သွေးဆုံးတာ ဘယ်အချိန်မှာစပြီး ဘယ်လောက်ကြာသလဲ

အမျိုးသမီးအများစုဟာ သူတို့နောက်ဆုံးသွေးပေါ်တဲ့ ဓမ္မတာလာတဲ့ အချိန်မတိုင်ခင် ၄ နှစ်လောက်ကစပြီး သွေးဆုံးတဲ့လက္ခဏာတွေကို စတင်ခံစားရနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလက္ခဏာတွေက နောက်ဆုံး ဓမ္မတာ လာပြီးတဲ့ အချိန်ကနေ နောက် ၄ နှစ်လောက်အထိလဲ ကြာနေတတ်ပါတယ်။ ၁ဝ နှစ်၊ ၁၂ နှစ်အထိ သွေးဆုံးတဲ့ လက္ခဏာတွေ ခံစားနေရတဲ့ အမျိုးသမီးအချို့လဲ ရှိနိုင်တယ်လို့ဆိုပါတယ်။ အများစုသွေးဆုံးချိန်ကတော့ အသက် ၅ဝ နှစ်လောက်မှာဖြစ်ပြီး လူမျိုးကိုလိုက်ပြီး သွေးဆုံးချိန် အပြောင်းအလဲရှိနိုင်ပါတယ်။ သွေးဆုံးချိန်ဟာ မျိုးရိုးဗီဇနဲ့သားဥအိမ်ကျန်းမာမှုနဲ့လဲ သက်ဆိုင်ပါတယ်။ သွေးဆုံးချိန်မှာဖြစ်တဲ့ ဟော်မုန်းအပြောင်းအလဲတွေဟာ လအနည်းငယ်ကနေ နှစ်အနည်းငယ်အထိ ကြာနေနိုင်တာဖြစ်ပါတယ်။ အမျိုးသမီးအများစုဟာ အသက် ၄၅ နှစ်ဝန်းကျင်မှာ သွေးဆုံးချိန်စတင်ပြီး အချို့အမျိုးသမီးတွေမှာတော့ ရုတ်တရက်သွေးဆုံးသွားတာမျိုး တွေ့ရပါ တယ်။ အသက် ၄ဝ မတိုင်မီ သွေးဆုံးတဲ့အမျိုးသမီး ၁ ရာခိုင်နှုန်းလောက်ရှိနိုင်ပြီး သွေးဆုံးချိန်စောတဲ့ (အသက် ၄ဝ နဲ့ ၄၅ ကြားမှာသွေးဆုံးတဲ့) အမျိုးသမီးတွေကတော့ ၅ ရာခိုင်နှုန်းလောက် ရှိနိုင်တယ်လို့ဆိုပါတယ်။

သွေးဆုံးခါနီး၊ သွေးဆုံးချိန်၊ သွေးဆုံးပြီးချိန်

သွေးဆုံးခါနီးမှာ ဓမ္မတာလာတာဟာ မမှန်ဘူးဖြစ်လာပါတယ်။  ဓမ္မတာရက်နောက်ကျတာ၊ တလလုံးမလာတာ၊ နှစ်လ၊ သုံးလ မလာတာ စသဖြင့်ဖြစ်သလို ဓမ္မတာသွေးဟာလဲ နည်းလိုက်များလိုက်ဖြစ်နေတတ်ပါတယ်။ ဓမ္မတာလာတာ တစ်နှစ်လုံးမရှိတော့ရင် သွေးဆုံးပြီလို့သတ်မှတ်ပါတယ်။ သွေးဆုံးချိန်ပြီးတဲ့နောက်နှစ်တွေကို တော့ သွေးဆုံးပြီးချိန်လို့ခေါ်ကြပါတယ်။

သွေးဆုံးချိန်မှာ ဘာလက္ခဏာတွေပြသလဲ

အမျိုးသမီးတစ်ဦးနဲ့တစ်ဦး သွေးဆုံးချိန်လက္ခဏာတွေဟာ  လုံးဝတော့ ထပ်တူမကျကြပါဘူး။ သွေးဆုံးချိန် လက္ခဏာတွေဟာ ရုတ်တရက် ဒါမှမဟုတ် အချိန်တိုအတွင်း သွေးဆုံးတဲ့အမျိုးသမီးတွေမှာ ပိုပြီး သိသိသာသာ တွေ့ရပါတယ်။ နောက်တစ်ခုကတော့ သားဥအိမ်ကျန်းမာရေးကို ထိခိုက်စေတဲ့ ကင်ဆာဖြစ်တာ၊ သားအိမ် ထုတ်ရတာမျိုးတွေ၊ ဆေးလိပ်သောက်တာစတဲ့ လူနေမှုပုံစံတွေက သွေးဆုံးချိန်လက္ခဏာတွေကို ပိုပြီးပြင်းထန် စေနိုင်သလို ပိုပြီးလဲ ကြာရှည်စေနိုင်ပါတယ်။ သွေးဆုံးချိန်မှာ အထက်ဖော်ပြပါ ဓမ္မတာသွေး ပြောင်းလဲမှုတွေနဲ့ အတူတွဲတွေ့ရတဲ့လက္ခဏာတွေက သွေးကြောပြောင်းလဲမှုတွေကြောင့်ဖြစ်တဲ့ ပူတယ်လို့ခံစားရတာ၊ ညဘက်ချွေးထွက်တာ၊ မျက်နှာနီတာ စတာတွေကို ခံစားရလေ့ရှိပါတယ်။ အမျိုးသမီးတွေရဲ့ ၇၅ ရာခိုင်နှုန်း လောက်က ပူတယ်လို့ခံစားရတယ်လို့ဆိုပါတယ်။ ထပ်ပြီးဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့ ညဘက်အိပ်မပျော် တာ၊ အမျိုးသမီးအင်္ဂါ ခြောက်သွေ့တာ၊ ကိုယ်အလေးချိန်တိုးလာတာ၊ စိတ်ဓာတ်ကျတာ၊ စိတ်ပူတာ၊ အာရုံစိုက် လို့မရတာ၊ သတိမေ့တာ၊ လိင်စိတ်ကျတာ၊ အရေပြား၊ ပါးစပ်၊ မျက်စိတွေခြောက်သွေ့တာ၊ ဆီးခဏခဏသွား တာ၊ ရင်သားနာကျင်တာ၊ ခေါင်းကိုက်တာ၊ ရင်တုန်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာ၊ ကြွက်သားတွေကျုံ့လာ တာ၊ အဆစ်အမြစ်နာတာ၊ အရိုးပွတာ၊ ရင်သားကျုံ့တာ၊ ဆံပင်ပါးတာကျွတ်တာ၊ ကိုယ်ခန္ဓာရဲ့တခြားနေရာက အမွေးတွေများလာတာ စတာတွေဖြစ်ပါတယ်။

ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ

သွေးဆုံးချိန်ရဲ့ ဖြစ်နိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေကတော့ အမျိုးသမီးအင်္ဂါကျုံ့လာတာ၊ လိင်ဆက်ဆံရင် နာကျင်တာ၊ ကိုယ်ခန္ဓာရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ နှေးကွေးလာတာ၊ အရိုးပွတာ၊ စိတ် ခံစားမှုအပြောင်းအလဲမြန် တာ၊ မျက်စိတိမ်စွဲတာ၊ သွားနဲ့ခံတွင်းရောဂါတွေဖြစ်တာ၊ ဆီးမထိန်းနိုင်တာ၊ နှလုံးသွေးကြောရောဂါတွေဖြစ်တာ စတာတွေဖြစ်ပါတယ်။

ဘာကြောင့်သွေးဆုံးရတာလဲ

သွေးဆုံးချိန်ဟာ သဘာဝရဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး သားဥအိမ်တွေ အသက်ရလာကာ မျိုးပွားမှုဆိုင်ရာ ဟော်မုန်း ထွက်ရှိမှုနည်းလာလို့ဖြစ်ပါတယ်။ သွေးဆုံးချိန်မှာ အီစတိုဂျင်၊ ပရိုဂျက်စတုန်း စတဲ့ဟော်မုန်းတွေ ကျဆင်းလာပါ တယ်။ အဲဒီကနေတစ်ဆင့် သွေးဆုံးချိန်စတင်တာပဲဖြစ်ပါတယ်။ တချို့သော အမျိုးသမီးတွေမှာတော့ ဒဏ်ရာရ လို့ဖြစ်စေ၊ ခွဲစိတ်ကုသမှုကြောင့်ဖြစ်စေ သဘာဝအချိန်မတိုင်မီ သွေးဆုံးသွားတာ မျိုးလဲရှိပါတယ်။

သွေးဆုံးပြီလို့ ဘယ်လိုသတ်မှတ်သလဲ

အသက် ၄၅ နှစ်ဝန်းကျင်ဖြစ်ပြီး သွေးဆုံးချိန်မှာဖြစ်တတ်တဲ့လက္ခဏာတွေ ခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ သွေးဆုံးချိန်မှာဖြစ်တတ်တဲ့ ဟော်မုန်းပြောင်းလဲမှုတွေကို စစ်ဆေးကြည့်လို့လဲရနိုင်ပါ တယ်။ သွေးဆုံးချိန်စောတာဟာ အရိုးပွတာ၊ အရိုးကျိုးတာ၊ နှလုံးရောဂါဖြစ်တာ၊ မှတ်ဉာဏ်ကျဆင်းတာ၊ အမျိုးသမီးအင်္ဂါမှာ ပြောင်းလဲမှုတွေဖြစ်တာ၊ လိင်စိတ်ကျတာ၊ စိတ်ပြောင်းလဲမှုများတာ စတာတွေဖြစ်နိုင်ခြေကို တိုးစေပါတယ်။ သွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ လက္ခဏာတွေရှိနေပြီး ဟော်မုန်းပြောင်းလဲမှုတွေလဲ ရှိနေတယ် ဆိုရင်တော့ သွေးဆုံးချိန်ရောက်ပြီ ဒါမှမဟုတ် ရောက်တော့မယ်ဆိုတာကို တိတိကျကျသိနိုင်မှာ ဖြစ်ပါတယ်။

ကုသမှုတွေ

သွေးဆုံးချိန်မှာဖြစ်တဲ့ လက္ခဏာတွေဟာ ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်မယ်ဆိုရင်တော့ အဲဒီအတွက် ကုသမှုလိုအပ်မှာဖြစ်ပါတယ်။ အသက် ၆ဝ အောက် ဒါမှမဟုတ် သွေးဆုံးချိန်စတင်ပြီး ၁ဝ နှစ် အတွင်းမှာ ဖြစ်နေတဲ့လက္ခဏာတွေကို ဟော်မုန်းအစားထိုးကုသမှုပေးနိုင်ပါတယ်။ ဟော်မုန်းအစားထိုးကုသမှု ကတော့ သွေးဆုံးချိန်မှာဖြစ်တဲ့ လက္ခဏာတွေအတွက် သက်သာပျောက်ကင်းစေမှာဖြစ်ပြီး ဆံပင်ကျွတ်တာလို မျိုး ပြောင်းလဲမှုတွေအတွက်ကတော့ တခြားသောကုသမှုတွေ လိုအပ်မှာဖြစ်ပါတယ်။

မိမိဘာသာပြုလုပ်နိုင်တဲ့ ကုသမှုတွေနဲ့ နေထိုင်မှုပုံစံပြောင်းလဲမှုတွေ

အရမ်းအဓိကကျတဲ့ သွေးဆုံးချိန်မှာဖြစ်တဲ့ လက္ခဏာတွေကို မိမိဘာသာပဲ နေထိုင်မှုပုံစံပြောင်းလဲတာမျိုးနဲ့ သက်သာစေနိုင်ပါတယ်။  အဝတ်အစားသိပ်ကျပ်တာတွေ မဝတ်တာ၊ သက်တောင့်သက်သာရှိမယ့် အဝတ်အစားတွေဝတ်တာမျိုးဟာ ကိုယ်ခန္ဓာပူလောင်မှုကို သက်သာစေနိုင်ပါတယ်။ အဲဒီလိုပဲ အိပ်ရာကို သက်တောင့်သက်သာရှိအောင်ပြင်ဆင်ခြင်းနဲ့ ညဘက်ချွေးထွက်တာကို လျော့ကျစေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာနဲ့ ကိုယ်အလေးချိန်ကို သင့်တင့်အောင်ထိန်းသိမ်းထားတာတွေကလဲ သွေးဆုံးချိန်မှာဖြစ်တဲ့လက္ခဏာ တွေကို သက်သာစေနိုင်ပါတယ်။  စိတ်ခံစားမှုတွေ ပြောင်းလဲလာနေတယ်ဆိုရင်တော့ မိမိခံစားနေရတာတွေ ကို စိတ်ပိုင်းဆိုင်ရာကုသမှုပေးသူ ဒါမှမဟုတ် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ မိမိရဲ့ မိသားစုဝင်တွေ နဲ့လဲ ပြောဆိုဆွေးနွေးသင့်ပါတယ်။ ဒါမှ မိမိခံစားနေရတာတွေ လျော့ကျပြီး နေသာထိုင်သာရှိမှာဖြစ်ပါတယ်။ အစားအသောက်ကိုလဲ အာဟာရသင့်တင့်မျှတအောင် စားသုံးရမှာဖြစ်ပြီး လိုအပ်တယ်ဆိုရင် ကယ်လ်စီယမ်၊ ဗီတာမင်စီနဲ့ မဂ္ဂနီစီယမ် စတာတွေကို ပိုပြီးဖြည့်စွက်စားသုံးပေးရမှာ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာကို သက်တောင့် သက်သာရှိစေပြီး အသက်ရှူလေ့ကျင့်ခန်းတွေလဲ လုပ်သင့်ပါတယ်။ သွေးဆုံးချိန်မှာ အရေပြား ခြောက်သွေ့တာ မျိုး ဖြစ်နိုင်တဲ့အတွက် ရေငွေ့ထိန်းဆီတွေ လိုသလိုအသုံးပြုပြီး အရေပြားမခြောက်သွေ့အောင် ကာကွယ်ရမှာ ဖြစ်ပါတယ်။ အိပ်ရေးဝဝအိပ်နိုင်အောင် ကြိုးစားရမှာဖြစ်သလို ဆေးလိပ်၊ အရက်သောက်တာတွေကို ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

ကိုအောင်(ဆေး-၁)

Health Care

LEAVE A REPLY

Please enter your comment!
Please enter your name here