သင့်အနေနဲ့ အရက်၊ ဘီယာတွေ အလွန်အကျွံသောက်ပြီးနောက်တစ်နေ့မှာ ပျို့၊ အန်၊ ခေါင်း ကိုက်၊ ဗိုက်နာ၊ အားအင်ကုန်ခမ်း စတဲ့မအီမသာလက္ခဏာတွေကို ခံစားရတတ်ပါတယ်။ ခုလိုဝေဒနာတွေကို သက်ဆိုင်ရာဆေးဝါးတွေက သက်သာစေနိုင်ပေမယ့် ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကိုတော့ အနည်းနဲ့အများ ခံစားကြရမှာဖြစ်ပါတယ်။ ဒီအတွက် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့အခြေစိုက် အစားအသောက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ “Abakus Foods” မှ ကျွမ်းကျင်သူတွေက အောက်ပါနည်းလမ်းတွေကို အကြံပြုထားပါတယ်။

၁။ သဘာဝသကြား (Fructose) ကြွယ်ဝတဲ့ သစ်သီးဝလံတွေ များများစားပါ။

– Fructose လို့ခေါ်တဲ့ သဘာဝသကြားတစ်မျိုးက ခန္ဓာကိုယ်မှာ အရက်ချေဖျက်ခြင်းဖြစ်စဉ်တွေကို ပိုမိုမြန်ဆန်စေတာကြောင့် သင့်ကို အရက်နာမကျစေဘဲ ပကတိအကောင်းအတိုင်း အမြန်ဆုံးပြန်ဖြစ်စေဖို့ ကူညီပေး ပါတယ်။ တရုတ်ဆီးသီး၊ စပျစ်သီး၊ ပန်းသီး၊ သစ်တော်သီး၊ ချယ်ရီသီး စတဲ့သစ်သီးတွေမှာ Fructose ပါဝင်မှုများပြီး ခန္ဓာကိုယ်အတွက် ရေဓာတ်ကိုလည်းပြန်လည်ဖြည့်တင်းပေးနိုင်လို့ သင့်ရဲ့မအီမသာဝေဒနာတွေကို အမြန်ဆုံးသက်သာစေပါတယ်။

၂။ အဆီပါတဲ့အစားအစာတွေစားပါ။

– ပုံမှန်အခြေအနေမှာဆိုရင် အဆီပါတဲ့အစားအစာတွေဟာ စားသုံးဖို့ မသင့်လျော်ပေမယ့် အူလမ်းကြောင်းက အရက်စုပ်ယူမှုကို နှေးစေဖို့အတွက်တော့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အရက်နာကျတဲ့အခါ ပီဇာနဲ့ အာလူးကြော်လိုမျိုး အဆီများတဲ့အစားအစာတွေကို အနည်းအကျဉ်းစားပေးဖို့ လိုအပ်ပါတယ်။

၃။ ချင်းစားပါ။

– သင့်အနေနဲ့ အရက်အလွန်အကျွံသောက်ပြီး နောက်တစ်နေ့မှာ ပျို့တာ၊ အန်တာ၊ မအီမသာဖြစ်တာတွေကနေ ရှောင်ရှားနိုင်ဖို့ဆိုရင် ချင်းလက်ဖက်ရည်တစ်ခွက်သောက်ပေးတာ(သို့)လတ်ဆတ်တဲ့ချင်းကို အချပ်လိုက်လှီးပြီးဝါးစားပေးတာမျိုးက လွယ်ကူထိရောက်တဲ့နည်းလမ်းဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

၄။ ရေနွေးနဲ့ရေချိုးပါ။

– အရက်သောက်ပြီးနောက်တစ်ရက်မှာ ရေနွေးနဲ့ရေချိုးတာက ခန္ဓာကိုယ်ကနေအဆိပ်အတောက်တွေ ဖယ်ရှားနိုင်ဖို့ သားနံရည်ကြောအဖွဲ့အစည်းကို အားပေးကူညီပါတယ်။ ဒါ့အပြင် အားကစားလေ့ကျင့်ခန်းတွေ  အနည်းငယ်ပြုလုပ်ပြီး ချွေးထုတ်လိုက်တာကလည်း အပူအပုပ်ကင်းစင်ကာ အရက်နာကျတာကို သက်သာစေ ပါတယ်။ ဒါပေမယ့် ချွေးထုတ်ခန်းသွားပြီး ချွေးထုတ်တာကတော့ သင့်ကို ရေဓာတ်ပိုမိုခန်းခြောက်စေပြီး သွေးတွင်းသကြားဓာတ်ကို ကျစေနိုင်တဲ့အတွက် မသင့်လျော်ပါဘူး။

၅။ အိပ်စက်အနားယူပါ။

– အိပ်ရေးဝဝအိပ်စက်တာဟာ ကျန်းမာရေးပြဿနာအများစုကို ဖြေရှင်းပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ အရက်အလွန်အကျွံသောက်ပြီး နောက်နေ့မှာ သင်သောက်လိုက်တဲ့အရက်တွေကို အသည်းကနေ ချေဖျက်ဖို့ အပြင်းအထန်လုပ်ဆောင်နေရတာကြောင့် အသည်းကို အတိုင်းအတာတစ်ခုအထိ အနားပေးဖို့လိုအပ်ပါတယ်။ အဲ့ဒီအချိန်မှာ လုံလောက်စွာအိပ်စက်အနားယူတာက သင့်ရဲ့အရက်နာကျတဲ့ ဝေဒနာတွေ ကို သဘာဝအတိုင်း အမြန်ဆုံးကုစားနိုင်ဖို့ အထောက်အကူပြုပါလိမ့်မယ်။

ရဲခိုင်(ဆေး-၂)

Health Care