အစာအိမ်ရောင်ခြင်းကို လူတိုင်းခံစားရနိုင်ပြီး ရာသီမရွေးဖြစ်ပွားနိုင်ပါသည်။ အစာအိမ်ရောဂါများတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ အစာအိမ်ရောင်ခြင်းသည် ရုတ်တရက်ဖြစ်တတ်သကဲ့သု့ိ နာတာရှည်လည်းဖြစ်နိုင် ပါသည်။ အစာအိမ်ရောင်ခြင်းကို ပေါ့ဆ၍မရပါ။ အချိန်မီ ထိရောက်စွာ မကုသနိုင်ပါက အသက်သေ ဆုံးနိုင်ပါသည်။ ထို့ကြောင့် အစာအိမ်ရောင်ခြင်း မဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းများ ဆောင်ရွက်ရပါမည်။

() အစာအိမ်ရောင်ရောဂါ()မျိုး

ရုတ်တရက်အစာအိမ်ရောင် ခြင်း (Acute Gastritis) နှင့် နာတာရှည် အစာအိမ်ရောင်ခြင်း (Chronic Gastritis) ဟူ၍ (၂)မျိုး ရှိပါသည်။ အစာအိမ်ရောင်ရောဂါကြောင့် မကြာခဏ အစာအိမ်နံရံများ ပျက်စီးနိုင်ပါသည်။ သွေးများလည်း ထွက်တတ်ပါသည်။

() အစာအိမ်ရောင်ခြင်းကို ဖြစ်စေသော အကြောင်းအရင်းများ

ရုတ်တရက်ဖြစ်ပေါ်လာသော အစာအိမ်ရောင်ခြင်းကို ဖြစ်ပေါ်စေသော အဓိကအကြောင်းအရင်းများရှိပါသည်။ အစာအိမ်ဘက်တီးရီးယားပိုး (H-pylori) ဝင်ရောက်ခြင်း၊ အရက်နှင့် ဘီယာများကို အလွန်အကျွံသောက်ခြင်း။ စိတ်ဖိ စီးမှု (Stress) များခြင်း၊ မီးလောင်ခံရခြင်း၊ ဦးခေါင်းကိုထိခိုက်မှုဖြစ်ခြင်းနှင့် ကိုယ်တွင်းကလီစာများ ပျက်စီးခြင်း၊ အကိုက်အခဲအရောင်ကျဆေး (ဥပမာ – အက်စ်ပရင်၊ အိုင်ဘူပရိုဖန်၊ ပိုင်ရိုစီကန်)များ သောက်ခြင်း၊ သွေးကျဲဆေးများ သုံးစွဲခြင်း၊ အစာအိမ်ခွဲစိတ်မှုခံယူပြီးနောက် သည်းခြေရည်များ အပေါ်တက်လာခြင်းနှင့် ရေယုန်ဗိုင်းရပ်စ်ပိုး ဝင်ရောက်ခံရခြင်းတို့ကြောင့်အစာအိမ်ရောင်တတ်ပါသည်။

နာတာရှည် အစာအိမ်ရောင်ရောဂါကို ဖြစ်စေသော အကြောင်းအရင်းများမှာ ဘက်တီးရီးယားပိုး (H-pylori) ကြောင့် ရောင်ယမ်းခြင်း၊ အစာအိမ်ဖြတ်တောက်ခံရခြင်းနှင့် အစာအိမ်အူလမ်းကြောင်းတွင် Crohn’s ရောဂါဖြစ်ခြင်းတို့ ဖြစ်ပါသည်။

ဘက်တီးရီးယား (H-pylori) ကြောင့် နာတာရှည်အစာအိမ်ရောင်ခြင်းဖြစ်ပေါ်တတ်ပါသည်။ အစာအိမ်ရောဂါပိုးသည် အစာအိမ်၊ အမြှေးပါးနံရံနှင့် ကပ်လျက်ရှိပြီး လူတစ်ဦးမှတစ်ဦးသို့ ကူး စက်တတ်ပါသည်။ အစာအိမ်မှ ပြန်ထွက်လာသော အန်ဖတ်များကြောင့်လည်း ကူးစက်နိုင်ပါသည်။ အစာအိမ်ရောဂါပိုးကို သေချာစွာ စစ်ဆေးရန်လိုအပ်ပါသည်။ ရောဂါပျောက်ကင်းသည်အထိ ကုသရပါမည်။ ရောဂါကုပြီးပါက ပိုးကုန်ခြင်းရှိမရှိ ပြန်လည်စစ်ဆေးရပါမည်။

() အစာအိမ်ရောင်ခြင်း ရောဂါလက္ခဏာများ

အစာအိမ်ရောင်ခြင်း ရောဂါလက္ခဏာများမှာ ဝမ်းဗိုက်အပေါ်ပိုင်းတွင် နာကျင်ခြင်း၊ ရင်ဝတွင် မီးစနှင့်ထိုးသကဲ့သို့ ပူခြင်း၊ အစာမကြေခြင်း၊ ပျို့ခြင်း၊ အန်ခြင်းနှင့် အစားအသောက် စား၍မရခြင်းတို့ ဖြစ်ပါသည်။ အခြေအနေဆိုးရွားပါက သွေးအန်ခြင်းနှင့် ကတ္တရာစေး ဝမ်းအမည်းများသွားခြင်းတို့ ဖြစ် နိုင်ပါသည်။

() နောက်ဆက်တွဲဆိုးကျိုးများ

အစာအိမ်ရောင်ခြင်းကို ထိရောက်စွာမကုသဘဲထားပါက သွေးအန်ခြင်း၊ ဝမ်းအမည်းသွားခြင်း၊ အစာအိမ်ပေါက်ခြင်း၊ အစာအိမ်ထွက်ပေါက်ပိတ်ခြင်းနှင့် အစာအိမ်ကင်ဆာဖြစ်စေနိုင်ခြင်းများ ဖြစ်တတ်ပါသည်။

() ရောဂါရှာဖွေစစ်ဆေးခြင်း

အစာအိမ်ရောင်ခြင်းသည် ကြာရှည်စွာမခံစားရဘဲ လျင်မြန်စွာ ပျောက်ကင်းနိုင်ပါသည်။ သီး ခြားဆေးစစ်ချက်များ မလိုအပ်ပါ။ သို့ရာတွင် အစာအိမ်ပိုးရှိမရှိစစ် ဆေးရပါမည်။ အစာအိမ်ရောင် သောရောဂါကို အစာအိမ်အနာ ရောဂါနှင့် အစာအိမ်ကင်ဆာများဖြင့် ခွဲခြားရန် မှန်ပြောင်း (Endoscopy) ကြည့်ပြီး အသားစယူသင့်ပါသည်။

() ကုသခြင်း

အစာအိမ်ရောင်ရခြင်းအကြောင်းအရင်းကို သိရှိပြီး ကုသရန်လိုအပ်ပါသည်။ ရောဂါလက္ခဏာ သက်သာစေရန်အတွက် အက်ဆစ်ဓာတ်ပြယ်စေသောဆေးများ (ဥပမာ – ခရင်မ်မဲလ်အက်စ်၊ ဆီလိုဇိုဂျင်)၊ အက်ဆစ်ဓာတ်ဖြစ်ပေါ်ခြင်းကို ဟန့်တားသော ဆေးများ (ဥပမာ – အိုမီပရာဇိုးလ်၊ အီဆိုမီဖရာဇိုးလ်)၊ အအန်ပျောက်ဆေးနှင့် အိတ်ချ်တူးဘလော့ကာ (ဥပမာ – ရန်နီတီဒင်း၊ စီမီတီဒင်း)ဆေးများ ပေးနိုင်ပါသည်။

အကိုက်အခဲပျောက်ဆေး (ဥပမာ – ဒိုင်ကလိုဖန်းနတ်စ်၊ ဘိုင်ဘူပရိုဖန်၊ အင်ဒိုမီသာစင်)နှင့် သွေးကျဲဆေး (ဥပမာ – အက်စ်ပရင်) များကို ရှောင်ကြဉ်ရပါမည်။

အစာအိမ်သွေးကြောပေါက်ခြင်းဖြစ်ပါက ဆေးဝါး(သို့မဟုတ်) အစာအိမ်မှန်ပြောင်းကြည့်ခြင်းတို့ဖြင့် ကုသ၍ မရနိုင်ပါ။ ခွဲစိတ်ကုသရပါမည်။ ကင်ဆာရောဂါ ကြောင့် အစာအိမ်အနာဖြစ်ပါကလည်း ခွဲစိတ်ကုသရန် လိုအပ်ပါ သည်။

() အကြံပြုချက်

အစာအိမ်ရောင်ရောဂါဖြစ်ပါက တတ်ကျွမ်းနားလည်သည့် ဆရာဝန်များနှင့် ပြသ၍ ကုသရပါမည်။ အကိုက်အခဲပျောက်ဆေးများကို မသုံးစွဲရပါ။ မဖြစ်မနေ သုံးစွဲရမည်ဆိုပါက ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ရပါမည်။ အရက်၊ ဘီယာများကို အလွန်အကျွံမသောက်ရပါ။ မလိုအပ်ဘဲ သွေးကျဲဆေးများကို မ သောက်ရပါ။ စိတ်ဖိစီးမှုကို လျှော့ချရပါမည်။ အစားအစာကို အချိန်မှန်မှန်စားရပါမည်။ အစာအိမ်ပိုးကို သေချာစွာ စစ်ဆေးရပါမည်။ ပိုးတွေ့ရှိပါက ပျောက်ကင်းအောင် ကုသရမည်ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။

ဒေါက်တာကောင်းစံ

Health Care