အသက်အရွယ် ငယ်စဉ်အခါက သူများထက်လှချင်လွန်း၍ ယောကျ်ားလေးများ၏ စိတ်ဝင်စားမှုကို ခံချင်လွန်းသောကြောင့် နိုင်ငံခြားမိတ်ကပ်များကို မျက်နှာတွင် ချယ်သပြီး ပီတိဖြစ်ခဲ့ကြသော မိန်း မသားများသည် အသက် ၃ဝ ကျော် ၄ဝ အတွင်း ရောက်သောအခါ မျက်နှာပေါ်၌ စွဲထင်လာသော မည်းကွက်များကိုကြည့်ပြီး ကိုယ့်မျက်နှာကိုယ်ကြည့်ကာ စိတ်ပျက်လာကြသည်။ အမျိုးသမီးများ ပါး ပြင်နှစ်ဖက်ပေါ်မှ မလိုလားအပ်သော အမည်းကွက်စွန်းထင်းမှုမှာ တင်းတိပ်စွဲနေခြင်းပင်။

တင်းတိပ်သည် ကျား၊ မ မရွေး ဖြစ်တတ်ပြီး ညိုညစ်သော အရောင်အဆင်းရှိ၍ အရေးအကြောင်း အစက်အပြောက်ကွက်များ ထင်ပေါ်လာခြင်းဖြစ်သည်။ အာယုဗ္ဗေဒဆေးကျမ်းများတွင် ရောဂါနှင့် အနာ ခွဲခြားပြဆိုရာ၌ အနာများစာရင်းတွင် ထည့်သွင်း ပြဆိုထားသည်။

ရောဂါအခြေအနေမဟုတ်သဖြင့် ခံစားမှုဝေဒနာအရ ဆင်းရဲ ဒုက္ခမဖြစ်ဟုဆိုသော်လည်း မျက်နှာ၏ အလှအပကို ဖျက်ဆီးတတ်သော အနာတစ်မျိုးဖြစ်၍ အမျိုးသမီးထုက လုံးဝလက်မခံ မလိုလားကြပေ။

ဖြစ်တတ်သော သဘော သဘာဝအရ တင်းတိပ်ကို ပျောက်စေသည့် ဆေးနည်းများရှိရာ ရိုးရာ သုံးဆေးနည်းကို ရှာဖွေသောအခါ နယငါးတွဲဆေးကျမ်းအပါအဝင် နယရာသီကျမ်းတွင် “တင်းတိပ် ရောက်စွဲ၊ သိန္ဓောခဲကို၊ ထုခွဲဖဲ့စိတ်၊ အညက်ကြိတ်၍၊ တင်းတိပ်ကိုလိမ်း၊ လွတ်ငြိမ်းပျောက်လွယ်၊ နည်းတ သွယ်ကား၊ ပင်လယ်ရေမြုှပ်၊ ဖြူရုပ် ဖွေးဖွေး၊ ရေနှင့်သွေး၍၊ တစ်နေ့ တစ်ခါ၊ တင်းတိပ်နာကို၊ လိမ်းကာ ရက်ရှည်၊ နှစ်ပတ်လည်မူ၊ ကြံစည် တစ်သုတ်၊ ဝမ်းနှုတ်လိုက်စေ” ဟူ၍ လိမ်းဆေးနှစ်မျိုးကို ပေးထားသည်။

ပထမဆေးနည်းကား သိန္ဓော ကို ရေနှင့် လိမ်းပေးခြင်း သို့မဟုတ် သိန္ဓောကို အမှုန့်ကြိတ်၍ ယင်းအမှုန့်ကို သနပ်ခါးနှင့် သွေး၍လိမ်းခြင်း။ နောက်တစ်နည်းကား ပင်လယ်ရေမြှုပ်ကို ရေနှင့်သွေးပြီး လိမ်းပေးခြင်းဖြင့် တင်းတိပ်ကို ပျောက်ကင်းသွားစေသည်။

ဤကား တိုင်းရင်းဆေးအရ အသုံးပြုနည်းဖြစ်သည်။ လက်တွေ့ အသုံးပြုသည့်အခါ ပျောက်သူ ပျောက်၍ မပျောက်သူ မပျောက် ခြင်းကား ဆေးမစွမ်း၍လား။ စဉ်းစားစရာ ဖြစ်လာပေသည်။

ဆေး၏ စွမ်းရည်သတ္တိတန်ခိုးများကို စီစစ်ကြည့်ရာ သိန္ဓောမှာ ရသအနေဖြင့် ဝိပါက ချိုသောကြောင့် ပထဝီနှင့် ဝါယောဆန့်ကျင်အောင် နှစ်ပါးအားရှိ၍ သွေးအား၊ လေအား နှစ်ပါးကို ဖြစ်စေသည်။ အငံအရသာသည် ဝမ်းမီးကို တောက်စေ၍ အပိတ်အဆို့ သလိပ် ဒေါသကို ဖျက်ဆီးနိုင်စွမ်း ရှိလေသည်။ ပထဝီ အာပေါဓာတ် လွန် ကဲသော ဆေးဖြစ်၍ ခိုင်ခန့်ခြင်း အားများစွာကို ဖြစ်စေသည်။

သိန္ဓောသည် မျက်စိနှင့်လည်း သင့်သည်။ သွေးကိုလည်း မပျက်စီးစေဘဲ ညစ်နွမ်းနေသော သွေးကိုပင် ကောင်းလာစေသည်။ သို့ဖြစ်၍ ပါးပြင်၌ တင်းတိပ်စွဲရာ၌ သိန္ဓောကို အသုံးပြုခြင်းသည် အကျိုးများစွာ ရှိပေသည်။

ပင်လယ်ရေမြှုပ်မှာ အရသာအနေဖြင့် ဖန်စပ်ဖြစ်၍ ဝိပါကမှာ စပ်သောကြောင့် အဖန်အစပ်ရသာ ဓာတ်နှစ်မျိုးရှိသည်။ အာပေါနှင့် တေဇော ဆန့်ကျင်ဘက်နှစ်မျိုး ကြောင့် စွမ်းရည်အားကို ပိုမိုထက် မြက်စေသည်။

များသောအားဖြင့် ဤတင်း တိပ်သည် အမျိုးသမီးများ မီးယပ် သွေးနှင့် စပ်၍ သွေးဆုံးခါနီး အရွယ်တွင် သွေးကျန်ခြင်းဆိုသည့် အပြစ်ကြောင့်ဖြစ်သည်။

မိန်းမသား၊ ယောကျ်ားသား များသည် နေပူခံ၍ အလုပ်လုပ် ခြင်း၊ ဆီးဝမ်းမမှန်ခြင်း၊ ချွေး ခြောက်ခန်းခြင်းတို့ကြောင့် အပူ များချုပ်၍ အငုပ်အဖြစ်ရောက်ကာ သွေးပုပ်၊ ဆီးပုပ် အဖြစ်သို့ ပြောင်း လဲလာပြီး ထိုအငုပ်အပုပ်မှ အခိုးများ အပေါ်သို့တက်၍ မျက်နှာတွင် အညစ်အကြေးများ တင်လာရခြင်း ဖြစ်သည်။

ထိုဖြစ်ရပ် လက္ခဏာကိုကြည့် ကာ ကျားမ နှစ်ဦးစလုံး လက်တွေ့ ကုထုံးအနေဖြင့် ချွေးထွက်စေသော အစာအာဟာရများကို များများစား ၍ ချွေးအောင်းပေးရမည်။ ဆီးဝမ်း လေများ သက်စေသော ဝမ်းနှုတ် ဆေးကို စားပေးပါ။ အမျိုးသမီး များအနေနှင့် အပူပွင့်စေမည့် မီး ယပ်ဆေးများ သောက်ပေးရမည်။

ဤသို့ သောက်ဆေး၊ လိမ်း ဆေးများကို စနစ်တကျ အသုံးပြု သွားလျှင် မျက်နှာတွင် စွန်းထင်း နေသော တင်းတိပ်ကို လုံးဝပျောက် ကင်းသွားစေမည်ဖြစ်သောကြောင့် ယုံကြည်စွာဖြင့် အချိန်ယူဆောင် ရွက်ပေးရန်လိုကြောင်း တိုက်တွန်း ရေးသားရပေသည်။

ရွှေနန်းစံ

Health Care