင်း သက်သာလာပါလိမ့်မယ်။ ဆေးက အစာစားချင်စိတ်နဲ့ ကိုယ်အလေးချိန်ပေါ် သက်ရောက်မှုရှိနေရင်တော့ တခြားဆေး၊ တခြားနည်း ပြောင်းသုံးပါ။

ဆေးသောက်တဲ့အချိန်မှာလည်း အစာမရှိဘဲ မသောက်ပါနှင့်။ အစာလေးတစ်ခုခု စားပြီးမှသောက်သုံးပါ။ ဒါမှမဟုတ် ဆေးမသောက်ခင် နာရီဝက်အလိုလောက်မှာ အစာအိမ်ဆေးသောက်လဲ ရပါတယ်။ Progestin တစ်ခုတည်းပါတဲ့ တားဆေးဆိုရင်တော့ ပျို့ခြင်း၊ အန်ခြင်း မဖြစ်ပေါ်စေပါဘူး။ တားဆေးသောက်လိုက်လို့ ပျို့အန်ရင် မသောက်ဘဲ မနေပါနဲ့။ တခြားဆေးလဲ ပြောင်းမသုံး၊ အကာအ ကွယ်လဲမသုံးထားလျှင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။

သန္ဓေတားဆေးမှာ လူတွေက ဖန်တီးထားသော မဟော်မုန်းဖြစ်တဲ့ အီစတိုဂျင်နဲ့ Progesterone

တွေ၊ Progesterone တစ်ခုတည်းပါတဲ့ ဟော်မုန်းတွေနဲ့ ပြုလုပ်ထားပါတယ်။ ဆေးက မမျိုးဥအိမ်မှ မျိုးဥမကြွေအောင် ကာကွယ်ပေးပါတယ်။ ထို့ပြင် သားအိမ်ခေါင်းပတ်လည်က အချွဲတွေကို ထူစေ ပါတယ်။ ထိုအခါ ဖိုမျိုးကောင်မလာအောင် တားထားပါတယ်။ တကယ်လို့ ဖိုမျိုးကောင်နဲ့ မမျိုးဥ တွေ့ခဲ့ရင်တောင်မှ သန္ဓေသားလောင်း သားအိမ်နံရံတွင် မကပ်နိုင်အောင်ပြုလုပ်ပေးပါတယ်။

အများဆုံးဖြစ်တတ်တဲ့ ပျို့အန်ခြင်းအပြင် တခြားဘေးထွက် ဆိုးကျိုးတွေဖြစ်တဲ့ ရင်သားတင်းခြင်း၊ နာခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်အလိုမကျခြင်း၊ ကာမစိတ်လျော့ကျခြင်း၊ ပုံမမှန်သွေးဆင်းခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ လျော့ခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒီဘေးထွက်ဆိုးကျိုးတွေက ပျော့ ပျော့လေးတွေသာ ခံစားရပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကို ဆေးစသောက်ပြီး လအနည်းငယ်မှာ စ တင်ခံစားရပါတယ်။ တစ်ခါတလေ ရှားရှားပါးပါးအနေနဲ့ ခြေထောက်မှာ သွေးခဲပိတ်တတ်ပါတယ်။ သွေး ခဲပိတ်တဲ့အခါ ကုသမှုမပေးလျှင် အသက်ထိခိုက်နိုင်ပါတယ်။ ဒီလို ဖြစ်နိုင်ခြေက ရှားပါတယ်။ သို့သော် နှစ်ရှည်သုံးစွဲလာတယ်။ ဆေးလိပ်လဲသောက်တယ်။ အသက် ၃၅ နှစ်လဲကျော်လာတယ်ဆိုလျှင် ဖြစ်နိုင်ခြေ ပိုများပါတယ်။

သန္ဓေတားဆေးကို ရွေးချယ်တော့မယ်ဆိုလျှင် သင့်အတွက် အသင့်တော်ဆုံးကို ရွေးချယ်ပါ။ အမျိုးမျိုးသော သန္ဓေတားပုံတားနည်းတွေက အများကြီးပါ။ ထိုးဆေး၊ သောက်ဆေး၊ သားအိမ်တွင်း ပစ္စည်းထည့်ခြင်း၊ လက်မောင်းထဲ ပစ္စည်းထည့်ခြင်း၊ သားကြောဖြတ်ခြင်း၊ အကာအကွယ် သုံးခြင်းတွေရှိသလို ကိုယ့်အတွက် အဆင်အပြေဆုံးကို ရွေးချယ်ဖို့လိုပါမယ်။ အဆင်ပြေမပြေကတော့ သုံးစွဲကြည့်မှသာသိမှာပါ။ တစ်မျိုးသုံးလို့ အဆင်မပြေလျှင် တခြားနည်း ပြောင်းသုံးခြင်းဖြင့် သင့်အတွက် အဆင်အပြေဆုံးကို သိရှိလာပါလိမ့်မယ်။ လိုအပ်လျှင် ဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးပြီး အကူအညီရယူသင့်ပါတယ်။

ဒေါက်တာဇွဲကောင်းချစ်

Health Care