ယခုတစ်ပတ် ထူးခြားဖြစ်စဉ် တွေထဲမှာ နိုဝင်ဘာလ (၃)ရက် နေ့ကလုပ်တဲ့ ကြားဖြတ်ရွေးကောက် ပွဲသတင်းတွေက စိုးမိုးနေရာယူခဲ့ ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ မှာ အာဏာရ NLD ပါတီက (၇) နေရာသာ အနိုင်ရခဲ့လို့ ဝေဖန်မှုတွေ၊ ပူပန်မှုတွေ သောသောညံ နေပေမယ့် ရွေးကောက်ပွဲနေရာ အားလုံးမှာ ပြဿနာမရှိဘဲ တရားမျှတစွာ ကျင်းပပြုလုပ်ပေး ခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်ကိုတော့ ချီးကျူးအသတ်အမှတ်ပြုဖို့ အားလုံးက မေ့လျော့နေကြပါတယ်။ NLD ပါတီ (၇) နေရာ အနိုင်ရရှိခြင်းနှင့်အတူ ကြားဖြတ်မဲဆန္ဒနယ် (၁၃) နေရာမှာ အတိုက်အခံဖြစ်သွားတဲ့ ပြည်ခိုင်ဖြိုးပါတီလည်း (၃) နေရာမှာ အနိုင်ရရှိခဲ့ပါတယ်။ တိုင်းရင်းသားတွေထဲမှာ ချင်း၊ ရှမ်း နှင့် ရခိုင်တို့ တစ်နေရာစီရရှိသွားကြပါတယ်။ ရွေးကောက် ပွဲနေ့မှာ အသေးအဖွဲပြဿနာလေးတွေကလွဲလို့ ဘက်လိုက်တာ၊ ညစ်တာ၊ ခြိမ်းခြောက်တာ၊ မဲခိုးတာတွေ မဖြစ်ပေါ်ခဲ့ပါဘူး။ ဒီအစဉ်အလာကို ဆက်လက်ထိန်းသိမ်းသွားနိုင်မယ်ဆိုရင် ခိုင်မာအားကောင်းတဲ့ ဒီမိုကရေစီရွေးကောက်ပွဲတွေကို အောင်အောင်မြင်မြင်ကျင်းပနိုင်တဲ့ နိုင်ငံတစ်ခုအဖြစ် နိုင်ငံတကာက ရှုမြင်ခံရမှာသေချာပါတယ်။

ရွေးကောက်ပွဲ ပြီးဆုံးသွားပြီးတဲ့နောက်မှာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ လူစိတ်ဝင်စားခံရဆုံး သတင်းတစ်ခုကတော့ ရခိုင်ပြည်နယ် သံတွဲမြို့နယ်က လက်ထောက်ဆရာဝန်တစ်ဦးရဲ့ သတင်းဖြစ်ပါတယ်။ ဘာကြောင့် လူစိတ်ဝင်စားခဲ့ရသလဲ ဆိုတော့ ရခိုင်ပြည်နယ်၊ သံတွဲမြို့ ၂၅ ကုတင်ဆံ့၊ ငပလီဆေးရုံက တာဝန်ခံလက်ထောက် ဆရာဝန် ဒေါက်တာစုနန္ဒာကျော် (ဆမ-၂၉၈၂၈)အား Silver Beach Hotel သို့ သွားရောက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးရဲ့ လမ်းညွှန်ချက် အရ ဒုတိယခရိုင်ကုသရေးဦးစီးဌာနမှူးက ညွှန်ကြားခဲ့တာကို လိုက်နာမှုမရှိခဲ့တဲ့အတွက် ဒေါက်တာစုနန္ဒာကျော်ကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ အခန်း(၁၈)နှင့် အညီ ဌာနတွင်းစစ်ဆေးမှုပြုလုပ်ရန် ဆောင်ရွက်ခြင်းကြောင့် ဒီသတင်းဟာ အုတ်အော်သောင်းတင်းဖြစ်သွားပါတယ်။ ပြည်နယ်ကုသရေးဦးစီးဌာနက နိုဝင်ဘာလ (၁)ရက် နေ့ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ရုံးစာဟာ ထုံးစံအတိုင်း လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒါကြောင့် ပြည်သူအများသိရှိသွားပြီး ဆရာဝန်တစ်ဦးရဲ့ ဝတ္တရားတွေထဲမှာ ယခုကဲ့သို့ အစိုးရတာဝန်ရှိပုဂ္ဂိုလ်တစ်ဦးကို သွားရောက်ကုသရန်  တာဝန်ရှိမရှိ အငြင်းပွားမှုတွေ ပေါ်ပေါက်လာပါတယ်။ အထူးသဖြင့် သွားရောက်စေခိုင်းတဲ့နေရာဟာ သီးသန့်တည်းခိုနေထိုင်တဲ့ ဟိုတယ်ဖြစ်ပြီး သွားရောက်ကုသရမယ့်ဆရာဝန်ဟာ အမျိုးသမီးဖြစ်နေတဲ့အတွက် မြန်မာ့လူ့အဖွဲ့အစည်းမှာ ကျင့်ဝတ်အရ သင့်မသင့် ငြင်းခုံကြတာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီဖြစ်ရပ်မှာ ငပလီဆေးရုံက တိုက်နယ်ဆရာဝန် ဒေါက်တာစုနန္ဒာကျော်ဘက်က အများအပြား ရပ်တည်ထောက်ခံကြတာကိုလည်း တွေ့ရပါတယ်။ ထောက်ခံကြသူတွေရဲ့ အချက်အလက်တွေထဲမှာ အဓိကအချက်က တော့ အမိန့်အာဏာနဲ့ ဆောင်ရွက်လို့ မနှစ်မြို့တာတွေကို တွေ့မြင်ရပါတယ်။ မြန်မာလူမျိုးတွေဟာ များသောအားဖြင့် ယဉ်ကျေးပျူငှာပြီး အထက်အရာရှိ အဆင့်ဆင့်ကို ရိုသေလေးစားမှု တွေရှိကြပါတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက်မှာ နေထိုင်ရှင်သန်ခဲ့ရတာဖြစ်တဲ့အတွက်ကြောင့် အမိန့်အာဏာနဲ့ ဆောင်ရွက်ရင် နှစ်မြို့လေ့မရှိပါဘူး။ လူပုဂ္ဂိုလ်အရ ခင်ခင်မင်မင် မေတ္တာရပ်ခံအကူအညီတောင်းရင်တော့ မဆိုင်းမတွ ပေးလေ့ရှိပါတယ်။ ဒီသဘော သဘာဝတွေကို  ဌာနဆိုင်ရာ အကြီးအကဲတွေ အဖွဲ့အစည်းအသီးသီးရဲ့ တာဝန်ရှိသူ ခေါင်းဆောင်တွေအနေနဲ့ နားလည် သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ဒီအချက်ကိုမသုံးဘဲ ငါ့မှာလုပ်ပိုင်ခွင့်အာဏာ ရှိတယ်ဆိုပြီးဆောင်ရွက်လိုက်ရင် မြန်မြန်ဆန်ဆန်ပြီးမယ့်ကိစ္စတွေဟာ အောက်ခြေအဆင့်ဆင့်က စေတနာမပါဘဲ  ပညာပြမှုတွေကြောင့် နှောင့်နှေး သွားလေ့ရှိပါတယ်။

ယခု ဖြစ်စဉ်ကို ပြန်လည်သုံးသပ်ကြည့်ရင် ရခိုင်ပြည်နယ်ကို တာဝန်အရရောက်နေတဲ့ ပြန်ဆက်ညွှန်ချုပ်ဟာ ကျန်းမာရေးအရ ကုသရမယ့် အခြေအနေရှိနေလို့သာ ကုသရေးဦးစီးဌာနကို အကူအညီ တောင်းတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဝေဖန်ထောက်ပြမှုတချို့ကတော့ မည်သည့် အရေးကြီးပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ကုသလိုလျှင် တိုက်နယ်ဆေးရုံသို့သာ လာရောက်ကုသသင့်ကြောင်း ရေးသားထားကြပါတယ်။ ယခုလို နိုင်ငံရေးခေတ်ပြောင်း စနစ်ပြောင်းအခြေအနေမှာ တာဝန်ရှိသူ လူကြီးတွေအနေနဲ့ မိမိပြုမူနေထိုင်ပုံတွေကို ပိုပြီးဂရုစိုက်သင့်ပါတယ်။ ကျန်းမာရေးအရ ရုတ်တရက် သွေးတိုးတာပဲဖြစ်ဖြစ် သွေးပေါင်ကျတာပဲဖြစ်ဖြစ် ကျန်းမာရေးဌာနကို အရေးပေါ်အကူအညီတောင်းခွင့် ရှိပါတယ်။ ကျန်းမာရေးဌာနအနေနဲ့လည်း နိုင်ငံတော်တာဝန် ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးကို အရေးပေါ်ကုသဖို့အတွက် မည်သို့မည်ပုံသွားရောက် ကုသမယ်ဆိုတာ တစ်နိုင်ငံလုံးမှာရှိတဲ့ ဆေးရုံတွေကို ကြိုတင်ညွှန်ကြား အသိပေးထားသင့်ပါ တယ်။

သံတွဲကျန်းမာရေးဦးစီးဌာနရဲ့ ဖြစ်စဉ်မှာတော့ တခြားလူတွေ မသိနိုင်တဲ့ အချက်အလက်တွေ လည်း ရှိနေနိုင်ပါတယ်။ အထူးသဖြင့် ဝန်ကြီးဌာနတွေ၊ ဦးစီးဌာနတွေမှာ အမြဲပြဿနာပေါ်လေ့ရှိတဲ့ အထက်အောက် ဆက်ဆံရေး ပြဿနာပါပဲ။ အထက်လူကြီးဟာ စိတ်သဘောထားကောင်းမွန်ပြီး ရင့်ကျက်မှုရှိရင် အောက်ခြေဝန်ထမ်းတွေနဲ့ ပြဿနာနည်းပါးပြီး ဝန်ထမ်းများကလည်း အပြန်အလှန် ချစ်ကြောက်ရိုသေလေ့ရှိပါတယ်။ တချို့လူကြီးတွေကတော့ လူမှုဆက်ဆံရေး ညံ့တတ်ပြီး မိမိကိုပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်အမိန့်အာဏာကို အသုံးပြုပြီး လက်အောက်ဝန်ထမ်းတွေကို ပညာပေးလေ့ ရှိပါတယ်။ ဒီလိုမျိုး သဘောသဘာဝရှိတဲ့ရုံးတွေမှာ အောက်ခြေဝန်ထမ်းတွေဟာလည်း အထက်လူကြီးခိုင်းတာကို စေတနာ မပါတော့ဘဲ ဝတ်ကျေတန်းကျေလုပ် ပညာပြလေ့ရှိပါတယ်။ အဆုံးမှာတော့ ဒါဟာ ဌာနတစ်ခုရဲ့စွမ်းဆောင်ရည်၊ ဂုဏ်သိက္ခာကျဆင်းမှုဖြစ်ပြီး သက်ဆိုင်ရာ ဝန်ထမ်းအသီးသီးဟာလည်း ဝန်ထမ်းကျင့်ဝတ်ကို ဖောက်ဖျက်ရာကျပါတယ်။ အပ်နဲ့ထွင်းရမယ့်နေရာမှာ ပုဆိန်နဲ့ပေါက်တဲ့အတွက် မလိုလားအပ်တဲ့ပြဿနာတွေဟာ မီးခိုးကြွက်လျှောက် ပေါ်ထွက်လာ ပြီး ပြဿနာသံသရာထဲမှာပဲ ဖြေရှင်းလို့ မပြီးနိုင်မစီးနိုင်ဖြစ်လေ့ရှိပါတယ်။ ဒီလိုပြဿနာတွေဖြစ်လာရင် အောက်ခြေဝန်ထမ်းတွေဟာ ရုံးချုပ်နှင့် ဝန်ကြီး၊ ဒုဝန်ကြီးတွေအထိ စာတို၊ စာရှည်တွေရေးကာ တိုင်တောလေ့ရှိပါတယ်။ တိုင်စာလာပြီဆိုကတည်းက အနည်းနဲ့အများ ဌာနတွင်း DE, PE တွေ အစစ်ခံရပြီး တာဝန်မကင်းတဲ့သူဆိုရင် ပြောင်းရွှေ့ရ တာတွေ၊ ထုတ်ပယ်ရတာတွေ လုပ်ရလေ့ရှိပါတယ်။ ဒါ့ကြောင့် ဌာနတွင်းမှာပြဿနာဖြစ် လာပြီဆိုရင် ဘယ်သူပဲမှန်မှန် မှားမှား နစ်နာကြရတာချည်းပါပဲ။ အခုလည်း သံတွဲဆေးရုံပြဿနာမှာ ညွှန်ချုပ်ကို ဆေးကုသဖို့ခိုင်းစေတဲ့ အထက်အရာရှိ ရော၊ သွားဖို့ငြင်းဆန်တဲ့ လက်ထောက်ဆရာဝန်ရော နှစ်ယောက်လုံးနစ်နာခဲ့ပါတယ်။

နောက်ဆုံးရရှိတဲ့ သတင်းတွေအရ ဟိုတယ်ကိုသွားပြီး ဆေးကုသဖို့ ငြင်းဆန်ခဲ့တဲ့ ငပလီတိုက်နယ်ဆရာဝန်ကို ဌာနတွင်း စစ်ဆေးမှု မပြုလုပ်တော့ကြောင်း သံတွဲဆေးရုံအုပ်ကြီးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ငပလီကိုရောက်နေတဲ့ ပြန်ဆက်ညွှန်ချုပ်ဟာ ချော်လဲ၍ ဦးခေါင်းဒဏ်ရာရရှိမှုကြောင့် အကူအညီတောင်းခဲ့တာဖြစ်ကာ နောက်ဆုံးမှာတော့ ဆေးရုံသို့သွားရောက်ကုသခဲ့ပြီး သက်သာသွားပြီဖြစ်ကြောင်း သိရပါတယ်။

 

ဇော်သက်ထွေး

Health Care