အမျိုးသမီးကျန်းမာကြံ့ခိုင်ရေးနှင့် ပတ်သက်သည့် အယူအဆအလွဲ (၈)ခု

0
345

၁။ အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ မလေ့ကျင့်သင့်ပါ။

အမှန်တကယ် – အမျိုးသမီးများသည် သူတို့ပြုလုပ်ချင်သော လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်သည်။

အတိအကျပြောရမယ်ဆိုရင်တော့ အမျိုးသားတွေ လေ့ကျင့်သလိုဆိုတာ ဘာကိုဆိုလိုသလဲမသိပါဘူး။ အမျိုးသားတွေဝိတ်မပြီး လေ့ကျင့်သလိုမျိုး မလေ့ကျင့်သင့်တဲ့ အမျိုးသမီးတွေဟာ မထိုက်တန်လို့ ဒါမှမဟုတ် အလေးမမနိုင်လို့ မဟုတ်ပါဘူး။ သူတို့ရဲ့ လိုလားတဲ့ ကျန်းမာမှုပုံစံနဲ့ မကိုက်ညီလို့သာ အမျိုးသားတွေလို မလေ့ကျင့်သင့်တာဖြစ်ပါတယ်။ အမျိုးသမီးတွေကလဲ သူတို့လိုလားတဲ့ ကျန်းမာကြံ့ခိုင်မှုပုံစံကို ရွေးချယ်နိုင်တာပဲ ဖြစ်ပါတယ်။ ကြွက်သားကြီးတာကိုကြိုက်တဲ့ အမျိုးသမီးတွေအတွက် အလေးမလေ့ကျင့်ခန်းတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အဆီကျဖို့အတွက်ဆိုရင်တော့ တစ်မျိုးဖြစ်မှာပါ။ အဓိကကျတာက ကိုယ်လိုချင်တဲ့ ကျန်းမာကြံ့ခိုင်မှု ပုံစံပဲဖြစ်ပါတယ်။

၂။ အမျိုးသမီးတွေ Gym သွားကြတာ ဝိတ်ကျဖို့

အမှန်တကယ် – အမျိုးသမီးတွေအားလုံးဟာ တူညီတဲ့ ရည်မှန်းချက်တစ်ခုပဲ ရှိနေကြတာမဟုတ်ပါဘူး။

အမျိုးသမီးတွေအားလုံးဟာ တစ်ပုံစံတည်းဖြစ်နေချင်ကြတာမဟုတ်ပါဘူး။ အမျိုးသားတွေလိုပဲ အမျိုးသမီးတွေဟာ ကျန်းမာသန်စွမ်းဖို့ Gym သွားကြတာပါ။ တချို့ က ဝိတ်ချဖို့၊ တချို့ က အားကစားစွမ်းရည် တိုးဖို့၊ တချို့ က ကျန်းမာရေးပိုကောင်းဖို့ဖြစ်ပါတယ်။ ဒါဟာ တစ်ကိုယ်ရည် ရည်မှန်းချက်တွေဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုလေ့ကျင့်ခန်းကိုမှ လုပ်ကိုလုပ်ရမယ်လို့ မရှိပါဘူး။ ဝိတ်ချချင်တဲ့သူက ဝိတ်ကျစေတဲ့ လေ့ကျင့်ခန်းမျိုးလုပ်ကြပြီး အလေးမပြိုင်ပွဲဝင်မယ့်သူက အလေးမလေ့ကျင့်ခန်းလုပ်ကြဖို့ပဲဖြစ်ပါတယ်။

၃။ အမျိုးသမီးတွေအတွက် အထူးပရိုတိန်းမှုန့်တွေလိုအပ်တယ်

အမှန်တကယ် – ပရိုတိန်းက ပရိုတိန်းပဲဖြစ်ပါတယ်။

အမျိုးသမီးတွေကို အထူးသဖြင့် ဆွဲဆောင်ချင်ရင် အဲဒီထွက်ကုန်ပစ္စည်းပေါ်မှာ ပန်းရောင်အမှတ်တံဆိပ်ကပ်ပြီး ကျော့ရှင်းတဲ့သဏ္ဍာန်နဲ့ ကြော်ငြာကြပါတယ်။ ပရိုတိန်းနဲ့ပတ်သက်ရင်တော့ အမျိုးသားအမျိုးသမီး အတူတူပါပဲ။ ဘူးတစ်ခုထဲကနေ စားသုံးနိုင်တာဖြစ်ပါတယ်။ အမျိုးသားတွေအတွက် သီးသန့်ပရိုတိန်းဆိုတာမရှိသလို ဘယ်ပရိုတိန်းမှ ရင်ဘတ်မွှေးတွေကို ထူးပြီး များလာစေတာမရှိပါဘူး။ ကိုယ့်ရည်မှန်းချက်အရသာ ပရိုတိန်းအမျိုးအစားကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ကာဗွန်ဟိုက်ဒရိတ်နည်းတာ၊ နို့ထွက်ပစ္စည်းနည်းတာ စသဖြင့် ကိုယ့်အာဟာရလမ်းညွှန်နဲ့ ကိုက်ညီတဲ့ပရိုတိန်းမျိုးကို ရွေးချယ်ဖို့ပဲဖြစ်ပါတယ်။

၎။ အိုလံပစ်အလေးမနည်းက အန္တရာယ်များတယ်

အမှန်တကယ် – တခြားသောအားကစားနည်းတွေမှာ ဖြစ်နိုင်တဲ့ အန္တရာယ်ဖြစ်နိုင်ခြေနဲ့ အတူတူပဲဖြစ်ပါတယ်။

အိုလံပစ်အလေးမနည်းဟာ အလေးပြားတွေကိုမနိုင်သေးဘဲ အရမ်းထည့်မယ်ဆိုရင်၊ သင့်တော်တဲ့ အလေးမနည်းမသိဘူးဆိုရင် ကိုယ့်ကိုယ်ကို အနာတရဖြစ်စေနိုင်ပါတယ်။ ဒါဟာ တခြားသော အားကစား လေ့ကျင့်ခန်းတွေမှာလဲ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုအလေးမနည်းမဆို ကျန်းမာကြံ့ခိုင်ရေး လေ့ကျင့်မှုများ ထည့်သွင်းအသုံးပြုဖို့၊ မှန်ကန်တဲ့နည်းစနစ်ကိုသိရှိပြီး အဲဒီအတိုင်းလေ့ကျင့်ဖို့ လိုအပ်ပါတယ်။

၅။ အလေးမတာဟာ အမျိုးသမီးတွေကို ယောက်ျားဆန်စေတယ်

အမှန်တကယ် –  အလေးမတာဟာ ကြွက်သားတွေကို ကြီးထွားစေပြီး အဆီတွေကိုလောင်ကျွမ်းစေပါတယ်။

လေ့လာမှုများစွာမှာ တွေ့ရှိထားတဲ့အချက်ကတော့ ကြံ့ကြံ့ခံရတဲ့ လေ့ကျင့်နည်းတွေဟာ ပိုပြီးကျန်းမာတဲ့၊ ကျစ်လျစ်တဲ့၊ သန်စွမ်းတဲ့ အမျိုးသမီးတွေကို ဖြစ်ပေါ်လာစေတာပဲဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ လေ့ကျင့်မှု၊ ကိုယ့်ရဲ့ မျိုးရိုးဗီဇတို့နဲ့ သက်ဆိုင်တာပဲဖြစ်ပါတယ်။ ကြံ့ခိုင်သန်စွမ်းတဲ့နေရာမှာ ပုံစံအမျိုးမျိုးဖြစ်နိုင်ပါတယ်။ အားကစားသမားဆန်တာ၊ ခပ်သွယ်သွယ်နဲ့ ကြံ့ခိုင်တာ၊ ကြွက်သားတွေကြီးတာ စသဖြင့် ဖြစ်ပါတယ်။ ကိုယ်လိုလားတဲ့ ခန္ဓာကိုယ်ပုံစံမျိုးဖြစ်အောင် ကြံ့ကြံ့ခံတဲ့လေ့ကျင့်ခန်းတွေနဲ့ လေ့ကျင့်ရမှာဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး အသွင်အပြင်ကွာခြားမှုကတော့ မျိုးရိုးဗီဇ၊ ဘယ်လိုစားသောက်သလဲ၊ လှုပ်ရှားမှု၊ လေ့ကျင့်မှု ပြင်းထန်မှု စတာတွေပေါ်တည်မှီပါတယ်။

၆။ အမျိုးသမီးတွေဟာ Creatinine မသောက်သင့်ပါ

အမှန်တကယ် – ကိုယ်ခန္ဓာအတွင်းမှာ သဘာဝအတိုင်း Creatinine ထွက်ရှိပါတယ်။

ကိုယ်ခန္ဓာ အရမ်းကြီးထွားလိုသူတွေအတွက်ပဲလို့ ထင်မှတ်မှားတတ်ကြပါတယ်။ Creatinine  ဟာ အမှန်တကယ်မှာတော့ အချိန်တို ပြင်းပြင်းထန်ထန်လုပ်ရမယ့် လေ့ကျင့်ခန်းတွေအတွက် အဓိကကျတဲ့ စွမ်းအင် ရင်းမြစ်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ခန္ဓာကနေပြီး Creatinine ကို ထုတ်လုပ်ပါတယ်။ ဒါ့ကြောင့် ရက်သတ္တတစ်ပတ်အတွင်း ပြင်းထန်တဲ့လေ့ကျင့်မှုတွေ အကြိမ်ကြိမ်ပြုလုပ်မယ်ဆိုရင် Creatinine စားသုံးပေးရ မှာဖြစ်ပါတယ်။ Creatinine ရဲ့ သိသာတဲ့ ဘေးထွက်ဆိုးကျိုးကတော့ ကိုယ်အလေးချိန် နည်းနည်းတက်စေနိုင် တာဖြစ်ပါတယ်။

၇။ အမျိုးသမီးတွေအတွက် လိုအပ်တာဟာ လမ်းလျှောက်ပြေးစက်တစ်ခုပဲဖြစ်တယ်။

အမှန်တကယ် – အမျိုးသမီးတွေလဲ အလေးမလေ့ကျင့်ခန်းတွေ လုပ်ဖို့လိုပါတယ်။

အပြေးသမားဖြစ်ချင်တဲ့သူတွေမှာတောင်မှ အလေးမလေ့ကျင့်ခန်းတွေက အသက်ရှူမှုအတွက် အထောက်အကူဖြစ်စေတယ်လို့ဆိုပါတယ်။ ဒါကြောင့် ကျန်းမာကြံ့ခိုင်ဖို့အတွက် အမျိုးမျိုးသော လေ့ကျင့်ခန်းတွေ လိုအပ်မှာဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ရလဒ်ကိုရဖို့အတွက် သင့်တော်တဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အပြေးသမားဖြစ်ချင်ရင်တောင်မှ အပြေးသက်သက်လေ့ကျင့်လို့မရဘဲ သင့်တော်တဲ့ အလေးမလေ့ကျင့်ခန်းတွေကို ထည့်သွင်းလေ့ကျင့်သင့်ပါတယ်။

၈။ ကျစ်လျစ်ခြင်းဟာ ကျန်းမာကြံ့ခိုင်ခြင်းရဲ့ နောက်ဆုံးအဆုံးသတ် ဖြစ်ပါတယ်။

အမှန်တကယ် – ကျစ်လျစ်ခြင်းက အမျိုးသမီးတစ်ဦးချင်းစီအတွက် ကွဲပြားတဲ့တန်ဖိုးတွေရှိပါတယ်။

အမျိုးသမီးတိုင်းက တစ်ပုံစံတည်း မကျစ်လျစ်ချင်ကြပါဘူး။ အရမ်းကိုကျစ်လျစ်မှုဟာ ဟော်မုန်းပြောင်းလဲမှု တွေကို ဖြစ်စေနိုင်ပါတယ်။ အားကစားနဲ့ အသက်မွေးသူတွေတောင် အချိန်ပြည့်ကျစ်လျစ်အောင် မနေနိုင်ကြပါ ဘူး။ လိုအပ်တဲ့အချိန်မှာ လိုသလောက်ကျစ်လျစ်အောင် လေ့ကျင့်ကြတာဖြစ်ပါတယ်။ နောက်တစ်ခုကလဲ လူတစ်ဦးနဲ့တစ်ဦး လေ့ကျင့်မှုရလဒ်တွေ ကွဲပြားနိုင်တာဖြစ်ပါတယ်။ တချို့ က တစ်လခွဲလောက်လေ့ကျင့်ရင် ရပေမယ့် တချို့ က နှစ်နဲ့ချီပြီးကျင့်ရင်ကျင့်ရတတ်တာမျိုးဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကျန်းမာကြံ့ခိုင်ရေး ရည်မှန်းချက်နဲ့ ကိုယ့်လေ့ကျင့်မှု ကိုက်ညီဖို့ပဲဖြစ်ပါတယ်။

ကိုအောင်(ဆေး-၁)

Health Care