စာမူခကို ဘဏ်ကတစ်ဆင့် လစဉ်လွှဲပေးတဲ့ သတင်းစာတစ်စောင်ရဲ့ စာမူခသွားထုတ်ရင်း စာရေးသူနေထိုင်ရာ ရန်ကင်းမြို့နယ်ထဲက ပုဂ္ဂလိကဘဏ်တစ်ခုဆီကို တစ်နေ့ကရောက်ဖြစ်ခဲ့ပါတယ်။ လဆန်းရက်မို့ထုံးစံအတိုင်း ငွေသွင်းငွေထုတ်လုပ်သူတွေနဲ့ စည်ကားနေတာကြောင့်  ရရာခုံလေးတစ်ခုမှာဝင်ထိုင်ရင်း ဘေးကိုကြည့်လိုက် တော့ အသက် (၈ဝ)လောက်လို့ထင်ရတဲ့ အဘတစ်ယောက်ကို သတိပြုမိပါတယ်။ ဒါနဲ့ပဲ ဘာရယ်မဟုတ်ဘူး စပ်စုလိုက်တော့ သူကလည်း စာရေးသူတို့လိုပဲ ရန်ကင်းတိုက်တန်းလျားတွေမှာ နေထိုင်သူတစ်ယောက်ပါတဲ့။ ပင်စင်စားဆိုပါတော့။ အခုဘဏ်ကိုလာရတဲ့ အကြောင်းအရင်းက သမီးဖြစ်သူလွှဲတဲ့ငွေလွှဲကို လာထုတ်တာတဲ့။ ဒါနဲ့ပဲ စာရေးသူက အန်ကယ်ကလည်း တခြားတစ်ယောက်ယောက်ကို လွှတ်ထုတ်ခိုင်းလည်းရတဲ့ဟာကို လူကိုယ်တိုင်များ လာနေရသေးတယ်။ ပင်ပန်းတာပေါ့လို့ဆိုတော့… သူက အင်း မောင်ရင်ပြောတာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် တစ်လနေမှ ဒီတစ်ကြိမ်လေး အပြင်ထွက်ဖို့ အကြောင်းရှိတာဆိုတော့လည်း ဒီလိုပဲ အမေအိုနဲ့ သားတွေသမီးတွေ တားတဲ့ကြားက လာရတာပေါ့တဲ့။ အဲ့လိုနည်းနဲ့မှ အပြင်မထွက်ရင်လည်း အိမ်ထဲမှာပဲပိတ်နေပြီးကြာလာရင် ချည့်သွားမှာတောင် ကြောက်ရတယ်လို့ပြောပြီး ပြုံးပါတယ်၊ တစ်ဆက်တည်း မှာပဲ ကိုယ်မှမဟုတ်ပါဘူး၊ ရန်ကင်းလူအိုရုံက အဖိုးအို အဖွားအိုတွေ အားလုံးလည်း ဒီအတိုင်းပါပဲတဲ့။ ဒါနဲ့ မရိုမသေ အန်ကယ်အသက်ဘယ်လောက်ရှိပြီတုန်းဆိုတော့ … (၇၇)တဲ့။

အဲ့ဒီအန်ကယ်ပြောသွားတဲ့စကားထဲမှာ စာရေးသူတစ်ခုသတိထားမိပြီး ကြိုက်နှစ်သက်လွန်းတဲ့စကားလုံးက တော့ ရန်ကင်းလူအိုရုံဆိုတဲ့ စကားပဲဖြစ်ပါတယ်။ သူပြောမှပဲ စာရေးသူလည်း ရန်ကင်းမြို့နယ်ကြီးဟာ လူအိုရုံဖြစ်နေပါရောလားဆိုတာကို သတိပြုမိပါတော့တယ်။ မြို့စတည်တာက (၁၉၅ဝ)ဝန်းကျင်၊ စာရေးသူတို့ ရန်ကင်းကိုရောက်တာက (၁၉၆၇)ဆိုလေတော့ အဲ့ဒီတုန်းက အသက် (၃ဝ)အရွယ် အရာထမ်းတွေဟာ အခုအခါမှာတော့ အသက် (၈ဝ)ဝန်းကျင် ပင်စင်နာတွေဖြစ်ကုန်ကြပြီပေါ့။ တစ်ချို့လည်း ဘဝတစ်ပါးကိုပြောင်း သွားကြပြီဖြစ်သလို တစ်ချို့လည်း အသက်(၈ဝ)ကျော် (၉ဝ)နားဝန်းကျင်တွေကို ရောက်ရှိနေပြီဖြစ်ကာ ဘဝကူး ရမယ့်အချိန်တွေကို လက်ချိုးရေတွက်ရင်း စောင့်မျှော်နေကြရပြီဖြစ်ပါတယ်။ စာရေးသူလက်လှမ်းမိသလောက် (၈ဝ)ကျော် လူအိုတွေ တစ်တိုက်မှာမရှိဘူးဆိုရင် အနည်းဆုံး (၄)(၅)ဦးအထိ ရှိနေသေးတာပါ။ တစ်ချို့လည်း သွားနိုင်လာနိုင်သေးတယ်ဆိုပေမယ့် အကူလူတစ်ယောက်လောက်ပါမှ သွားလို့လာလို့ရတဲ့ အခြေအနေတွေ ရောက်နေပြီဖြစ်သလို တစ်ချို့လည်းအိမ်ပေါ်က အိမ်အောက်တောင်မဆင်းနိုင်တော့ဘဲ အိမ်ပြတင်းပေါက်လေး ကနေ ဟိုငေးဒီငေးလုပ်နေရတဲ့ အရွယ်တွေဖြစ်နေကြပါပြီ။ ဒါ စာရေးသူနေထိုင်ရာရန်ကင်း တစ်မြို့နယ်ထဲမှာ လားဆိုတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံတစ်နံတစ်လျားမှာ သက်ကြီးရွယ်အိုအရေအတွက်က တစ်နေ့တခြား တိုးပွားလာနေတာပါ။ သတ္တဝါဆိုတာကလည်း သိကြတဲ့အတိုင်း တစ်နေ့တခြား ပျိုရွယ်လာတာမဟုတ်ဘဲ တစ်နေ့ထက်တစ်နေ့ အိုမင်းကြီးရင့်လာတာဆိုလေတော့ ဒီသဘာဝတရားအရ ဘယ်နိုင်ငံမဆို သက်ကြီး ရွယ်အိုဦးရေက တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာမှာပဲဖြစ်ပါတယ်။ ဒီလို တိုးပွားလာတာနဲ့အမျှ သူတို့ကို ပြုစုစောင့်ရှောက်ရေးဆိုတဲ့ အကြောင်းအရာကလည်း နောက်မှာကပ်ပါလာနေပြီး စာရေးသူ သတိထားမိသ လောက် သက်ကြီးရွယ်အို ထိန်းသိမ်းစောင့်ရှောက်ရေးဟာ သက်ဆိုင်ရာမိသားစုဝင်အသီးသီးအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု အဆင့်ကိုရောက်လာနေခဲ့ပြီဖြစ်ပါတယ်။

ဥပမာ စာရေးသူဆိုပါတော့၊ ဖခင်ကြီး ကျန်းမာရေးချူချာလာချိန်မှာ ဇနီးသည်ကလည်းမကျန်းမာ၊ မိခင်ကြီးက လည်း နေထိုင်မကောင်းတာကြောင့် အလုပ်ကထွက်လိုက်ရပါတယ်။ ဖခင်ကြီးကွယ်လွန်သွားပြန်တော့ မိခင်ကြီးကိုဆက်စောင့်ရှောက်၊ ဒါတောင် စာရေးသူတစ်ယောက်တည်းနဲ့ မနိုင်ပါဘူး။ ညီမတွေ၊ အစ်ကိုတွေနဲ့ ဝိုင်းပြီး သူအားသူစောင့်၊ ကိုယ်အားကိုယ်တာဝန်ယူနဲ့ စခန်းသွားနေရတာပါ။ နီးစပ်ရာပတ်ဝန်းကျင်မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ အဖေအမေကိုစောင့်ရှောက်ဖို့ လူမရှိတာကြောင့် သင်္ဘောဆက်မလိုက်တော့ဘဲ နားလိုက်ရတာတို့၊ တစ်ချို့မျက်စေ့စုံမှိတ်ပြီး အိမ်ဖော်နဲ့ထားသွားရတာတို့ တစ်ချို့လည်း အိမ်ဖော်ငှားတဲ့ဈေးနဲ့ သူနာပြုငှားတဲ့ဈေးနှုန်းက သိပ်မကွာလှတာရယ်၊ အိမ်ဖော်ငှားရင် ညဘက်အိပ်စရာနေရာ အခက်အခဲရှိတာ တွေရယ်ကြောင့် နေ့ခင်းဘက်သူနာပြုငှားထားရတာတွေနဲ့ဟာ သူ့အထွာနဲ့သူ အနည်းနဲ့ အများခေါင်းရှုပ်နေကြ သူက ခပ်များများရယ်ပါ။တစ်ချို့များဆို နိုင်ငံရပ်ခြားမှာ အဆင်ပြေပြေ အလုပ်အကိုင်ကောင်းကောင်း ရနေပြီး ကာမှ ဒီကအဖေနဲ့အမေကို ပြုစုစောင့်ရှောက်မယ့်သူမရှိတာကြောင့် ဖြစ်ချင်ရာဖြစ်ဆိုပြီး မျက်စိစုံမှိတ်ကာ ပြည်တော်ပြန်လာရတဲ့သူတွေတောင်ရှိနေပါတယ်။

တစ်လောလေးကတော့ လူမှုဝန်ထမ်းဦးစီးဌာနက နေ့ခင်းဘက်မှာ အဖိုးအို အဖွားအိုတွေကို စောင့်ရှောက်ပေး မယ့် ဂေဟာတစ်ခုဖွင့်လှစ်လိုက်တယ်ဆိုပြီး သတင်းတစ်ခုမှာ တွေ့လိုက်ရပါတယ် ကောင်းပါတယ်။ တကယ်ကို ကောင်းမွန်တဲ့ အလုပ်တစ်ခုဖြစ်တာကြောင့် ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုရမှာပါ။ သို့သော်လည်းပဲ အားလုံးကို ခြုံငုံနိုင်တဲ့အဆင့်တစ်ခု မရောက်သေးတာကတော့ သေချာပါတယ်။ တကယ်တော့ သက်ကြီးရွယ်အိုပြုစုစောင့် ရှောက်ရေးဆိုတာ တကယ်လုပ်ဖူးမှပဲ တကယ်ကို မလွယ်ကူလှတဲ့ အလုပ်တစ်ခုဆိုတာကို သိကြရမှာပါ။ သို့သော်လည်းပဲ မလွယ်ကူလှတဲ့ အလုပ်တစ်ခုဖြစ်နေတာကြောင့် ဒီအတိုင်းထားဖို့ဆိုပြန်တော့လည်း မဖြစ်နိုင် ပြန်ပါဘူး။ ဒီတော့ အထက်မှာတင်ပြခဲ့သလိုပဲ သက်ဆိုင်ရာ သန်တုန်းမြန်တုန်း လူပုဂ္ဂိုလ်တစ်ချို့တွေမှာ သက်ကြီးရွယ်အို စောင့်ရှောက်ဖို့ကိုဦးစားပေးရင်း သူတို့ရဲ့ တန်ဖိုးရှိလှတဲ့အချိန်နဲ့ လုပ်အားတွေကို အိမ်က မိဘတွေအတွက် ပေးဆပ်လိုက်ရတော့တာပါ။ သူငယ်ချင်းတစ်ယောက်ဆို ဌာနတစ်ခုမှာ ညွှန်ကြားရေးမှူး အဆင့်ထိ ရောက်နေပြီးကာမှ ဘယ်လိုမှစီစဉ်လို့မရလို့ မျက်စိစုံမှိတ်ပြီး အလုပ်ကထွက်ခဲ့ရပါတယ်။ ဒါက လက်ရှိ စာရေးသူတို့ အသက်အပိုင်းအခြားမှာ တစ်ချို့သော လူပုဂ္ဂိုလ်တွေနဲ့ တစ်ချို့သော အိမ်ထောင်စုဝင်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲပါ။ အဲ့ဒီအချိန်ကာလတွေကိုလွန်မြောက်လို့ နောင်လာမယ့် နှစ် (၂ဝ)လောက်ကို မျှော်ကြည့်မယ်ဆိုရင် အခုသက်ကြီးရွယ်အိုတွေရဲ့နေရာကို ဝင်ရောက်လာမယ့်သူတွေက စာရေးသူတို့ဖြစ်ပါ တယ်။ အဲ့ဒီအချိန်ကာလရောက်ရင် ဒီကနေ့ သက်ကြီးရွယ်အိုဘဝကို ရောက်နေတဲ့သူတွေလို စာရေးသူတို့ကို ပြုစုစောင့်ရှောက်မယ့်သူ ပေါ်လာပါ့မလားဆိုတာ တော်တော်လေး စဉ်းစားစရာကောင်းတဲ့ အခြေအနေမှာရှိနေ ပါတယ်။ လက်ရှိလူအိုတွေကမှ ပင်စင်လေးဘာလေးနဲ့ ဘဝကို ရပ်တည်လို့ ရနေနိုင်သေးပေမယ့် စာရေးသူတို့ အလှည့်ကျတော့ လုပ်ခဲ့ရတဲ့ အလုပ်တွေကလည်း အာမခံချက် မယ်မယ်ရရမရှိတဲ့ အလုပ်တွေဖြစ်ပြန်၊ ပင်စင်တွေဘာတွေ ရရှိဖို့ဆိုတာကျပြန်တော့လည်း ဝေးသေး။ နေရေးထိုင်ရေးတွေ ကြည့်ပြန်တော့လည်း အများစုကအိမ်ပိုင်နဲ့နေရတဲ့ဘဝမျိုးမဟုတ်ဘဲ အိမ်ငှားဘဝနဲ့ နေကြရသူတွေက အများစု၊ သားသမီးတွေ ကြည့်ပြန်တော့လည်း (၁ဝ)ယောက်မှာ (၉)ယောက်လောက်က မိဘကို ပြန်ကြည့်ဖို့နေနေသာသာ ကိုယ့်ထမင်း ကိုယ်ဝဝလင်လင်စားနိုင်ဖို့တောင် အနိုင်နိုင်ဆိုလေတော့ လာမယ့် နှစ် (၃ဝ)လောက်မှာ သက်ကြီးရွယ်အိုဖြစ် လာမယ့်သူတွေရဲ့အရေးက တော်တော်လေးကို ရင်လေးစရာကောင်းတဲ့ အခြေအနေမှာရှိနေတယ်လို့ စာရေးသူကတော့ သုံးသပ်မိပါတယ်။

တကယ်တော့ သက်ကြီးရွယ်အိုတွေနဲ့ ပတ်သက်ပြီး အရင့်အရင်ကာလတစ်ခုမှာ နိုင်ငံတော်အပိုင်းက ကြိုတင် တွက်ချက်စီမံထားရှိမှုတွေ အားနည်းခဲ့တာကြောင့် လက်ရှိကာလမှာ ဒီလောက်အထိ အခက်အခဲတွေနဲ့ ရင်ဆိုင် နေရတာဖြစ်တယ်လို့ ကောက်ချက်ချရမှာဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒီကနေ့အချိန်အထိတော့ သက်ကြီး ရွယ်အိုနဲ့ပတ်သက်ပြီး နိုင်ငံတော်အပိုင်းက ကြိုတင်စီမံထားတာမျိုးမတွေ့မိသေးပါဘူး။ တကယ်တော့ သက်ကြီး ရွယ်အို ပြဿနာဆိုတာ သာမန်အားဖြင့်ကြည့်ရင် ဘာမှသိပ်မဟုတ်လှပေမယ့် သူနဲ့အတူပါလာမယ့် နောက်ဆက်တွဲ အကြောင်းအရာတွေက များစွာရှိနေတာမို့ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်း အသီးသီးရယ်၊ သက်ဆိုင်ရာ တာဝန်ရှိလူကြီးမင်းများရယ်အနေနဲ့ မလွဲဧကန်ရင်ဆိုင်ကြုံတွေ့ရမယ့် သက်ကျားအိုပြဿနာ အတွက် အခုကစပြင်ဆင်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ဗျာ။

ဦးမျိုးကြီး

Health Care