သန်ကောင်ရောဂါသည် လူကြီး၊ လူငယ်မရွေးဖြစ်နိုင်ပြီး ကလေးများတွင် အဖြစ်များပါသည်။ သန်ကောင်ရောဂါတစ်ခု တည်းကြောင့် မသေဆုံးနိုင်သော်လည်း သန်ကောင်များပြီး နောက် ဆက်တွဲရောဂါများဖြစ်ပါက သေဆုံးနိုင်ပါသည်။ အထူးသဖြင့် အာ ဟာရဓာတ်ချို့တဲ့ပြီး သန်ကောင်ရောဂါကြောင့် အူပိတ်ခြင်း၊ သန်ကောင်ရောဂါကြောင့် အူတစ်ခုအတွင်းသို့ အူတစ်ခုဝင်ခြင်းနှင့် သန်ကောင်ရောဂါကြောင့် အသည်း ပြည်တည်နာ ဖြစ်ခြင်းများကြောင့် အသက်သေဆုံးနိုင်ပါသည်။ ထို့ကြောင့် သန်ကောင်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းများ ဆောင်ရွက်ရပါမည်။

() သန်ကောင်အမျိုးအစားများ

လူ၏ ခန္ဓာကိုယ်အတွင်း၌နေပြီး လူကိုဒုက္ခပေးနိုင်သော သန်ကောင်(၅)မျိုးရှိပါသည်။ သန်လုံးကောင်၊ သန်ပြားကောင်၊ သန်ချိတ်ကောင်၊ ချည်သန်ကောင် (သို့မဟုတ်) တုတ်ကောင်နှင့် ကြာပွတ်သန်ကောင်တို့ဖြစ်ပါသည်။ ၎င်းတို့အနက် သန်လုံးကောင်သည် လူကို အများဆုံးဒုက္ခပေးသော သန်ကောင်ဖြစ်ပါသည်။

() သန်ကောင်ရောဂါဖြစ်စေသော အကြောင်းအရင်းများ

လူကြီးများတွင် သန်ကောင်ရောဂါသည် မသန့်ရှင်းသော အစားအသောက်များမှတစ်ဆင့် သန်ဥများ ခန္ဓာကိုယ်တွင်း ရောက်ရှိလာခြင်းကြောင့်ဖြစ်ပါသည်။

ကလေးများတွင် မစင်မှတစ်ဆင့် ပါးစပ်ထဲသို့ဝင်ခြင်းနှင့် လူ၏ ခန္ဓာကိုယ်ထဲဝင်ခြင်းကြောင့်ဖြစ်ပါသည်။ ကလေးငယ်များ လက်စုပ်ရာမှ မသန့်ရှင်းသည့်လက်သည်းကြားမှ ဝင်နေသော သန်ဥများ ဝမ်းထဲသို့ရောက်ခြင်း ကလေးများ၏ မစင်ကို အိမ်သာထဲ မစွန့်ပစ်ဘဲ မြေပေါ်မှာ စည်းကမ်းမဲ့စွာ လွှင့်ပစ်ခြင်း၊ ယင်လုံအိမ်သာ မသုံးခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှု နည်းခြင်း၊ လက်သည်းကောင်းစွာ မညှပ်ခြင်း၊ လက်သည်းကို ကိုက်သောအကျင့် ဖြစ်နေခြင်း၊ ပါးစပ်ထဲသို့ လက်ထည့်သောအကျင့်ဖြစ်နေခြင်းနှင့် မြေကြီးပေါ်တွင် ဖုန်မှုန့်များနှင့် ဆော့ကစားခြင်းတို့ကြောင့် သန်ကောင်ရောဂါဖြစ်ပေါ်ခံစားရနိုင်ပါသည်။

() လူ၏ ခန္ဓာကိုယ်ထဲသို့ သန်ကောင်များ ရောက်ရှိနိုင်သော နည်းလမ်းများ

ထမင်းမစားခင်နှင့် စားပြီးအချိန်တွင် လက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင်မဆေးခြင်း၊ ရေဇလုံတစ်ခုတည်းတွင် လက်ဆေးမှု ပြုလုပ်ခြင်း၊ အိမ်သာသွားပြီးတိုင်း လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာ မဆေးခြင်း၊ ယင်နားစာနှင့် ပိုးဟပ်နားသောအစားအစာများ စားသုံးခြင်း၊ သဲထဲတွင် ဖိနပ်မပါဘဲ လမ်းလျှောက်ခြင်း၊ တိရစ္ဆာန်(သို့မဟုတ်) လူ၏မစင်များကို မြေသြဇာအဖြစ် အသုံးပြုထားသော ဟင်းသီးဟင်းရွက်များကို စားခြင်းနှင့် ဝက်သားကို သေချာစွာကျက်အောင်မချက်ဘဲ စားသုံးခြင်းတို့ကြောင့် လူ၏ ခန္ဓာကိုယ်ထဲသို့ သန်ကောင်များ ရောက်ရှိနိုင်ပါသည်။

() သန်ကောင်များ ခန္ဓာကိုယ်အတွင်း၌ မျိုးပွားခြင်း 

သန်ကောင်ဥများသည် ခန္ဓာကိုယ်အတွင်းသို့ ပါးစပ်မှတစ်ဆင့် ရောက်ရှိပါသည်။ ဝမ်းတွင်း (အူထဲ)သို့ ရောက်ရှိပါက သွေးပြန် ကြောမှတစ်ဆင့် အသည်းထဲသို့ ရောက်ရှိပါသည်။ အသည်းမှတစ်ဆင့် သွေးပြန်ကြောမကြီးမှ အဆုတ်ထဲသို့ ရောက်ရှိပါသည်။ ထို့နောက် သန်ကောင်အဆင့်ဆင့်ပြောင်းလဲပြီး လေပြွန်မှတစ်ဆင့် အစာပြွန်ထဲသို့ ရောက်ရှိသွားပါသည်။ ၎င်းမှတစ်ဆင့် အစာအိမ်၊ အူသိမ်နှင့် အူမကြီးသို့ ရောက်ရှိပြီး အူမကြီးတွင် သန်ကောင်အဖြစ် နေထိုင်စားသောက် အသက်ရှင်သန်လျက်ရှိပါသည်။

() သန်ကောင်ရောဂါ လက္ခဏာများ

သန်ကောင်ရောဂါဖြစ်ပါက မကြာခဏ ဝမ်းဗိုက်နာတတ်ခြင်း၊ အော့အန်ခြင်း၊ တစ်ခါတရံ သန်ကောင်များအန်တတ်ခြင်း၊ သန်ဝမ်း သွားခြင်းနှင့် အစားအသောက်ပျက်ခြင်းများ ဖြစ်တတ်ပါသည်။

() သန်ကောင်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ

သန်ကောင်များ တိုးပွားလာပြီး အူလမ်းကြောင်းတွင် သန်ကောင် များပိတ်ဆို့ခြင်း၊ အူများ တစ်ခုနှင့် တစ်ခုစွပ်ဝင်တတ်ခြင်း၊ သန်ကောင်များ အူမှဖောက်ထွက်ပြီး ဝမ်းခေါင်းတွင်းသို့ရောက်ပြီး ဝမ်းဗိုက်ရောင်ခြင်း၊ အူအတက်ပေါက်ထဲသို့ သန်ကောင် ဝင်လာခြင်းကြောင့် အူအတက်ရောင်ခြင်း၊ အသည်းတွင် သန်ကောင်များ အထွေးလိုက်ခွေနေခြင်းကြောင့် အသည်းကြီး လာခြင်းနှင့် အသည်းပြည်တည်နာ ဖြစ်ခြင်း၊ သည်းခြေလမ်းကြောင်းတွင် သန်ကောင်ပိတ်ဆို့ပြီး အသားဝါခြင်း၊ ဝမ်းဗိုက်နာခြင်းနှင့် ဖျားခြင်း၊ သန်ကောင် အဆုတ်တွင် ရောက်ခြင်း(သို့မဟုတ်) သန်ကောင်မှထွက်သော ဓာတ်တစ်မျိုးကြောင့် ပန်းနာရင်ကျပ်ဖြစ်ခြင်း။ လည်ချောင်းတွင် သန်ကောင်တစ်ဆို့ခြင်းကြောင့် အသက်ရှူခက်ခဲပြီးသေဆုံးနိုင်ခြင်း၊ သန်ချိတ်ကောင်ကြောင့် သွေးအားနည်းရောဂါဖြစ်ခြင်း၊ သန်ကောင်မှထွက်သောဓာတ်တစ်မျိုးကြောင့် ဓာတ်မတည့် (အလာဂျီ) ဖြစ်ခြင်းနှင့် အရေပြားတွင် အဖုအပိန့်များထခြင်း၊ မျက်စိနှင့် နားများထဲသို့ သန်ကောင်ဝင်ခြင်း၊ ဦးနှောက်ထဲသို့ သန်ကောင် ရောက်ရှိပြီး ကိုယ်တစ်ခြမ်းသေခြင်း၊ တက်ခြင်းနှင့် လေဖြတ်ခြင်း စသည့် နောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်ပါသည်။

() သန်ချဆေးသောက်ခြင်း 

လူကြီးများအနေဖြင့် တစ်နှစ်တစ်ကြိမ် သန်ချရပါမည်။ ကလေးများအား တစ်နှစ်ကို အနည်းဆုံး (၂)ကြိမ် သန်ချသင့်ပါသည်။ တစ်ကိုယ်ရည်သန့်ရှင်းမှုနည်းပြီး သန်ကောင်များသော ကလေးများကို (၂)လတစ်ခါ သန်ချပေးနိုင်ပါသည်။ သန်ဥမှ သန်ကောင်ဖြစ်ရန် ရက်ပေါင်း (၂)လကြာသောကြောင့်ဖြစ်ပါသည်။ ကလေးငယ် အသက် (၁)နှစ်အရွယ်မှစပြီး သန်ချနိုင်ပါသည်။ (၁)နှစ်အောက်ကလေးများတွင် သန်အန်ခြင်းနှင့် ဝမ်းတွင်း၌ သန်ပါနေခြင်းများဖြစ်ပါက တတ်ကျွမ်းနားလည်သည့် ကလေးအထူးဆရာဝန်များနှင့် တိုင်ပင်ပြီး သန်ချရပါမည်။

() သန်ချဆေးအမျိုးအစားများ

သန်ချဆေး အမျိုးမျိုးရှိသော်လည်း Albendazole နှင့် Mebendazole သန်ချဆေးများသည် အန္တရာယ်ကင်းပါသည်။ ကလေး အသက် (၁)နှစ်အောက်နှင့် အာဟာရပြတ်နေသော ကလေးကို သန်ချပါက ဆရာဝန်နှင့်တိုင်ပင်ပြီးမှ သန်ချဆေးတိုက်ရပါမည်။ ဝမ်းပျော့ဆေးနှင့် တွဲ၍သောက်ပါက ပို၍ကောင်းပါသည်။ သန်ကောင် တစ်ကောင်ကျပါက သန်ဥ(၁)သိန်းခန့် ပါနိုင်ခြင်းကြောင့် သန်ချပေးရပါမည်။ တုတ်ကောင်များအတွက် သန်ချပါက မိသားစုတစ်စုလုံး တစ်ပြိုင်နက်တည်း သန်ချမှသာ ပျောက်ကင်းနိုင်ပါသည်။

() သန်ကောင်ရောဂါမဖြစ်စေရန် ကာကွယ်ခြင်း

သန်ကောင်ရောဂါမဖြစ်စေရန်မစင်ကို ယင်လုံအိမ်သာအတွင်းသို့ စနစ်တကျစွန့်ပစ်ခြင်း၊ ခြေသည်းလက်သည်းများကို တစ်ပတ် တစ်ခါညှပ်ခြင်း၊ အိမ်သာသွားပြီးတိုင်းနှင့် အစားမစားမီလက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးခြင်း၊ ယင်မနားစေရန်နှင့် ပိုးဟပ်များ မဝင်စေရန် အစားအစာနှင့် အိုး ခွက်ပန်းကန်များကို ဖုံးအုပ်ထားခြင်း ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရာတွင် တိရစ္ဆာန်နှင့် လူ့မစင်များကို မြေသြဇာအဖြစ် အသုံးမပြုခြင်း။ ဟင်းသီးဟင်းရွက်များကို သေချာစွာ ဆေးကြောပြီးမှ ချက် ပြုတ်ခြင်း၊ အစားအသောက် မပြင်ဆင်ခင် လက်ကို ဆပ်ပြာနှင့် စင် ကြယ်အောင်ဆေးကြောခြင်း၊ ဟင်းသီးဟင်းရွက်များကို အစိမ်းမစားဘဲ ချက်ပြုတ်စားခြင်းနှင့် တစ်ကိုယ် ရည်သန့်ရှင်းမှုဂရုစိုက်ခြင်းများ ပြုလုပ်ရပါမည်။

(၁ဝ) အကြံပြုချက်

သန်ချဆေးကို ဆရာဝန်ညွှန်ကြားချက်အရ သောက်ရပါမည်။ သန်ကောင်ရောဂါဖြစ်စေသော အကြောင်းရင်းများကို ကြိုတင်ကာ ကွယ်ရပါမည်။ သန်ချဆေးအတွက် မှားယွင်းသောယုံကြည်မှုများရှိပါက ဖယ်ရှားရပါမည်။ သန်ချဆေး တိုက်ပါက ရေချိုးခြင်း၊ အစာကျွေးခြင်းနှင့် ဝမ်းပျော့ဆေးသောက်ခြင်းများ ပြုလုပ်နိုင်ပါသည်။ သန်ကောင်တွင် မျက်စိမရှိသောကြောင့် လည်ပင်းနှင့်ရင်ဘတ်များတွင် ထုံးတားထားခြင်းကို မပြုလုပ်သင့်ပါ။ သန်ကောင်ရောဂါမဖြစ်စေရန် မိသားစုဝင်အားလုံး ကြိုတင်ကာကွယ်မှုများပြုလုပ်သင့်ကြောင်း အကြံပြုအပ်ပါသည်။

ဒေါက်တာမြင့်သန်းထွန်း

Health Care