သွားနှင့်ခံတွင်းရောဂါထဲမှာ အဖြစ်အများဆုံးရောဂါဟာ သွားပိုးစားခြင်း ဖြစ်ပါတယ်။ သွားပိုးစားတာကို လူတိုင်းနီးပါး ဖြစ်ဖူးကြပေမယ့် ဘာကြောင့် သွားပိုးစားတာလဲဆိုတာကိုတော့ သိသူ နည်းပါးနေတုန်းပါပဲ။

ဒါကြောင့် တချို့ဒေသတွေမှာဆိုရင် သွားပိုးပေါက် ရှိလာပြီဆိုရင် သွားနှင့်ခံတွင်း ဆေးခန်းကို သွားတာထက် သွားပိုးချတာမျိုးတွေ ရေမန်းမှုတ်တာမျိုးတွေ ရှိနေဆဲပဲ။ ရန်ကုန်လို မန္တလေးလို မြို့ကြီးတွေမှာတောင် သွားပိုးချတဲ့သူတွေ ရှိနေတုန်းပါပဲ။ အခုဆိုရင် Online ပေါ်မှာတောင် သွားပိုးချသူတွေရှိနေပြီ။ ဒီတော့ သွားတွေကို ပိုးစားတဲ့ ပိုးကောင်တွေကရော တကယ်ရှိပါ့မလားလို့ မေးစရာဖြစ်လာပါတယ်။ လူတွေရဲ့ ခံတွင်းတွေနဲ့ အရင်းနှီးဆုံး ဖြစ်တဲ့သူတွေ၊ သွားတွေကို တချိန်လုံး ခွဲခြမ်းစိတ်ဖြာပြီး လေ့လာနေတဲ့ ကမ္ဘာပေါ်က သွားနှင့်ခံတွင်း ဆရာဝန်တွေက အကုန်လုံးကတော့ သွားပိုးစားခြင်းကို ဖြစ်စေတဲ့ သွားပိုးကောင်တွေကို မတွေ့ဖူးကြပါဘူး။ ဘယ်တွေ့ဖူးပါ့မလဲ သွားပိုးကောင်တွေဆိုတာ ရှိမှမရှိတာ။

ဒါဆိုရင် ဘာလို့ သွားတွေမှာ သွားပိုးပေါက်တွေ ဖြစ်လာနေရသလဲဆိုတာကို လေ့လာကြည့်ရအောင်။ ကျွန်တော်တို့ သွားတွေမှာ သွားပိုးပေါက်တွေဖြစ်လာဖို့ ယျေဘုယျအားဖြင့် အချက် (၄) ချက် လိုအပ်ပါတယ်။

(၁) လူ

ပထမဆုံးအချက်က ကျွန်တော်တို့ကိုယ်တိုင်ဖြစ်ပါတယ်။ လူတော်တော်များများက တကိုယ်ရည်သန့်ရှင်းရေးပိုင်းမှာ သွားနှင့်ခံတွင်း သန့်ရှင်းရေးကို အပေါ့ဆဆုံးပါပဲ။ ကျွန်တော်တို့ ခံတွင်းဟာနေ့တိုင်းနေ့တိုင်း အသုံးအပြုဆုံး၊ အရေးအပါဆုံး ဆိုပေမယ့် ခံတွင်းကို သန့်ရှင်းတဲ့အခါမှာ ပြီးစလွယ်လုပ်တတ်ကြပါတယ်။ စနစ်တကျ ခံတွင်းသန့်ရှင်းရေး လုပ်တဲ့သူဆိုတာ တော်တော်ရှားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ခံတွင်းမှာ သွားတွေမှာ အစာအကြွင်းအကျန်တွေ အမြဲကျန်ခဲ့လေ့ရှိပါတယ်။ ဒီ အစာ အကြွင်းအကျန်တွေဟာ ကျွန်တော်တို့ အစားအစာတွေကိုအပြင်မှာထားရင် ပုတ်သိုးလာသလိုပဲ ပါးစပ်ထဲမှာလည်း ပုတ်သိုးလာတယ်။ အနံ့ဆိုးတွေထွက်လာသလို ပါးစပ်အရသာဟာလည်း ချဉ်စုတ်စုတ် ဖြစ်လာတာပေါ့။ ချဉ်စုတ်စုတ် ဖြစ်လာတာဟာ ရိုးရိုးလေး တွေးကြည့်ရင် အက်ဆစ်ပေါက်လာတဲ့ သဘောပါပဲ။ ဒီလိုအက်ဆစ်ပျော့လေးတွေက တစ်ရက်နှစ်ရက် အတွင်းတော့ ဘာဒုက္ခမှ မပေးသေးဘူး။ ဒါပေမယ့်နှစ်ပေါင်းများစွာ ဒီလို​ နေ့စဥ်ဖြစ်နေမယ်ဆိုရင် သွားတွေဟာ တဖြည်းဖြည်း ဆွေးမြေ့ပျက်စီးလာတော့တာပါပဲ။ သွားပိုးစားခြင်းဆိုတာ အခေါ်အဝေါ် တစ်ခုသာဖြစ်ပြီး အမှန်တကယ်က သွားများဆွေးမြေ့ပျက်စီးသွားခြင်းသာ ဖြစ်ပါတယ်။

နောက်တစ်ချက် ပြောပြချင်တာက ကျွန်တော်/ကျွန်မတို့ မျိုးရိုးက သွားမကောင်းဘူး ဆိုတဲ့စကားကိုလည်း ကြားဖူးကြမယ် ထင်ပါတယ်။ ဒါကတော့ မျိုးရိုးဗီဇပေါ့။ တချို့သော လူတွေရဲ့သွားတွေဟာလည်း မျိုးရိုးဗီဇအရ တအားကို သွားပိုးစားလွယ်ပါသတဲ့။ ဒါပေမယ့်သွားမကောင်းတာက မျိုးရိုးကြောင့်ဆိုပြီး ကံကို ယိုးမယ်ဖွဲ့မနေသင့်ပဲ သွားနှင့်ခံတွင်း ကျန်းမာရေးကို ပိုမိုဂရုစိုက်သင့်ကြောင်းလည်း ကြုံတုန်းတိုက်တွန်းပါရစေ။

(၂) သွားချေးများ

ခံတွင်းသန့်ရှင်းရေး မကောင်းတဲ့သူ ၊ ခံတွင်းသန့်ရှင်းရေး စနစ်မကျသူတွေရဲ့ ခံတွင်းမှာ သွားချေးတွေ အများကြီး ကပ်နေတတ်တယ်။ အဲ့ဒီသွားချေးတွေမှာ ဘက်တီးရီးယားတွေ အများကြီး ပေါက်ဖွားနေပြီး ဘက်တီးရီးယားတွေကနေ အဆိပ်ဓာတ် တစ်မျိုးကို ထုတ်လုပ်ပါတယ်။ အဲ့ဒီအဆိပ်ဓာတ်ဟာ သွားဖုံးတွေကိုလည်း ရောင်စေပြီး သွားပိုးစားခြင်းကိုလည်း အားပေးပါတယ်။

(၃) ချို၍စေးကပ်သော အစားအစာများ

အချိုအစားများရင် သွားပိုးစားတယ် ဆိုတဲ့ အယူအဆကတော့ မှန်ပါတယ်။ အချိုဓာတ်ဟာ သွားတွေ မြန်မြန်ပိုးစားဖို့ အားပေးပါတယ်။ အချိုတွေဟာ ပါးစပ်ထဲမှာ အချဉ်အမြန်မြန် ပေါက်လွယ်တာအပြင် ဘက်တီးရီးယားတွေ များစွာပေါက်ဖွားဖို့လည်း အားပေးပါတယ်။ စားတဲ့ အစားအသောက်က ချိုလည်းချိုတယ် စေးစေးကပ်ကပ်လည်း ဖြစ်တယ်ဆိုရင်တော့ ခံတွင်းထဲမှာ အစာအကြွင်းအကျန်တွေအဖြစ် အချိန်အကြာကြီး ကပ်နေဖို့များပြီး သွားပိုးစားနိုင်ချေ ပိုများလာတာကို တွေ့ရမှာပါ။ နောက်ပြီး အစားတွေ တချိန်လုံး တစွတ်စွတ် စားနေသူတွေဟာလည်း သွားပိုးစားနိုင်ချေ များသူတွေ ဖြစ်ပါတယ်။

(၄) အချိန်

သွားတွေပိုးစားခြင်းဖြစ်ဖို့ အချိန်အတိုင်းအတာတစ်ခု လိုအပ်ပါတယ်။ သွားတစ်ချောင်း ပိုးစားဖို့ဟာ နာရီပိုင်းအတွင်း ဖြစ်သွားတာမဟုတ်ပဲ လချီ နှစ်ချီကြာတတ်ပါတယ်။ ဒီနေရာမှာ ဖြတ်ပြောပြချင်တာက တကယ်လို့များ သွားတွေကို စားတဲ့ ပိုးကောင်တွေများ ပါးစပ်ထဲရှိရင်တော့ သွား (၃၂) ချောင်းလုံး ခဏနဲ့ ပြောင်မှာပဲဗျ။ ဒါကြောင့် မိမိက ခံတွင်းသန့်ရှင်းရေးကလည်း ညံတယ်၊ ပါးစပ်ထဲမှာလည်း အစာတွေကျန်တယ်၊ အချိုကလည်း ကြိုက်တယ်ဆိုရင်တော့ ဒီအကျင့်တွေကို အမြန်ဆုံး ပြင်ဆင်သင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီအချက် (၄) ချက်လုံးကို ဖယ်ရှားနိုင်ပြီ ဆိုရင်တော့ သွားပိုးစားခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

သွားပိုးစားခြင်းကို ကာကွယ်ရန်အတွက် အဓိကလုပ်ရမယ့် အချက်တွေကတော့

(၁) စနစ်မှန်သွားတိုက်နည်းဖြင့် အနည်းဆုံး တစ်နေ့ (၂) ကြိမ် သွားတိုက်ပါ။ မနက်စာစားပြီး တစ်ကြိမ်နှင့် ညအိပ်ရာဝင်ခါနီး တစ်ကြိမ်သွားတိုက်ပါ။ ဖလိုရိုက်ဒ်ပါတဲ့ သွားတိုက်ဆေးကိုအသုံးပြုပါ။ သွားတိုက်တံနုနုကို အသုံးပြုပါ။

(၂) Dental Floss လို့ ခေါ်တဲ့ သွားပွတ်ကြိုးကို တစ်နေ့ (၁) ကြိမ် အသုံးပြုပြီး သွားကြားတွေ အကုန်လုံးကို သန့်ရှင်းရေး လုပ်ပေးပါ။

(၃) ချို၍စီးကပ်သော အစားအစာများလျှော့စားပါ။

(၄) မိမိပြနေကျ သွားဘက်ဆိုင်ရာဆရာဝန် (သို့မဟုတ်) နီးစပ်ရာ သွားနှင့်ခံတွင်း ဆေးခန်းတွေမှာ

(၆) လ တစ်ကြိမ် သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေးခြင်း ပြုလုပ်ပေးပါ။

ကျွန်တော်အပေါ်မှာ ပြောပြခဲ့သလိုပဲ သွားပိုးစားခြင်းဆိုတာ အခေါ်အဝေါ်တစ်ခုသာဖြစ်ပြီး အမှန်တကယ်က သွားများဆွေးမြေ့ ပျက်စီးသွားခြင်းသာ ဖြစ်ပါတယ်။ ဒီလောက်ဆိုရင် သွားပိုးစားခြင်း ဘယ်လိုဖြစ်တယ်ဆိုတာ ဗဟုသုတရမယ် ထင်ပါတယ်ခင်ဗျာ။

ချစ်ခြင်းဖြင့်သာ မျှဝေပါသည်။

ဒေါက်တာ မျိုးမြင့်အောင်

သွားနှင့်ခံတွင်း ဆရာဝန်