မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍကို ကြည့်မယ်ဆိုရင် ပုဂ္ဂလိကကျန်းမာရေးကဏ္ဍဟာ ကျန်းမာရေး စောင့်ရှောက်မှုရဲ့ (၇၅)ရာခိုင်နှုန်းကနေ (၈ဝ)ရာခိုင်နှုန်းအထိ ဖြည့်တင်းထောက်ကူပေးထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီအထဲကမှ အများစုကို အထွေထွေရောဂါကုဆေးခန်းတွေက ဆောင်ရွက်နေတာဖြစ်တယ်လို့ လည်း သိရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍနဲ့ပတ်သက်လာရင် အရပ်ထဲတွေမှာဖွင့်လှစ် ထားတဲ့ ကိုယ်ပိုင်ဆေးခန်းငယ်လေးတွေကစပြီး ခန့်ညားထည်ဝါစွာဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကဆေးရုံကြီးတွေ အထိ ဘယ်လောက်အထိ အရေးပါသလဲဆိုတာကို ထင်ထင်ရှားရှား မြင်တွေ့ရမှာဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ တခြားအရပ်ဖက်အဖွဲ့အစည်းတွေကဖွင့်လှစ်ထားတဲ့ ကုသိုလ်ဖြစ်ဆေးရုံ ဆေးခန်းတွေလိုဟာတွေအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ကျန်းမာရေးကဏ္ဍကို တစ်ထောင့်တစ်နေရာက ဝင်ရောက်ပံ့ပိုး ကူညီထောက်ပံ့ပေးနေကြတာ  ဖြစ်လို့ သူတို့ရဲ့အခန်းကဏ္ဍဟာလည်း တော်တော်လေးအရေးပါတယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ ဆိုတော့ကာ မြန်မာနိုင်ငံရဲ့ကျန်းမာရေးကဏ္ဍအတွက် အရေးအပါဆုံးဖြစ်တဲ့ အထွေထွေရောဂါကုဆေးခန်းတွေ စာရေးသူတို့ ဆီမှာ ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်နိုင်သလဲ၊ ဖွင့်လှစ်ထားတဲ့ ဆေးခန်းတွေအပေါ်မှာရော ပြည်သူလူထုက ဘယ်လောက်အထိ ယုံကြည်ကိုးစားစွာ သွားရောက်ကုသမှုခံယူကြသလဲဆိုတာ တော်တော်လေး စိတ်ဝင်စားစရာကောင်းလှပါတယ်။

နောက်တစ်ခုက အဲ့ဒီလိုဆေးခန်းတွေ ဖွင့်လှစ်နိုင်ဖို့ နိုင်ငံတော်အပိုင်းက ဘယ်လောက်အထိ ပံ့ပိုးကူညီမှုတွေ လုပ်ပေးနိုင်သလဲ။ ဒါလည်း တော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်။ ဥပမာအားဖြင့် စာရေးသူနေထိုင် ရာရပ်ကွက်ဆိုပါစို့၊ အထွေထွေရောဂါကုဆရာဝန်ထိုင်တဲ့ ဆေးခန်းနှစ်ခန်းရှိပါတယ်။ ဆေးခန်းတစ်ခုဆီအတွက် ငှားရမ်းစရိတ်က တစ်လကိုတစ်သိန်းခွဲလောက်ပါ။ ဒါတောင် တိုက်ခန်းရတာမဟုတ်ပါဘူး။ အလွယ်ပြောရရင် အစိုးရပိုင်မြေနေရာပေါ်မှာ အဆောက်အဦးတက်ဆောက်ပြီး ပြန်ငှားစားထားတဲ့နေရာပါ။ တိုက်ခန်းမြေညီထပ် ဆိုရင်တော့ အနည်းဆုံး (၁ဝ)သိန်းလောက်ပေးရမှာ သေချာပါတယ်။ ဆေးခန်းဆိုတော့ လေးထပ်ပေါ်တက်ဖွင့် လို့ကလည်း အဆင်မပြေလေတော့ ဒီလိုပဲ ကျူးကျော်တဲသာသာလေးကို လခတစ်သိန်းခွဲလောက်ပေးပြီး ဖွင့်ကြ ရတာပါ။ လူနာလာလားဆိုတော့ မလာပါဘူး။ တစ်ပတ်နေလို့မှ တစ်ယောက်တောင်မလာပါဘူး။ အဲ့ဒီတော့ ဘာလုပ်တုန်း၊ ဆေးပဲရောင်းစားရတော့တာပေါ့။ လူနာတွေက အဲ့ဒီဆေးခန်းတွေမှာထိုင်တဲ့ ဆရာဝန်တွေကို အထင်သေးလို့လားဆိုတော့ အဲ့လိုလည်းမဟုတ်ပါဘူး။ သို့သော်လည်းပဲ စာရေးသူတို့ဆီကပြည်သူအများစုဟာ ဒီဘက်နောက်ပိုင်းကာလမှာ ကျန်းမာရေးနဲ့ပတ်သက်လာရင် ခံယူချက်နဲ့သဘောထားက သိသိသာသာပြောင်း သွားခဲ့ပြီဖြစ်ပါတယ်။ သာမန်နာမကျန်းဖြစ်တာ၊ ဖျားတာ၊ နာတာ၊ နှာစေးချောင်းဆိုး ဖြစ်တာလောက်ဆိုရင်  ဆေးဆိုင်သွားပြီး ပါရာဆီတမောလေး၊ ဆီထရင်းလေး၊ ဆီဗစ်လေးဝယ်သောက်လိုက်မယ်၊ တစ်ရက်နှစ်ရက်နေ လို့ မသက်သာတော့မှ မဖြစ်ဘူး.. ဆေးခန်းသွားမှပဲဆိုပြီး ထပြေးတော့တာပါ။ အဲ … အဲ့လိုပြေးပြီဆိုရင်လည်း အရပ်ထဲမှာဖွင့်ထားတဲ့ သာမန်ဆေးခန်းလေးတွေလောက်ကို မပြေးတော့ပါဘူး။ အထူးကုကြီးတွေထိုင်တဲ့ ဆေးရုံကြီးတွေဆီပဲ တန်းပြေးကြတာပါ။

အဲ့ဒီတော့ အထက်မှာတင်ပြခဲ့သလိုပဲ ဆေးခန်းဖွင့်ထားတဲ့ သာမန်အထွေထွေကု ဆရာဝန်လေးတွေမှာ တစ်ခါတစ်လေ မျက်စိလည်ပြီး အလည်ရောက်လာလေ့ရှိတဲ့ လူနာတစ်ဦးစနှစ်ဦးစ လာရင်လာ၊ မလာရင် တစ်နေကုန်ဆေးထိုင်ရောင်းပြီး အိမ်ပြန်အိပ်ကြရတာများပါတယ်။ ဆေးကလည်း မရောင်းဘဲနေလို့မရဘူးလေ၊ ဆေးမှမရောင်းရင်လည်း ဆိုင်လခရယ်၊ စားဝတ်နေရေးရယ်က ဘယ်လိုနည်းနဲ့သွားဖြေရှင်းမှာတုန်း၊ ဒီဘက် နောက်ပိုင်းမှာတော့ နိုင်ငံတော်ပိုင်ဆေးရုံကြီးတွေမှာ တာဝန်ထမ်းဆောင်ခွင့်တွေ အရင်ကထက်ပိုရလာကြလို့ အထွေထွေရောဂါကုဆရာဝန်လေးတွေမှာ နည်းနည်းအသက်ရှူချောင်လာကြတာပါ။ ဒါတောင် ဘယ်ဆရာဝန် လိုက်မေးမေး တစ်ရာမှာ (၉၉)ယောက်ကတော့ အိမ်ကနေ မန်းနီးပြန်မမှာရတဲ့သူမရှိပါဘူး။ မမှာလို့လည်းမရ ဘူးလေ၊ သူတို့ရတဲ့လခနဲ့ သူတို့ကုန်ကျတဲ့စရိတ်ကို အချိုးချကြည့်ရင်လောက်မှ မလောက်ဘဲဟာ။ သို့သော်လည်းပဲ ပိတီကိုစားပြီး ဒီလိုပဲရှေ့ခရီးကို ဆက်နေကြရတာကများပါတယ်။ ဒါဆိုရင် အထွေထွေ ရောဂါကုဆရာဝန်လေးတွေရဲ့ အခန်းကဏ္ဍကို ဘယ်လိုပုံစံနဲ့ မြှင့်တင်မလဲ၊ ဒီကိစ္စက တော်တော်လေးအရေးပါ တယ်လို့ စာရေးသူကတော့ ဆိုချင်ပါတယ်။ အရေးပါတယ်ဆိုတဲ့နေရာမှာ လူနာမှတ်တမ်းကအစအရေးပါတာ ပါ။ စာရေးသူတို့ဆီမှာ ရပ်ကွက်အလိုက် ကျန်းမာရေးနဲ့ပတ်သက်ပြီး စနစ်တကျမှတ်တမ်းတင်ထားတဲ့ ကိန်းဂဏန်း အချက်အလက်တွေမရှိတာ သေချာပါတယ်။ မြို့နယ်အဆင့်ကပဲ စတင်ကောက်ခံတာဖြစ်ပြီး ဒီကိန်းဂဏန်းအချက်အလက်ကလည်း အမှန်တရားနဲ့ အနည်းငယ်တော့ ကွဲလွဲမှုရှိမှာ သေချာပါ တယ်။ ဥပမာအားဖြင့် ဒီရက်ပိုင်းအတွင်း ကလေးဆေးရုံက ဆရာဝန်လေးတွေရဲ့ပြောစကားအရ ဝက်သက်ရောဂါတွေ နည်းနည်းဖြစ်ချင်တယ်လို့ဆိုတယ်။ ဟုတ်ပြီ၊ ဘယ်လိုနေရာတွေက ကလေးတွေဝက်သက်ရောဂါနဲ့ ကလေး ဆေးရုံကို ရောက်လာတာများလဲ၊ ကလေးဆေးရုံကရော အဲ့ဒီမြို့နယ်တွေမှာရှိတဲ့ ကျန်းမာရေးတာဝန်ရှိသူတွေနဲ့ ဘယ်လိုတွေပူးပေါင်း လုပ်ဆောင်နေသလဲ။ ဒီမှာက အထွေထွေရောဂါကုဆရာဝန်တွေ နေရာတိုင်းမှာ စနစ်တကျမထားရှိနိုင်သေးလေတော့ တစ်ခုခုဆို အပေါ်ကိုအရင်သွားပြီးမှ အောက်ပြန်ဆင်းရတဲ့သဘောမျိုး ဖြစ်နေတယ်။ အမှန်တကယ်ဆို အောက်ခြေ အဆင့်ဆင့်ကနေပြီးတော့မှ အထက်ကို တစ်ဆင့်ချင်းတက်သွားရမှာဖြစ်တယ်လို့ စာရေးသူကတော့ မြင်တယ်။ ဆိုပါစို့၊ တစ်ခုခုဖြစ်ပြီဆိုရင် ဆေးရုံကြီးတွေဆီကို လူနာကအရင်ရောက်သွားတယ်။ အဲ့ဒီတော့မှ ဆေးရုံကြီးတွေကတစ်ဆင့် အောက်ခြေကိုပြန်ဆင်းနေရတာမျိုးဖြစ်နေတယ်။ တကယ်လို့ အရပ်ထဲမှာသာ အထွေထွေရောဂါကုဆရာဝန်ပုံမှန်ရှိပြီး အဲ့ဒီဆရာဝန်ကလည်း မှတ်တမ်းမှတ်ရာ တိတိကျကျနဲ့ တစ်ခုခုထူးပြီဆိုရင် ဒီမှာတော့ ဒီရောဂါလေးတွေ အဖြစ်များနေ တယ်လို့သတင်းပို့ရင် ပိုမကောင်းပေဘူးလား။

နောက်တစ်ခုက ဆေးဆိုင်တွေမှာ ဆေးတွေကို နာမည်ပြောလိုက်ယုံနဲ့ အလွယ်တကူဝယ်ချင်တဲ့ဆေးဝယ်လို့ရနေတာ၊ တစ်လောလေးဆီက ဥရောပနိုင်ငံတစ်ခုက သူငယ်ချင်းတစ်ယောက်လာတယ်။ ဒီကဆေးတွေ သူတို့ဆီ ပြန်ဝယ်သွားတယ်။ သာမန်ဖျားရင်နာရင် သောက်တဲ့ဆေးတွေ။ ဘယ်လိုဖြစ်လို့တုန်းဆိုတော့ ဟိုမှာက ဒီမှာလို ဝယ်ချင်တိုင်းဝယ်လို့မရဘူးတဲ့။ ဒီမှာကတော့ပြောမနေနဲ့ ဆရာဝန်တွေထက် ဆေးဆိုင်အရောင်းကောင်တာတွေက ကောင်မလေးတွေကို ပိုကြောက်နေရ တာ။ ဆရာဝန်မရှိလည်း နိုးပရောဘလန်၊ ဆေးဆိုင်မှာ ဆေးရောင်းတဲ့ ကောင်မလေးရှိရင် အိုကေဆိုတဲ့အထာမျိုး။ ဆိုတော့ ကာ ဒါတွေဟာ နည်းမှန်လမ်းမှန် ဟုတ်လားမဟုတ်ဘူးလားဆိုတာ စာရေးသူထက် တာဝန်ရှိသူတွေက ပိုသိမှာသေချာ တယ်။ ဒါဆိုရင် ဒီလိုအမှန်လို့ထင်ပြီး မှားယွင်းနေတဲ့ကိစ္စရပ်တွေကို ဘယ်လိုတွေ ကိုင်တွယ်ကြမတုန်း ပြောမယ့်သာပြော သာ သိပ်တော့မလွယ်လှဘူး ထင်တာပါပဲ။

ဦးမျိုးကြီး

Health Care