ကျွနု်ပ်တို့သည် လူ့ဘဝ အသက်ရှင်သန်ရေးအတွက် အစားအသောက်များကို နေ့စဉ်စားပေးရန် လိုအပ်ပါသည်။ “ အစာလည်းဆေး၊ ဆေးလည်းအစာ” ဆိုသည့်အတိုင်း ဘေးအန္တရာယ်ကင်းသော အစားအသောက် ဖြစ်ရပါမည်။ အစားအသောက်ဆိုင်ရာ ဘေးကင်းလုံခြုံရေးကို ထိခိုက်စေခြင်းများတွေ့ရှိပါက ထိရောက်စွာ အရေးယူရပါမည်။ နိုင်ငံခြားဘာသာသက်သက်ဖြင့်ရေးထားသော အစားအသောက်များနှင့် ဓာတုဆိုးဆေးများ အလွန်အကျွံသုံးထားသော အစားအသောက်များကို ရှောင်ကြဉ်ရပါမည်။

(၁) ဘေးအန္တရာယ်ကင်းသော အစားအသောက်ဆိုသည်မှာ-

အန္တရာယ်ဖြစ်စေသော ဓာတုပစ္စည်းများ၊ ရောဂါပိုးမွှားများကင်းစင်ပြီး၊ သန့်ရှင်းလတ်ဆတ်၍ ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရဓာတ်ပြည့်စုံသော အစားအသောက်ကို ဘေးအန္တရာယ်ကင်းသော အစားအသောက်ဟု ခေါ်ဆိုပါသည်။

(၂) အာဟာရအုပ်စု (၄)မျိုး

အာဟာရသည် အသက်ရှင်သန်မှုအတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်ပါသည်။ အင်အားကိုဖြစ်စေသော ကစီဓာတ်၊ ခန္ဓာကိုယ်ကြီးထွားသန်မာစေသော အသားဓာတ်၊ ကစီဓာတ်နှင့် အသားဓာတ်ကို အားပေးထိန်းညှိပေးသော အဆီဓာတ်နှင့် ဗီတာမင်သက်စောင့်ဓာတ်တို့ဖြစ်ပါသည်။

(၃) ဘေးအန္တရာယ်ရှိသော အစားအသောက်မှရရှိသော ရောဂါများ

ဘေးအန္တရာယ်ရှိသော အစားအသောက်မှရရှိသော ရောဂါများမှာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ၊ အသည်းရောင် အသားဝါရောဂါ၊ ကြွက်ဆီးကြောင့်ဖြစ်သော အသားဝါရောဂါ၊ အစာအဆိပ်သင့်ရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ သန်ကပ်စွဲခြင်းရောဂါ၊ ခေါင်းကိုက်မူးဝေခြင်း၊ ဦးနှောက်နှင့်အာရုံကြောထိခိုက်ခြင်း၊မျိုးပွားနိုင်စွမ်းလျော့နည်းခြင်း၊ သန္ဓေသား ချို့ ယွင်းမှုဖြစ်ခြင်း၊ နှင်းခူရောဂါဖြစ်ခြင်း၊ ကင်ဆာရောဂါများဖြစ်ခြင်း၊ အစာအိမ်အူလမ်းကြောင်း ရောင်ခြင်း၊ အသည်းနှင့်ကျောက်ကပ်များပျက်စီးခြင်းနှင့် ခန္ဓာကိုယ်ကြီးထွားမှုကိုထိခိုက်ခြင်း စသည်တို့ဖြစ်ပါ သည်။

(၄) ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်ဖြစ်စေရန် အချက် (၅) ချက်

ဘေးအန္တရာယ်ကင်းသော အစားအသောက်များဖြစ်စေရန်အတွက် သန့်ရှင်းရေးအမြဲပြုလုပ်ခြင်း၊ မချက်ရသေးသော အစားအသောက်နှင့် ချက်ပြုတ်ပြီးသော အစားအသောက်များကို ခွဲခြားထားခြင်း၊ အစားအသောက်များကို ကျက်အောင်ချက်ပြုတ်ပြီးမှ စားသောက်ခြင်း၊ အစားအသောက်များကို စနစ်တကျထားသိုခြင်း၊ ရေကောင်းရေသန့်နှင့် သန့်ရှင်းလတ်ဆတ်သော သားစိမ်းငါးစိမ်း၊ ဟင်းသီးဟင်းရွက်စိမ်းများကို အသုံးပြုခြင်းများ ပြုလုပ်ရပါမည်။

(၅) သန့်ရှင်းရေး အမြဲပြုလုပ်ခြင်း

မသန့်ရှင်းသောလက်၊ ညစ်ပေနေသော လက်နှီး၊ စဉ်းတီတုံး၊ ဓား၊ ကတ်ကြေးနှင့် အခြားအသုံး အဆောင်များမှ တဆင့် ရောဂါများကူးစက်နိုင်ပါသည်။

ထို့ကြောင့် အစားအသောက်များကိုမကိုင်တွယ်မီ လက်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်နေစဉ် လိုအပ်သည့် အခါတိုင်း လက်ဆေးခြင်း၊ ရေအိမ် (အိမ်သာ) သုံးပြီးတိုင်း လက်ဆေးခြင်း၊ အစားအသောက် နှင့် ထိတွေ့မည့် မျက်နှာပြင်ကို ဆေးကြောသန့်ရှင်းခြင်း၊ ချက်ပြုတ်ခန်းနှင့် အစားအသောက်ရှိနေရာသို့ ပိုးမွှား၊ ကြွက်၊ တိရစ္ဆာန်များ ဝင်ရောက်နားခိုခြင်းမရှိစေရန် ဆောင်ရွက်ခြင်းများ ပြုလုပ်ရပါမည်။

(၆) မချက်ရသေးသော အစားအသောက်နှင့် ချက်ပြုတ်ပြီးသော အစားအသောက်များကို ခွဲခြားထားခြင်း

သားစိမ်း၊ ငါးစိမ်းများနှင့် ဟင်းသီးဟင်းရွက်စိမ်းများမှ အန္တရာယ်ရှိသော အဏုဇီဝပိုးများသည် ချက်ပြုတ်ပြီးသော အစားအသောက်များသို့ ကူးစက်ပါက အစားအဆိပ်သင့်ခြင်း၊ ကြက်ငှက်တုပ်ကွေးရောဂါ၊ ဒေါင့်သန်းရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနိုင်ပါသည်။

ထို့ကြောင့် သားစိမ်း၊ ငါးစိမ်းများကို အခြားအစားအသောက်များနှင့် ခွဲခြားထားခြင်း၊ သားစိမ်းငါးစိမ်းနှင့် ဟင်းသီးဟင်းရွက်စိမ်းများအတွက် အသုံးပြုသော ဓားနှင့် စဉ်းတီတုံး သီးခြားခွဲ၍ အသုံးပြုခြင်း၊ သားစိမ်းငါးစိမ်းများအား ဟင်းသီးဟင်းရွက်စိမ်းများ၊ ပြင်ဆင်ဆဲအစားအသောက်များနှင့် ခွဲခြားထားသိုခြင်းများ ဆောင်ရွက်ရပါမည်။

(၇) အစားအသောက်များကို ကျက်အောင်ချက်ပြုတ်ပြီးမှ စားသောက်ခြင်း

အစားအသောက်များကို သေချာစွာ နွှေးခြင်းများမပြုလုပ်ပါက အန္တရာယ်ရှိသော ပိုးမွှားများကို ပေါက်ပွားစေ ပါသည်။ အရွယ်အစားကြီးသော ဟင်းတုံးများနှင့် အကောင်လိုက်ချက်ခြင်း၊ ပြုတ်ခြင်းနှင့် ကြော်လှော်ခြင်းများကို ဂရုစိုက်စွာမပြုလုပ်နိုင်ပါက ရောဂါများကူးစက်ပြန့်ပွားနိုင်ပါသည်။

ထို့ကြောင့် အသား၊ ငါး၊ ဥ နှင့် ပင်လယ်စာများကို ကျက်အောင်ချက်ပြုတ်ခြင်း၊ အရည်ပါသော အစားအသောက် များကို ဆူအောင်နွှေးပြီးမှ တည်ခင်းကျွေးမွေးခြင်းနှင့် ဟင်းနွှေးရာတွင်လည်း အပူပျံ့ နှံ့မှုတူညီမျှတရန် ဂရုတစိုက် ဆောင်ရွက်ရပါမည်။

(၈) အစားအသောက်များထားသိုခြင်းကို ဂရုစိုက်ခြင်း

အဏုဇီဝပိုးများသည် အခန်းအပူချိန်တွင်ပေါက်ဖွားမှု လျှင်မြန်ပါသည်။ အချို့ သော အန္တရာယ်ရှိသည့် အဏုဇီဝပိုးများသည် အပူချိန် (၅) ဒီဂရီ စင်တီဂရိတ်အောက်တွင် ဆက်လက်ပေါက်ဖွားနိုင်ပါသည်။ အစားအသောက်များကို အေးခဲထားခြင်း၊ အပူပေးထားခြင်းများ မပြုလုပ်ပါက ပေါက်ဖွားမှုကို လျင်မြန်စေ ပါသည်။

ထို့ကြောင့် ချက်ပြုတ်ပြီး အစားအသောက်များကို အခန်းအပူချိန်တွင် (၂)နာရီထက်ပိုထားခြင်းကို ရှောင်ကြဉ်ခြင်း၊ အပူချိန် (၅) ဒီဂရီ စင်တီဂရိတ်အောက်၌ ချက်ပြုတ်ပြီး အစားအသောက်များနှင့် ပျက်စီးလွယ်သော အစားအသောက်များကို ထားသိုခြင်း၊ အစားအသောက်များကို ပူပူနွေးနွေးတည်ခင်း ကျွေးမွေးခြင်း၊ ရေခဲသေတ္တာတွင်လည်း ကြာရှည်စွာ သိမ်းထားမှုကို ရှောင်ကြဉ်ခြင်း၊ အေးခဲထားသော အစားအသောက်များကို အခန်းအပူချိန်ရှိနေရာသို့ တိုက်ရိုက်ထားခြင်းကို ရှောင်ကြဉ်ခြင်းများ ဆောင်ရွက်ရပါ မည်။

(၉) ရေကောင်းရေသန့်၊ လတ်ဆတ်သော သားစိမ်း၊ ငါးစိမ်းနှင့် ဟင်းသီးဟင်းရွက်စိမ်းများကို အသုံးပြုခြင်း

အိမ် (သို့မဟုတ်) ရုံးခန်းရှိ ရေနှင့် ရေခဲများသို့ အဏုဇီဝပိုးများ၊ ဓာတုပစ္စည်းများမှ ညစ်ညမ်းမှုများ ကူးစက်နိုင်ပါ သည်။ အဆိပ်ဖြစ်စေသော ဓာတုပစ္စည်းများသည် ပျက်စီးနေသော၊ မှိုတက်နေသောအစားအသောက်များတွင် ပါရှိတတ်ပါသည်။ သားစိမ်း၊ ငါးစိမ်း၊ ဟင်းသီးဟင်းရွက်စိမ်းများကို ရွေးချယ်ဝယ်ယူစားသုံးခြင်းမပြုပါက ရောဂါများရပြီး ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်။ ဟင်းသီးဟင်းရွက်စိမ်းများ ရေဆေးခြင်း၊ အခွံနွှာပြီးမှ အသုံးမပြုခြင်းများပြုလုပ်ပါက အန္တရာယ်များစေပါသည်။

ထို့ကြောင့် ရေကောင်းရေသန့်ကို သောက်သုံးခြင်း၊ လတ်ဆတ်သော သားစိမ်းငါးစိမ်းနှင့် ဟင်းသီးဟင်းရွက်စိမ်း များကို အသုံးပြုခြင်း၊ စိတ်ချရသော အသင့်စား အစားအသောက်များကိုသာ ရွေးချယ်အသုံးပြုရပါမည်။ ဟင်းသီးဟင်းရွက်စိမ်း၊ တို့စရာများနှင့် သစ်သီးများကို ရေဖြင့်ဆေးကြောပြီးမှ စားသုံးရပါမည်။ စားသုံးရန် အညွှန်းပါ သက်တမ်းကုန်ဆုံးရက်စွဲလွန် အစားအသောက်များကို သုံးစွဲခြင်းကို ရှောင်ကြဉ်ရပါမည်။

(၁ဝ) အကြံပြုချက်

ဘေးအန္တရာယ်ကင်းသော အစားအသောက်ဖြစ်စေရန် အစားအသောက်ကိုင်တွယ်ခြင်းနှင့် သိုလှောင်ခြင်းကို ဂရုစိုက်ရပါမည်။ သုံးစွဲသောရေ ညစ်ညမ်းမှုရှိမရှိ စစ်ဆေးရပါမည်။ လမ်းဘေးစားသောက်ဆိုင်များတွင် ရောင်းချ သော စားသောက်ကုန်များသည် အရည်အသွေးပြည့်မီရပါမည်။ ရောဂါပိုးမွှားများ ကင်းစင်ရပါမည်။ အစားအသောက် ထုတ်လုပ်ရောင်းချခြင်းဖြစ်စဉ်တစ်လျောက် အန္တရာယ်ဝင်ရောက်နိုင်သော အဓိကနေရာကို ဖော်ထုတ်ထိန်းသိမ်းရပါမည်။

ဒေါက်တာမြင့်သန်းထွန်း

Health Care