အရိုးပါးရောဂါသည် တစ်ကိုယ်လုံး တွင် ဖြစ်တတ်ပါသည်။ အမျိုးသားများ ထက် အမျိုးသမီးများတွင် ပို၍အဖြစ်များ ပါသည်။ သက်ကြီးရွယ်အိုများ၊ သွေးဆုံး ပြီးသော အမျိုးသမီးများ၊ အရက်အလွန် အကျွံသောက်သုံးသူများနှင့်ဗီတာမင်ဒီ၊ ကယ်လ်စီယမ်ဓာတ်ချို့ယွင်းသောသူများ တွင် အများဆုံးဖြစ်နိုင်ပါသည်။
(၁) အရိုးပါးခြင်းဆိုသည်မှာ
အရိုးထုအရေအတွက်နှင့် အရည်အချင်းစွမ်းအား (၂) မျိုးစလုံးတွင် လုပ်ဆောင်နိုင်သော စွမ်းအားများကျဆင်း လာပြီး အရိုးပုံသဏ္ဍာန်ပျက်ခြင်းနှင့် အရိုးများကျိုးလာခြင်းကို အရိုးပါးခြင်း ဟူ၍ ခေါ်ဆိုကြပါသည်။
(၂) သွေးဆုံးသော အမျိုး သမီးနှင့် အရိုးပါးရောဂါ
အမျိုးသမီးများ သွေးဆုံးသော အချိန်တွင် ခန္ဓာကိုယ်မှ ဟော်မုန်း ထုတ်လုပ်မှု ကျသွားတတ်ခြင်းကြောင့် အရိုးပါးခြင်းသည် လျင်မြန်စွာ ဖြစ်ပေါ်တတ်ပါသည်။ အရိုးထု Bone Mass သည် အမျိုးသမီးများ သွေးဆုံးချိန်တွင် နှစ်စဉ်နှစ်တိုင်း ဆုံးရှုံးနိုင်ပါသည်။
(၃) အရိုးပါးခြင်းကို ကြိုတင် သိနိုင်သောအချက်များ
အရိုးပါးခြင်းကို စောစီးစွာသိရှိရန် လွန်စွာခက်ခဲပါသည်။ ထင်ရှားသော လက္ခဏာမပြတတ်ပါ။ အရိုးများနာလာ ခြင်း၊ ခါးရိုးများနာလာခြင်းတို့ ဖြစ်ပေါ်တတ်ပါသည်။ မျက်စိနှင့် မမြင်နိုင်သော အရိုးအက်ကွဲမှုများ ဖြစ်ပေါ်ပြီး၊ နာလာကာ အရိုးကျိုးရန် လွယ်ကူလာပါသည်။ ကျောရိုး၊ ခါးရိုးများကို တည်ဆောက် ထားသော အရိုးများပွလာမှုသည် အဖြစ်များပြီး ခါးသည် ရှေ့သို့တဖြည်းဖြည်း ကုန်းလာခြင်း၊ အရပ်သည် နိမ့်လာခြင်း များသည် အရိုးပါးခြင်းကို ကြိုတင်သိရှိနိုင်ပါသည်။
(၄) အရိုးပါးရောဂါဖြစ်စေသော အရိုးများ
အရိုးမာနှင့်အရိုးပွနှစ်ခုစလုံး ထိနိုင်ပါသည်။ အရိုးပွတွင် ပိုပြီးထိတတ်ပါသည်။ အရိုးပွအများဆုံးရှိသော ကိုယ် ခန္ဓာအတွင်းတွင် ပို၍ဖြစ်နိုင်ပါသည်။ ကျောရိုး၊ ခါးရိုးနှင့် အရိုးရှည်များ (ခြေ၊ လက်၊ လက်မောင်ရိုး၊ လက်ဖျံရိုး၊ ပေါင်ရိုးနှင့် ခြေသလုံးရိုး)၏ အစွန်းပိုင်းများတွင် ပို၍ ခံစားရနိုင်ပါသည်။
(၅) အရိုးပါးခြင်းရောဂါဖြစ် စေသော အကြောင်းအရင်း
အရိုးပါးခြင်းရောဂါသည် အရိုးထု Bone Mass လှုပ်ရှားမှုမရှိခြင်းကြောင့် ဖြစ်ပါသည်။ အရိုးထုများ ၇ ရက် သတ္တပတ်ခန့် လှုပ်ရှားမှုမရှိပါက အရိုးဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ သွေးဆုံးပြီးနောက်ပိုင်းတွင် ဟော်မုန်း ထုတ်လုပ်မှု လျော့နည်းလာခြင်းကြောင့် အရိုးပွများကို ပို၍ထိခိုက်နိုင်ပါသည်။ အရိုးမာများကိုလည်း ထိတတ်ပါသည်။ အမျိုးသမီးများအနေဖြင့် သွေးဆုံးချိန်တွင် ဆိုးဝါးစွာ ခံစားရနိုင်ပါသည်။ အိပ်ရာထဲတွင် လှဲနေရသည်အထိ ဖြစ်ပေါ်တတ်ပါသည်။ အရိုးကျိုးခြင်းကြောင့် ကျောက်ပတ်တီးစည်းထားသော သူများတွင် လုံးဝလှုပ်ရှားမှုမရှိပါက အရိုးပါးရောဂါဝင်လာတတ်သည်ကို သတိပြုရပါမည်။
(၆)အရိုးပါးခြင်းကိုကာကွယ်ရန်
လေ့ကျင့်ခန်းပြုလုပ်ပါက အရိုး များကြံ့ခိုင်နိုင်ခြင်းကြောင့် နေ့စဉ် ကိုယ်လက် လှုပ်ရှားမှုကို အနည်းဆုံး နာရီဝက်ခန့် ပြုလုပ်ရပါမည်။ ကယ်လ် စီယမ်ပါဝင်သော အစားအစာများကို စားသုံးရပါမည်။
ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)
Health Care