ကိုယ်ဝန်ဆောင်တာနဲ့ပတ်သက်တဲ့ ပေါ်ပင်အယူအဆတွေ အမျိုးမျိုးရှိပါတယ်။ တချို့သူတွေက မီးဖွားနေတာကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပါတယ်။ တချို့မိခင်တွေကတော့ အချင်းကို ပြန်စားကြပါတယ်၊ အဲဒီလိုပဲ မီးဖွား လာတဲ့ သန္ဓေသားငယ်ကို  မိခင်ရဲ့မိန်းမကိုယ်ကအရည်နဲ့ သုတ်လိမ်းကြတာလဲရှိပါတယ်။ ဗိုက်ခွဲမွေးတဲ့သူတွေ ပြုလုပ်ကြတာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ အငြင်းပွားဖွယ်ဖြစ်ပြီး တချို့သော သုတေသနပြုသူတွေက တော့ အန္တရာယ်ရှိနိုင်တဲ့လုပ်ဆောင်ချက်လို့ ယူဆကြပါတယ်။

ဘာဖြစ်လို့လုပ်ကြတာလဲ

မီးဖွားပြီးသန္ဓေသားကို မိခင်ရဲ့မိန်းမကိုယ်အရည်နဲ့ သုတ်လိမ်းဖို့ ဗိုက်ခွဲမီးဖွားနေစဉ်မှာ မိန်းမကိုယ်ထဲကို ပိတ်ကျဲစတွေ ထည့်ထားရမှာပါ။ ကလေးထွက်လာလာချင်းမှာ အဲဒီပိတ်ကျဲစမှာ ပေနေတဲ့ မိခင်မိန်းမကိုယ်က အရည်နဲ့ တစ်ကိုယ်လုံး သုတ်လိမ်းပေးကြတာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ မွေးလမ်းကြောင်းက ဘက်တီးရီးယားတွေနဲ့ ကလေးငယ်ကို ထိတွေ့ပေးချင်တာပဲဖြစ်ပါတယ်။

ဗိုက်ခွဲပြီးမွေးဖွားတဲ့ ကလေးငယ်တွေဟာ ဓာတ်မတည့်မှုတွေ၊ ပန်းနာရင်ကျပ်စတဲ့ရောဂါ နည်းနည်းပိုပြီး ဖြစ်ပွား တတ်ကြပါတယ်။ အဲဒီလိုဖြစ်ပွားရခြင်း အကြောင်းရင်းခံတွေထဲမှာ မွေးဖွားချိန်မှာ မိခင်ရဲ့မွေးလမ်းကြောင်းက ဘက်တီးရီးယားတွေနဲ့ မထိတွေ့ခဲ့ရလို့များလားဆိုတဲ့ ယူဆချက်ရှိပါတယ်။ အဲဒီအတွက် ဒီလိုဗိုက်ခွဲပြီး မွေးစ ကလေးငယ်ကို မိခင်ရဲ့ မိန်းမကိုယ်ကအရည်နဲ့ သုတ်လိမ်းပေးချင်ကြတာဖြစ်ပါတယ်။

အထောက်အထားသက်သေ

ဒီလို မီးဖွားပြီးစကလေးငယ်ကို မိခင်ရဲ့မိန်းမကိုယ်အရည်နဲ့ သုတ်လိမ်းပေးခြင်းဟာ ကောင်းကျိုးဖြစ်စေတယ် ဆိုတာကို ထောက်ခံတဲ့ သုတေသနတစ်ခုလည်း ရှိပါတယ်။ ဗိုက်ခွဲပြီးမွေးဖွားတဲ့ ကလေးငယ် ၄ ဦးကို အဲဒီလို သုတ်လိမ်းပေးလိုက်တဲ့အခါ ၁ လလောက်ကြာတဲ့အခါမှာ သူတို့ရဲ့ အရေပြားနဲ့ ပါးစပ်တွင်းက ဘက်တီးရီးယား တွေဟာ ရိုးရိုးမွေးဖွားတဲ့ ကလေးတွေနဲ့တူညီနေတာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလို သုတ်လိမ်းမပေးတဲ့ ကလေးငယ် ၁၁ ဦးမှာတော့ ဒီလိုတူညီတဲ့ ဘက်တီးရီးယားမျိုးတွေ မတွေ့ရဘူးလို့ဆိုပါတယ်။

ဒါပေမယ့် ဒီလေ့လာမှုက ဒီလိုပြုလုပ်တာကို အန္တရာယ်ကင်းပြီး ထိရောက်မှုရှိတယ်လို့ အများ လက်ခံဖို့အတွက် တော့ သေးငယ်လွန်းတဲ့ လေ့လာမှုပဲဖြစ်ပါတယ်။  တချို့သော သုတေသနတွေမှာဆိုရင်တော့ အသက် ၆ ပတ် လောက်မှာ ကလေးငယ်တွေရဲ့ ဘက်တီးရီးယားတွေဟာ ပြောင်းလွဲပြီး ခွဲမွေးတာနဲ့ ရိုးရိုးမွေးတာဟာ မကွာခြား တော့ဘူးလို့လဲဆိုပါတယ်။ ဒီလေ့လာမှုတွေကတော့ ဒီလိုကလေးငယ်တွေကို မိခင်ရဲ့မိန်းမကိုယ်က အရည်နဲ့ သုတ်လိမ်းပေးခြင်းဟာ ဘာအကျိုးမှမရစေတာကို ညွှန်ပြနေတာဖြစ်ပါတယ်။

စိုးရိမ်စရာအချက်တွေ

ဒီခွဲပြီးမွေးဖွားတဲ့ ကလေးငယ်ကို မိခင်ရဲ့ မိန်းမကိုယ်ကအရည်နဲ့ သုတ်လိမ်းပေးတာဟာ ကောင်းမွန်စေတယ်ဆို တဲ့ အထောက်အထားမရှိဘဲ ပြင်းထန်တဲ့ အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ယူဆကြတဲ့သူတွေလည်း အများကြီးရှိပါ တယ်။

အမေရိကန်သားဖွားမီးယပ်ဆရာဝန်အသင်းကလည်း ဒီအပြုအမူကို ဆန့်ကျင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကလေးငယ်ကို ကူးစက်ပိုးတွေ ဝင်စေနိုင်လို့ဖြစ်ပါတယ်။ ဒီအပြုအမူကနေတစ်ဆင့် ကလေးငယ်ကို ပြင်းထန်တဲ့ ရောဂါပိုးကူးစက်မှုကိုဖြစ်စေပြီး အသက်အန္တရာယ်ဖြစ်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒီလို ကူးစက်မှုတွေဖြစ်မလာ ရင်တောင်မှဘဲ ကောင်းကျိုးဖြစ်စေတယ်ဆိုတာလည်း မသေချာပါဘူးလို့ ဒီအပြုအမူကို ဆန့်ကျင်တဲ့သူတွေက ဆိုကြပါတယ်။ တစ်ဖက်မှာဆိုရင်လည်း အမျိုးသမီးတစ်ဦးဟာ မွေးလမ်းကြောင်းမှာပိုးဝင်နေရင် မီးဖွားမှု မတိုင်ခင်ပျောက်ကင်းအောင် ကြိုတင်ပြီး ကုသထားသင့်တာလည်းဖြစ်ပါတယ်။

ဒါကြောင့် အမေရိကန်သားဖွားမီးယပ်ဆရာဝန်များအသင်းကနေ အကြံပြုတာကတော့ ဆေးပညာဆိုင်ရာ စမ်းသပ်မှုအနေနဲ့ ပါဝင်တာဆိုရင်တော့ ဒီမွေးဖွားပြီး စကလေးငယ်ကို မိန်းမကိုယ်ကအရည်သုတ်လိမ်းတာကို ပြုလုပ်စမ်းသပ်နိုင်ပေမယ့် ပုံမှန်အနေနဲ့တော့ မပြုလုပ်သင့်ဘူးလို့ ဖြစ်ပါတယ်။ ကိုယ်မွေးဖွားလာတဲ့ ကလေးငယ် ရဲ့ ဘက်တီးရီးယားတည်ရှိနေမှုကို တိုးတက်ကောင်းမွန်စေချင်ရင် တခြားနည်းလမ်းတွေကို အသုံးပြုဖို့ဖြစ်ပါ တယ်။

အဲဒီနည်းလမ်းတွေကတော့

(၁) မိခင်နို့ တိုက်ကျွေးတာ

ကလေးငယ်အတွက် အကျိုးရှိစေတဲ့ ဘက်တီးရီးယားတွေရဲ့ ၃၀ ရာခိုင်နှုန်းလောက်က မိခင်နို့ကနေလာတာ ဖြစ်ပါတယ်။

(၂) မိခင်နဲ့ကလေး အသားချင်းတိုက်ရိုက်ထိတွေ့ပေးတာ

ကလေးငယ်ရဲ့ ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ဟာ မိခင်ရင်သားတစ်ဝိုက် အရေပြားကလာတာဖြစ်ပါတယ်။

(၃) ကလေးငယ်ကို မွေးဖွားပြီး ၁၂ နာရီလောက်အထိ ရေမချိုးပေးသေးဘဲထားတာ

(၄) မလိုအပ်ဘဲ ပဋိဇီဝဆေးတွေမသုံးစွဲတာ စတာတွေဖြစ်ပါတယ်။

ဒီနည်းလမ်းတွေထဲမှာ မိခင်နို့ တိုက်ကျွေးခြင်းဟာ အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။

ဒေါက်တာကေ

Health Care