လူ့အရိုးရဲ့ ခံနိုင်ရည်စွမ်းအားက ထင်သလောက် မမာကျောဘူး။ ယင်းအရိုးတွေနဲ့ တည်ဆောက်ပေးတဲ့ တစ်သျှူးတွေဟာ တစ်ပြိုင်တည်းလိုလို ရှင်သန်ခြင်း၊ သေဆုံးခြင်း ဖြစ်တယ်။ စမ်းကိုင်လို့ မာကျောနေတာ ကျောက်ဖွဲ့စည်းပုံကြောင့်ဖြစ်ပြီး သည်လိုဖွဲ့စည်းမှုရှိလို့သာ လူ့ခန္ဓာကိုယ်က ပြင်းထန်အလုပ်တွေ လုပ်ကိုင်နိုင် ခြင်းပဲဖြစ်တယ်။ တစ်သျှူးကနေ ကျောက်ဖွဲ့စည်းပုံဖြစ်သွားတဲ့ အရိုးတွေ၊ သက်ရင့်အရိုး (Old Bone) ကို အရည် ပျော်စေတဲ့ဆဲလ်ကတော့ အော်စတီရိုကလပ် (Osteoclast) ဆဲလ်ဖြစ်တယ်။ သည်ဆဲလ်တွေကြောင့် အရိုးမှာ အခေါင်းပေါက်ငယ်တွေ ဖြစ်ပွားတယ်။ အရိုးပွရောဂါ (Osteoporosis) ရဲ့အစပါပဲ။

အော်စတီရိုကလပ်ဆဲလ်တွေကြောင့် ပျက်စီးသွားတဲ့အရိုးကို သဘာဝအတိုင်း ပြန်လည်ဖွဲ့စည်းပေးတဲ့ အော်စတီရိုဘလပ် (Osteoblast) ဆဲလ်တွေရှိတယ်။ အမျိုးသမီးတွေမှာ ဓမ္မတာလာတဲ့ အသက်အရွယ်နောက် ပိုင်းကစလို့(Osteoblast) ဆဲလ်တွေ တဖြည်းဖြည်းလျော့ပါးလာတယ်။ အမျိုးသမီးတွေအတွက် သဘာဝ ကြေကွဲဖွယ်(Tragedy) တစ်ခုဖြစ်တယ်။ ကမ္ဘာပေါ်မှာ နှစ်စဉ်အမျိုးသမီး(၁.၅)သန်းဟာ အရိုးပွ၊ အရိုးပါးရောဂါ ကြောင့် မသန်စွမ်းဖြစ်နေကြပါတယ်။

အမျိုးသမီးတွေအနေနဲ့ ဒါကို အလွယ်တကူကြိုတင်ကာကွယ်တားဆီးနိုင်ပေမယ့် မလိုက်နာလို့ မီးယပ်ဆုံးပြီး ချိန်မှာ ကပ်ရောဂါအသွင်ဖြစ်တတ်တယ်။ အရိုးပွရောဂါဟာ အာဟာရမလုံလောက်မှု၊ ကိုယ်လက်လှုပ်ရှားမှု၊ ပရိုဂျက်စတုန်းဟော်မုန်း(Progesterone) မလုံလောက်မှုတွေကြောင့်ဖြစ်တယ်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ် အငြိမ်းစားဆေးပညာရှင် Dr.John Lee ကဆိုတယ်။

ဒေါက်တာ “ဂျွန်လီ”ဟာ သူကိုယ်တိုင်ကျင့်သုံးကုသလို့ အောင်မြင်မှုရရှိထားတဲ့ အရိုးရောဂါရဲ့ အရိုးတွေကို သန်မာကြံ့ခိုင်စေဖို့၊ သဘာဝကုထုံးတွေလည်း တင်ပြခဲ့တယ်။ အရိုးပွရောဂါ   ကို ကာကွယ် နိုင်မယ့်နည်းလမ်းက “ညစာစားပွဲအပြင်အဆင်ပဲဖြစ်တယ်”လို့ ဆိုတယ်။ အရိုးပွရောဂါရှင်တွေအတွက် သဘာဝ အာဟာရဖြည့်စွက်ဖို့ နံနက်စာ၊ နေ့လယ်စာထက်စာရင် ညစာက အကောင်းဆုံးဖြစ်ပါသတဲ့။ အရိုးသန်မာဖို့ အတွက် တစ်နေ့ကို ပရိုတိန်းတစ်အောင်စခွဲကနေ နှစ်အောင်စလိုတယ်။ ယင်းပမာဏရရှိဖို့ ဝက်သား၊ အမဲသား၊ သိုးသား၊ ကြက်သားတို့ တစ်နေ့ ခြောက်အောင်စ စားသုံးဖို့လိုတယ်။ ဒီပမာဏဟာ နီရဲတဲ့အသား (Red Meat) နဲ့ ခြံထွက်ကြက်သား (Poultry) တွေစားသုံးလို့ ကင်ဆာဖြစ်ပွားမယ့် ဘေးအန္တရာယ်လည်းမရှိနိုင်ပါဘူး။

လူ့ခန္ဓာကိုယ်က စွန့်ပစ်အညစ်အကြေးတွေထဲကတစ်ခုဖြစ်တဲ့ (Acidic Protein) ဟာ ကျောက်ကပ်က ဖယ်ရှား ပစ်ဖို့အတွက် ကြားခံပစ္စည်း ကယ်လ်ဆီယမ်ကြွယ်ဝစွာ ရဖို့လိုတယ်။ ကျောက်ကပ်အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ကို ထုတ်လုပ်ပေးတဲ့နေရာက ‘အရိုး’ပဲဖြစ် တယ်။ လူ့အရိုးတွေဟာ ကယ်လ်ဆီယမ် သိုလှောင် ကန်ကြီးပဲဖြစ်တယ်။

တစ်နေ့ကို သတ်မှတ်ထားတဲ့ အသားခြောက်စထက် ပိုမစားဖို့လိုတယ်။ ပိုစားရင် (Acidic Protein) ပိုမိုထွက် လာမှာဖြစ်တယ်။ အရိုးပွရောဂါဟာ အရိုးအတွင်း ကယ်လ်ဆီယမ်ကို လျင်မြန်စွာ လျော့ပါးစေပါတယ်။ ကယ်လ်ဆီယမ်ကို နွားနို့မှရရှိတယ်။ မွေးမြူရေး၊ ခြံက နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ နို့ထွက်ကောင်းတဲ့ ဟော်မုန်းတွေပေးကြတယ်။ ခြံထွက်တိရစ္ဆာန်ရဲ့နို့တွေမှာ (Bovine Papiloma Virus) ပါဝင်လာတယ်။ ယင်းဗိုင်းရပ်စ်က အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်ပွားစေတယ်။ ကလေးတွေမှာ သွေးကင်ဆာဖြစ်စေ တယ်။ ဒါကြောင့် နွားနို့ဆိုရင် သဘာဝအတိုင်း စားကျက်မှာ လွှတ်ကျောင်းထားတဲ့ တိရစ္ဆာန် (နွား) ကရတဲ့နို့ ဖြစ်သင့်တယ်။ အော်ဂဲနစ်နို့နဲ့ နို့ထွက်ပစ္စည်းဖြစ်သင့်တယ်။ အဆီထုတ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေက ကျန်းမာရေးကောင်းမွန်စေပါတယ်။

လူတစ်ဦးရဲ့ ကယ်လ်ဆီယမ်လိုအပ်ချက်က သာမန်အမျိုးသား၊ အမျိုးသမီး (၄ဝဝ) မီလီဂရမ်၊ အရိုးပွရောဂါရှင် အတွက် (၆ဝဝ – ၁ဝဝဝ) မီလီဂရမ်၊ ကလေးတွေ (၅ဝဝ) မီလီဂရမ် နေ့စဉ်လိုအပ်ပါတယ်။ ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာ (၁ဝဝ) ဂရမ်မှာပါတဲ့ မီလီဂရမ်ပမာဏက ပဲကြား(၂၆ဝ)၊ ပဲပိစပ်(၂၄ဝ)၊ ပဲကြီးစေ့(၇၇)၊ မုန်ညင်းစိမ်း(၇ဝဝ)၊ ပန်းဂေါ်ဖီ (၆၂၆) ဒန့်သလွန်ရွက် (၄၄ဝ)၊ ဖရုံညွန့် (၃၉၂)၊ မုန်လာရွက် (၃၄ဝ)၊ ဗာဒံစေ့ (၂၃ဝ)၊ သစ်ကြားစေ့ (၁ဝဝ)၊ စွန်ပလွန်သီးခြောက်(၁၂ဝ)၊ မက်မန်းသီး(၈၇)၊ ဥသျှစ်သီး (၈၅) အသီးသီးဖြစ် တယ်။

ကိုယ်နဲ့လက်လှမ်းမီရာ အလွယ်တကူရနိုင်တဲ့ အစားအစာကို သတ်မှတ်ပမာဏသာ ပြည့်ဝအောင် နေ့စဉ် စားပေးရမယ်။ တစ်နေ့တစ်မျိုး မတူတဲ့အစာတွေ စားပေးနိုင်ပါတယ်။ ကယ်လ်ဆီယမ်အပြင် မဂ္ဂနီဆီယမ်၊ ကော့ပါး၊ ဇင့်၊ မဂ္ဂနိ၊ ဆီလီကာ၊ ဘိုရွန်ဓာတ်တွေပေါင်းစပ်ပါဝင်တဲ့ အစားအစာတွေကလည်း အရိုးပွရောဂါ သမားအတွက် သင့်လျော်တယ်။ ပဲပိစပ်၊ တို့ဟူးအချဉ် ဖောက်၊ ဆီတို့ဟူး၊ စိမ်းမှောင်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ ပန်းမုန်လာ၊ ကျောက်ပွင့်၊ ဆယ်လ်မွန်ငါး၊ ဆားဒင်းငါး၊ ပဲတောင့်ရှည်၊ ဗာဒံစေ့တို့ ပါဝင်တယ်။

အသက်အရွယ်ကြီးသူတွေမှာ အစားအစာထဲက အာဟာရတွေ အူလမ်းကြောင်းက စုပ်ယူပေးနိုင်ဖို့ အစာချေ ဖျက်ပေးတဲ့ ဟိုက်ဒြိုကလိုရစ်အက်ဆစ်လျော့ပါးလာတယ်။ သက်ကြီးတွေမှာ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဘီတွဲ တို့လို အာဟာရတွေ နည်းပါးစွာရကြတယ်။ အစာစားပြီးချိန်မှာ ဘီတိန်းဟိုက်ဒြိုကလိုရိုဒ်ဆေးတောင့်ကို (၁-၃) တောင့်အထိ သောက်သုံးစေတယ်။ အစာအိမ်အချဉ်ပေါက်သူတွေ၊ အက်စပရင်(Aspirin)၊ အိုင်ဗျူပရိုမင် (Ibuprofen)၊ စတီးရွိုက် (Steroid) စတဲ့ရောင်ယမ်းနာကျင်မှုကို သက်သာစေတဲ့ ဆေးသောက်သုံးနေသူတွေ အတွက် မသင့်တော်လို့ ဆရာဝန်နဲ့၊ အာဟာရပညာရှင်တို့နဲ့ ဆွေးနွေးပြီးမှ သောက်သင့်ပါတယ်။

ခန္ဓာကိုယ်က ကယ်လ်ဆီယမ်နဲ့ လိုအပ်တဲ့အာဟာရတွေ ကောင်းမွန်စွာစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း မှာ အက်ဆစ်ပမာဏမျှတစေဖို့အတွက် အခြားသဘာဝဖျော်ရည်က ပန်းသီးဗင်နီဂါဖြစ်တယ်။ အစာစားနေစဉ် ပန်းသီးဗင်နီဂါတစ်ဇွန်းကို ရေ (၈) အောင်စ နဲ့ရောပြီးသောက်သုံးပေးနိုင်ပါတယ်။

ဒေါက်တာဂါဘီ (Dr.Gaby) က သွေးဆုံးပြီး အမျိုးသမီးတွေ နေ့စဉ် ကယ်လ်ဆီယမ် (၅ဝဝ) မီလီဂရမ်၊ မဂ္ဂနီဆီယမ် (၆ဝဝ) မီလီဂရမ် စားသုံးပေးရင် အရိုးတွင်းသတ္တုဓာတ်သိပ်သည်းမှုကို ၁ဝ ရာခိုင်နှုန်းအထိ တိုးမြှင့် ပေးတယ်လို့ ဆိုပါတယ်။ အရိုးပွရောဂါသမားတွေက ကယ်လ်ဆီယမ်နဲ့တွဲဖက်ကာ မဂ္ဂနီဆီယမ်ပါ မှီဝဲပေးရမယ် လို့ ဆိုတယ်။ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့အစာအတွက် (၁ဝဝ)ဂရမ်မှာပါဝင်တဲ့ မီလီဂရမ်ပမာဏတွေက ပြောင်းဖူးစေ့ (၁၃၉)၊ ကွမ်းရွက် (၄၄၇)၊ မုန်လာဥဝါ (၁၉၆)၊ ဟင်းနုနွယ် (၆၄)၊ ကြက်သွန်မြိတ် (၁ဝ၄)၊ တရုတ်နံနံ (၅၂)၊ ဗာဒံစေ့ (၃၇၃)၊ သီဟိုဠ်စေ့ (၃၄ဝ)၊ သရက်သီးမှည့် (၂၇ဝ)၊ ဆီးသီး (၁၄၇)၊ သြဇာသီး (၈၄) စသဖြင့် ပါဝင်တယ်။ အချို့အစေ့တွေနဲ့ ဟင်းသီးဟင်းရွက်တွေဟာ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် တွဲဖက်ပါဝင် နေလို့ တစ်မျိုးတည်းစားသုံးရုံနဲ့ လုံလောက်ပါတယ်။

ဗီတာမင်ဒီဟာ ခန္ဓာကိုယ်မှာ ကယ်လ်ဆီယမ်ပမာဏစုပ်ယူဖို့ အကောင်းဆုံး အထောက်အကူပေးတာကြောင့် အရိုးပွသူတွေအတွက် မရှိမဖြစ်လိုအပ်တယ်။ ဗီတာမင်ဒီရရှိဖို့ မနက်(၈)နာရီနေမှာ နေပူဆာလှုံသင့်ပါတယ်။ နေပူဆာလှုံခြင်းဟာ အရေပြားက ဓာတုညွန့်ပေါင်းတွေကို ဗီတာမင်အဖြစ် အလျင်အမြန်ပြောင်းလဲပေးလို့ ထိရောက်တယ်။ ဗီတာမင်အတွက် ငါးကြီးဆီ၊ ပင်လယ်ငါး၊ ကြက်ဥ၊ နို့နဲ့ နို့ထွက်ပစ္စည်းနဲ့ အဆီထုတ်ထားတဲ့ ထောပတ်တို့မှ ရရှိတယ်။

နေ့စဉ် နာရီဝက်မှ တစ်နာရီ အပြေး၊ လမ်းလျှောက်၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူးစတဲ့လေ့ကျင့်ခန်းတွေ မှန်မှန် လုပ်ပေးသင့်တယ်။ လူတို့ရဲ့နေထိုင်မှုပုံစံပြောင်းလာလို့ “အထိုင်” များလာတာ၊ ပိုလျှံတဲ့ ကယ်လိုရီတွေ အဆီ အဖြစ်စုဝေးရာမှ ကာကွယ်ဖို့နေ့စဉ်လေ့ကျင့်ခန်းပြုလုပ်ရပါမယ်။ အရိုးတွေတောင့်တင်းနေရင် လက်ချောင်းထိပ် နဲ့ တနေ့(၁၅)မိနစ်ခန့် နှိပ်နယ်ပေးသင့်ပါတယ်။

ဒေါက်တာလွင်သန့်

Health Care